Skip to main content

July 19 Heroes


-       နေမ၀င်သူရဲကောင်းများ  -

 


(၁၉၄၇)-ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် ... 
မြန်မာနိုင်ငံရဲ့သမိုင်းမှာ နှမြောတသရင်ထုမနာအဖြစ်ရဆုံး၊ ၀မ်းနည်းစရာအကောင်းဆုံး လူကောင်း၊လူတော်၊ လူမှန်တွေ ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဖွယ်အတိတ်ရက်စွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
ဦးရာဇတ် (၁၈၉၈ - ၁၉၄၇)
သခင်မြ (၁၈၉၇ - ၁၉၄၇)
ဒီးဒုတ်ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
မိုင်းပွန်းစော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇ - ၁၉၄၇)
ဦးဘ၀င်း (၁၉၀၁ - ၁၉၄၇)
မန်းဘခိုင် (၁၉၀၃ -- ၁၉၄၇)
ရဲဘော်ကိုထွေး (၁၉၂၉ - ၁၉၄၇)


[၁]
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ တီဗွီက အမှတ်တရပြန်လွှင့်တာ နားထောင်ခဲ့ရတယ်။ ဗိုလ်ချုပ်အသံက မာထန်တယ်။ပြတ်သားတယ်။ စစ်သူကြီးတစ်ယောက်ရဲ့ မာန်အပြည့်။ ဒါပေမယ့် အဲဒီ့အသံမှာ ပျော်ဝင်နေတဲ့စေတနာတရားအကြောင်း အမြော်အမြင်ရှိတဲ့ပြည်သူတိုင်း နားလည်တယ်။ ဗိုလ်ချုပ်လောက် ကိုယ့်နိုင်ငံအကြောင်း၊ ကိုယ့်နိုင်ငံသားတွေအကြောင်းသိတဲ့သူ မရှိပါဘူး။ လွတ်လပ်ရေးရပြီးရင် ပြင်ရမယ့်စိတ်ဓာတ်တွေအကြောင်း မညှာမတာ ခပ်ကြမ်းကြမ်း တဲ့တိုးပြောသွားတယ်။ အဲဒီစကားကြမ်းမှာကို နားဝင်ချိုစရာ စေတနာတွေပါနေတယ်။ လွတ်လပ်ရေးရပြီး ဗိုလ်ချုပ်သာရှိနေသေးရင် နိုင်ငံကိုဘယ်လိုပျိုးထောင်မယ်၊ ဘယ်လိုစည်းစနစ်နဲ့အနာဂတ်မြန်မာနိုင်ငံကို ပုံဖေါ်မယ်ဆိုတာ စိတ်ကူးယဉ်ကြည့်ချင်မိတယ်။

[၂]
"ခေတ်စနစ်ဝါဒ"ဆိုတာ "အင်အားကြီးနိုင်ငံတွေရဲ့ သူနိုင်ကိုယ်နိုင်မြှူဆွယ် အားပြိုင်မှုသက်သက်"ပဲ ။ တကယ်တမ်း အရေးကြီးတာက နိုင်ငံကိုအသက်သွင်းမယ့် ဦးဆောင်မယ့်လူရဲ့ မှန်ကန်တဲ့ခံယူချက်ပါပဲ။ရှ့ဆောင်လမ်းပြခေါင်းဆောင်က နိုင်ငံကိုချစ်ရမယ်။ ရာထူးအာဏာထက် ပြည်သူကိုချစ်ရမယ် ။ ပြည်သူအကျိုးလိုလားရမယ်။ အမြော်အမြင်ရှိရမယ်။ အတ္တထက် ပရကို ဦးစားပေးတတ်တဲ့ စိတ်ထားရှိရမယ်။
ပြည်သူကို ပြည်သူ့အကျိုးအတွက် စေတနာကောင်းနဲ့ဦးဆောင်နိုင်စွမ်းရှိရမယ်။ အဲဒါမှ ဗိုလ်ချုပ်အောင်ဆန်းလိုပြည်သူက လေးစား၊ ပြည်သူကပြန်ချစ်၊ ပြည်သူကကိုးကွယ်ကြည်ညိုရတဲ့ သူရဲကောင်းဖြစ်လာမယ်။ 

[၃]
နောက်ဆုံး ... အချိန်မှန်- နေရာမှန်- လိုအပ်ချက်အမှန်မှာမှ "လူမှန်"ဆိုတာ ပေါ်ထွက်လာတတ်တာမျိုး ။ အာရှသူရဲကောင်းဗိုလ်ချုပ်ရဲ့ကိုယ်တိုင်ရေးသမိုင်းဟာ ဒါကိုလမ်းညွန်ပြသနေပါတယ်။ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ဖခင်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်မှုရဲ့ ဥသျှောင်ကြီး၊ ပြည်သူလူထုရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မရှိတော့တဲ့ ဒီ(၆၉)နှစ်အတွင်းမှာ လူရည်လူသွေးညံ့တဲ့၊ စိတ်ဓါတ်ခြစားအကျင့်ပျက်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လမ်းပေါ်ကစည်းမဲ့ကမ်းမဲ့၊ စည်းပျက်ကမ်းပျက်လူတွေနဲ့ ဖရိုဖရဲပုံစံတွေကိုမြင်ခဲ့ရင် ဗိုလ်ချုပ် အသေဖြောင့်ပါ့မလား။

[၄]
"လွတ်လပ်ခြင်း"ရဲ့အဓိပ္ပါယ်က "စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်ခြင်း"မဟုတ်ဘူး။
"အမျိုးချစ်ခြင်း"အဓိပ္ပါယ်က "အစွဲကြီးခြင်း"မဟုတ်ဘူး။
"သူရဲကောင်း"အဓိပ္ပါယ်က "မိုက်ရူးရဲ"မဟုတ်ဘူး။
"သူရဲကောင်း"အဓိပ္ပါယ်ဟာ "သတ္တိကို မှန်ကန်စွာအသုံးချတတ်ခြင်း" ။
နိုင်ငံရဲ့အရေးကြီးတဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာ ဗိုလ်ချုပ်ကို တမ်းတလွမ်းဆွေးမိပါရဲ့။
ရာဇဝင်ထဲကဗိုလ်ချုပ်ဟာ လူပြောသူပြောများအောင် တမင်ကောင်းပြခဲ့တာမဟုတ်ဘူး။
"စစ်မှန်တဲ့ယုံကြည်မျှော်လင့်ချက်"တစ်ခုအတွက် အရာအားလုံးစတေး၊ ကိုယ့်လမ်းကိုယ်ဖေါက်ပြီး သတ္တှိရှိရှိ စွန့်လွှတ်စွန့်စားတဲ့လမ်းပေါ် ကိုယ်ပိုင်အသိနဲ့ ဘာကိုမှမမှုဘဲ ခေါင်းမော့ရင်ကော့လျှောက်ခဲ့ရုံပါ ။

"သူရဲကောင်းစိတ်ဓါတ်အစစ်အမှန်ဟာ ကမ္ဘာမှာ ဘယ်တော့မှ နေမဝင်ဘူး ။"
--------------------------------

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ

ဦးညွတ်ဂါဝရပြုအပ်ပါ၏ ။



"လေပြည်ချမ်းချမ်း" 
July 18th 2016 Monday 3:45 PM.

 







Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´