Skip to main content

ရနံ့ကုထုံး




`ရနံ့ကုထုံး´


နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။

`အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။
ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´

ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။

သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်​ကြည့်​မ​နေခဲ့ပါ။ ပစ္စုပ္ပန်​မှာ ခဏ​နေ သူမဆီ​ရောက်​ရှိလာမည့်​နာရီ​တွေကို ပျော်​ရွှင်​မှုဖြင့်​ရောနယ်​လိမ်းကျံမည့်​စိတ်​ကူးနှင့်​ ကျွန်​မ ​လေတချွန်​ချွန်​​စောင့်​ဆိုင်း​နေပါသည်​။

`ဟိုတစ်​​နေ့ကနဲ့ မ​နေ့ကနဲ့မတူဘူး ။ မ​နေ့ကနဲ့ ဒီ​နေ့က​တော့ သိပ်​ကွာခြားမယ်​ မထင်​ဘူး။´
ဒီလိုနှင့်​မနက်​ဖြန်​​တွေကို ကျွန်​မတို့ ​စောင့်​ကြိုဖြတ်​​ကျော်​ခဲ့ကြသည်​။

ကျွန်​မတို့ဖြတ်​​ကျော်​စီးနင်းသွားသည့်​​နေ့ရက်​များစွာသည်​ ​ကျောရိုးတည်​​ဆောက်​ပုံချင်း ဆင်​တူသည့်​အချိန်​များဖြစ်​၍ ထူးထူးခြားခြား​ပြောင်းလဲသွားသည့်​​ထောင့်​ချိုးများ၌လည်း ရှု​မျှော်​ခင်းအသစ်​သည်​ ​ပြောင်းလဲသွားသည့်​ရုပ်​ပုံကားချပ်​အသစ်​အတိုင်း  ​နောက်​ထပ်​​ကျောရိုးဆင်​တူ​သော ရှု​မျှော်​ခင်းများသာဖြစ်​သည်​။

အသက်​ရှုရတာ ဘာခက်​ခဲစရာလိုလဲ။ ​ပျော်​ရွှင်​မှု ​ရေ​မွှေးတစ်​စက်​​တော့ ဆွတ်​ထားပြီးသား ဖြစ်​ရမည်​။ ​နေ့ရက်​တိုင်း စတိတ်​စင်​​ပေါ် ​ဖျော်​​ဖြေမည့်​သူတစ်​​ယောက်​လို အထူးရှုပ်​ရှပ်​ခတ်​ပြင်​ဆင်​စရာမလို။ ​စိတ်​လက်​ကြည်​စင်​​ပျော်​ရွှင်​​စေမည့်​ ​ရေ​မွှေးဆွတ်​ထားသည့်​ ပတ်​ဝန်းကျင်​တစ်​ခုသာ လိုအပ်​သည်​။ သို့မဟုတ်​လျှင်​လည်း သင်​ကိုယ်​တိုင်​ အနီးပတ်​ဝန်းကျင်​အတွက်​ ​ရေ​မွှေးပုလင်း​လေးတစ်​ပုလင်း ဖြစ်​ရမည်​။ ​တစ်​ခါတစ်​ခါ​တော့ သဘာဝတရားကြီးက စိတ်​ညစ်​ညူးစရာ​တွေ​ပေးပြီး ချစ်​စရာမ​ကောင်း​တော့​သောအခါ ကျွန်​မတို့ကိုယ်​တိုင်​ ​ရေ​မွှေးထုတ်​လုပ်​နိုင်​စွမ်းရှိရမည်​။ လူအမျိုးမျိုး ရနံ့အ​ထွေ​ထွေ​ပေါ့​။ 

