"ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့တိမ်"
[1]
နေတစ်စင်း၏အေးချမ်းသောအပြုံးကို မြင်ဖူးပါသလား။
နေတစ်စင်း၏အေးချမ်းသောအပြုံးကို မြင်ဖူးပါသလား။
စကားစမြည်ပြောလာသည့် အုပ်စုလိုက်အိမ်ပြန်ချိန်စက်ဘီးများ။
ကောင်းကင်ပေါ်က အိပ်တန်းပြန်ငှက်ငယ်များ။
ကျောပိုးအိတ်ကိုယ်စီနှင့် အဖြူအစိမ်းဝတ်စုံများ ...။
“ညနေရီ”ဆိုတာ အပြုံးလဲ့လဲ့လေးလင်းနေတတ်သည့် တံခါးတစ်ချပ်။
အဲသည်နှုတ်ခမ်းနှစ်ချပ်က ဆွေးရီစွာ ပြုံးတတ်လွန်းသည်။ နှုတ်ဆက်စကားများကို မဆိုသေးမီ။
[2]
တစ် .. နှစ် .. သုံး .. လေး .. ငါး … ။
လွန်ခဲ့သောလက်ငါးချောင်းစာနှစ်များအဝေးကတည်းက ညနေခင်းဟာ သည်အတိုင်းပဲ။ သတိရခြင်းတွေ ခပ်ဖွဖွရေးခြယ်ထားသောဆည်းဆာသည် ညနေခင်း