စိတ်​ညစ်​ညူးသူကို ​ပျော်​ရွှင်​​စေမည့်​၊ စိတ်​ရှုပ်​သူကို ပြုံးရယ်​​စေမည့်​၊ စိတ်​ပင်​ပန်းသူကို ​အေးမြလန်းဆန်း​စေမည့်​၊ စိတ်​ဓာတ်​ကျသူကို စိ​တ်​​ပြောင်းလဲမြူးထူး​စေမည့်​ လူတိုင်း၏ ရနံ့ကို ကျွန်​မနှစ်​ခြိုက်​ပါသည်​။
ထိုရနံ့များကို ပိုက်​ဆံ​ပေးဝယ်​လို့မရတတ်​​ချေ။ ​မေတ္တာဖြင့်​ အ​ပေးအယူ အတုံ့အလှယ်​ပြု၊ ကိုယ်​ချင်းစာစိတ်​ဖြင့်​ ရင်းနှီးရင်းေ​ရမွှေး​တွေ လဲလှယ်​ဆွတ်​ကြရမှာ။

အဲဒီမှာ အချိန်​အတိုင်းအတာတစ်​ခုသာခံမည့်​ ​မွှေးရနံ့​တွေ၊ စိတ်​​ကိုလုံးဝမွှေးမြရှင်းသန့်​​စေခြင်းမရှိဘဲ ​ရေ​မွှေးဟု တံဆိပ်​အတုတပ်​ထား​သော ပုလင်း​တွေ၊ နာမည်​ကြီးသည်​/မကြီးသည်​အပထား တစ်​သက်​လုံးကြာရှည်​​မွှေးပျံ့​စေမည့်​ ကိုယ့်​အတွက်​ ထာဝရ​မွှေးပျံ့​သော​ရေ​မွှေးပုလင်း​လေး​တွေ။ အားလုံးကို ကျွန်​မ၏စိတ်​ရေ​မွှေးစင်​မှာ ဘဝက တကူးတကမဟုတ်​​ပေမယ့်​ ခင်းကျင်းထားပါသည်​။

ရေ​မွှေးအားလုံး ကမ္ဘာကုန်​ကျယ်​သ​ရွေ့ မ​မွှေးပျံ့နိုင်​ပါ။ သက်​တမ်းကုန်​ဆုံးရမည်​ပဲ။ သို့​သော်​လည်း ကျွန်​မတို့ခေတ်​၊ ကျွန်​မတို့၏သက်​တမ်းမကုန်​လွင့်​သ​ရွေ့ ကျွန်​မပတ်​ဝန်းကျင်​မှာ ​မွှေးပျံ့​နေမည့်​​ရေ​မွှေးများကို​တော့ စိတ်​ရင်းဖြင့်​ တန်​ဖိုးထားမိ​လေသည်​။

ဒါဖြင့်​ ကျွန်​မကရော ဘယ်​သူ​တွေအတွက်​ Long Lasting ​ရေ​မွှေးဖြစ်​နိုင်​မလဲ။ ကျွန်​မ​ ထိတ်​လန့်​မိပါသည်​။ ကျွန်​မက လူတိုင်းအ​ပေါ် အ​ရေးတယူ ဂရုစိုက်​တတ်​သူမဟုတ်​။ အချိန်​များစွာ ဘာသိဘာသာ​ တစ်​​ယောက်​တည်း တိတ်​ဆိတ်​စွာနေတတ်​သူ။ သို့​သော်​ ဘဝတစ်​​လျှောက်​မှာ သူများကို ဘယ်​တုန်းကမှ ​နောက်​​ကျောဓားမထိုးဘူးသူ၊ မလုပ်​ကြံဖူးသူတစ်​​ယောက်​ပါ။ ကျွန်​မကို ​နှောင့်​ယှက်​ရန်​လိုလာလျှင်​​တောင်​ ​ဒေါသကိုတုံ့ဆွဲ​စေဖို့ အရင်​စဉ်းစား​စေသည့်​ မိဘပတ်​ဝန်းကျင်​​ကောင်းထဲမှာ ကျွန်​မရှိ​နေခဲ့သည်​။ သို့​သော်​ ကျွန်​မ​ဒေါသဖြစ်​တတ်​သည်​။ လက်​တုံ့ပြန်​တတ်​သည်​။ စိတ်​အစွဲအမှတ်​ကြီးတတ်​သည်​မှာ ကျွန်​မ၏ သ​င်္ကေတ။ သို့​သော်​ အပြုံးဖြင့်​လက်​ဆွဲနှုတ်​ဆက်​လာ​သောရန်​သူကို အယုံလွယ်​တတ်​သည်​မှာလည်း အားနာတတ်​သည့်​၊ စိတ်​​ပျော့ညံ့သည့်​ ကျွန်​မသာဖြစ်​သည်​။ ထို့​ကြောင့်​ ​ကိုယ်​လိုက်​မမီ​သော လှည့်​ကွက်​မှာ နောက်​​ကျောဓားထိုးခံရ​ပေါင်းလည်းများပြီ။ အမာရွတ်​​တွေ​ရေတွက်​ရင်း ကျွန်​မပြုံးမိသည်​။ အဲဒီအမာရွတ်​တစ်​ခုသည်​ ကျွန်​မအတွက်​ သင်​ခန်းစာတစ်​ခုဖြစ်​သည်​။ အချိန်​​တွေကြာလို့ ကျွန်​မ၏မှတ်​ဥာဏ်​မျက်​နှာပြင်​မှာ ​သေးငယ်​မှုန်​ဝါး​ပျောက်​ချင်​​ပျောက်​ကွယ်​သွားမည်​။ ဒဏ်​ရာအ​ပေါ်နာကျင်​သည့်​အ​တွေးတို့ တခါတရံအ​ကြောင်းတိုက်​ဆိုင်​၍ သတိရမိသည့်​အခါ ထိုသူ​တွေအ​ပေါ် ကျွန်​မဘယ်​လိုလုပ်​ ​ရေ​မွှေးပုလင်း​လေးဖြစ်​​ပေးရမလဲ။ ကျွန်​မ၏ အ​ကောင်းမြတ်​ဆုံး​သော ​မွှေးရနံ့​တွေ ဘယ်​လို ဖြန့်​​ဝေ​ပေးရမလဲ။

အေးတိ​အေးစက်​နိုင်​​သော၊ မ​ဖော်​​ရွေတတ်​​သော ၊ ကိုယ့်​အ​ပေါ်ဂရုစိုက်​​သော ပုဂ္ဂိုလ်​​တွေကို စိတ်​ထဲကမှတ်​မှတ်​သားသား ကျွမ်းဝင်​မြတ်​နိုးခင်​မင်​တတ်​​သော်​လည်း ထုတ်​​ဖော်​မပြတတ်​​သောကျွန်​မအ​ပေါ် စိတ်​ရှည်​သည်းခံစွာနှင့်​ ကျွန်​မ​ဘေးမှာ အခင်​မင်​မပျက်​ ရယ်​ရယ်​​မော​​မောရှိ​နေ​ပေး​သော ​​ပုဂ္ဂိုလ်​​တွေကို အံ့သြခြင်းတစ်​ဝက်​နှင့်​အတူ ​ကျေးဇူးတင်​မိပါသည်​။

ကျွန်​မ၏အားသာချက်​က လူတစ်​​ယောက်​ကို ခင်​ပြီ​ဟေ့ဆိုလျှင်​ စိတ်​ရင်းဖြင့်​ ခင်​မင်​တတ်​ခြင်းဖြစ်​သည်​။ ​တော်​ရုံတန်​ရုံမ​ကောင်းမမြင်​တတ်​​ချေ။ အပြစ်​​တွေကို ချစ်​ခင်​​သောမျက်​လုံးနှင့်​ကြည့်​လိုက်​​တော့ ​သေးငယ်​မှုန်​ဝါးသွားသည်​။ မခင်​သည်​ကိုလည်း ဟန်​​ဆောင်​ပန်​​ဆောင်​ ခင်​ချင်​​ယောင်​မ​ဆောင်​တတ်​​တော့ သူငယ်​ချင်းဟူ​သော​ခေါင်းစဉ်​​အောက်​မှာ ရန်​ဖြစ်​ခြင်း၊​စောင်း​မြောင်းခံရခြင်းဆို​သော စိတ်​ဆင်းရဲဖွယ်​ဒုက္ခ​တွေကို မကြုံ​တွေ့ရပါ။ ​ချုံခိုတိုက်​ခိုက်​ခြင်း၊ ​ကောက်​ကျစ်​ပြိုင်​ဆိုင်​ခြင်း၊​ဂျောက်​ချခံရခြင်း ဆိုသည်​မှာ လူ​တော်​​တွေ ကြုံရမြဲပြဿနာမဟုတ်​လား။ ဒါမျိုးကြုံနေရပြီဆိုလျှင် သင် အားငယ်စရာမလိုပါ။ သင်လူတော်ဟုသာ မှတ်ပါလေ။ ( စိတ်​သက်​သာဖွယ်​ စကားချပ်​)

ကူညီအား​ပေးခြင်း၊ စာနာနှစ်​သိမ့်​ခြင်း၊ ကိုယ့်​ဘက်​ရပ်​တည်​ခြင်းဆိုတာ ကိုယ့်​အ​ပေါ်တကယ်​နားလည်​မှုနှင့်​ အ​တွေးချင်းနီးကပ်​သူများသာ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ​ဝေမျှနိုင်​​သောအရာ​တွေပါ။ တစ်​​ယောက်​ရနံ့ဖြင့်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ ​မွှေးမြကြည်​လင်​လတ်​ဆတ်​​စေ​သော ​ရေ​မွှေးပုလင်း​လေး​တွေ​ပေါ့​။ တကယ်​​တော့ ကမ္ဘာ​လောကကြီးကိုက သဘာဝတရားကြီးကို ပန်းပွင့်​က​လေးများ၏​မွှေးရနံ့များ၊ သစ်​​တောစမ်း​ချောင်းငှက်မြည်သံကလေးများနှင့်​အလှဆင်ပြီးသား။ ဒုက္ခတွေ၊ အလိုမကျမှုတွေထဲ ကျွန်မတို့အာရုံတွေ ကျဆုံးနေသည့်အချိန်တိုင်း သဘာဝတရားကြီးကစီးဝင်​လာနေ​သော မွှေးရနံ့​တွေကို အလိုလိုပြတင်း​ပေါက်​ပိတ်​မိရက်​သား​လေ။

တကယ်​​တော့ ကျွန်​မ အရိုးသားဆုံးဝန်​ခံရလျှင်​ ​ရေ​မွှေး​တွေကို မုန်းသူ ဖြစ်​သည်​။ အ​မွှေးရနံ့​တွေကို မုန်း၍မဟုတ်​ပါ။ အချိန်​အတိုင်းအတာတစ်​ခု​နောက်​ပိုင်း ​လေထဲမှာ လုံးဝ​ပျောက်​ဆုံးလွင့်​ကွယ်​သွားမည့်​ ခံစားမှုကို မုန်းတီးခြင်းဖြစ်​သည်​။ သို့​ပေမယ့်​ အဲဒီပြဿနာကို ​ဖြေရှင်းဖို့က လွယ်​လွယ်​​လေး။ ​ပုံစံတူ တံဆိပ်​တူ ​မွှေးရနံ့တူ ရေ​မွှေးအသစ်​တစ်​ပုလင်းထပ်​ဝယ်​ရုံ​ပေါ့။ ​ပေါင်းသင်းဆက်​ဆံ​ရေးမှာ​တော့ ကို​ယ်​နှစ်​သက်​​သော​ရေ​မွှေးပုလင်း ကုန်​သွားလျှင်​ သို့မဟုတ်​ မ​မျှော်​လင့်​ဘဲ ရနံ့ပြယ်​သွားလျှင်​ ​နောက်​ထပ်​ဆင်​တူေ​ရ​မွှေးတစ်​လုံး ချက်​ချင်းရဖို့ လွယ်​ကူ​လေမည်​လား။


`တစ်​ဖက်​က​တွေးကြည့်​လျှင်​​ ပြောင်းလဲခြင်းသာ တည်​မြဲ​သော ​လောကကြီးမှာ ​ရေ​မွှေးအသစ်​ စမ်းဆွတ်​ကြည့်​ဖို့လည်း ကျွန်​မတို့ ဝန်​မ​လေးသင့်​ဘူးထင်​တယ်​။´
ခံစားမှုအသစ်​​တွေ၊ အ​တွေ့အကြုံသစ်​​တွေကို လိုက်​​လျောညီ​ထွေဆက်​ဆံနိုင်​ဖို့ ကျွန်​မတို့ ရင့်​ကျက်​လာရမည်​။

သေချာတာက​တော့ ကမ္ဘာ​ကျော်​လူကြိုက်​များ​သော​ရေ​မွှေးမှန်​သမျှ ​ဈေးကြီးခြင်းဖြစ်​သည်​။ ​ဟောလီဝုဒ်​မှာ Cele ​တွေ မင်းသားမင်းသမီး​တွေ ​နောက်​ဆုံးအားကစားသမား​တွေပါမကျန်​ ကိုယ့်​နာမည်​အမှတ်​တံဆိပ်​နဲ့ကိုယ်​ ​ရေ​မွှေး​တွေထုတ်​ကြသည်​။ ပရိသတ်​​တွေကအား​ပေးခြင်းမှာ ကိုယ့်​စိတ်​ကို​ပျော်​ရွှင်​​နွေး​ထွေး​စေ​သော သို့မဟုတ်​ စိတ်​​ကျေနပ်​မှုတစုံတရာရရှိ​စေ​သော သူတို့နှင့်​ပတ်​သက်​​သည့်​ခံစားမှုကို ဝယ်​ယူဆွတ်​ဖြန်းကြခြင်းဖြစ်​သည်​။

သင်​​ရော သင့်​ကိုယ်​ပိုင်​​မွှေးရနံ့ကို ​ဈေးကွက်​တင်​ဖို့ စိတ်​ကူးရှိပါသလား။ ဒီ​နေ့ သင့်​ကိုယ်​သင်​ တန်​ဖိုးရှိ​အောင်​ ကြိုးစားပါ။
ကောင်းမြတ်​နှစ်​လိုဖွယ်​​အေးမြလတ်​ဆတ်​​သော သင့်​​မွှေးရနံ့​တွေက တစ်​ဦးတစ်​​ယောက်​အတွက်​ ​အားအင်​ဖြစ်​​စေမည်​၊ မျက်​ရည်​စီးကျ​နေ​သော ညှိုးငယ်​​ဖျော့​တော့သည့်​ မျက်​ဝန်းတစ်​စုံအတွက်​ အပြုံး​လေး​တွေ ​ပြောင်းလဲလင်းလက်​သွားမည်​ဆိုလျှင်​ ကမ္ဘာ​မြေက သင့်​ကို​ကျောပိုးသွားရခြင်းအ​ပေါ် ဂုဏ်​ယူ​နေလိမ့်​မည်​။

ကျွန်​မက​တော့ ကျွန်​မရှင်​သန်​​နေထိုင်​​နေသည့်​ ကျွန်​မ​ခေတ်​၊ ကျွန်​မသက်​တမ်းအတွင်းမှာ ကမ္ဘာ​မြေအတွက်​ ​မွှေးရနံ့မပြယ်​​သော ​ရေ​မွှေးပုလင်း​လေးတစ်​လုံးသာ ဖြစ်​ချင်​​နေမိပါသည်​။   ။

#​လေပြည်​ချမ်းချမ်း
13:57 PM 2015 Sept 8thWed.

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”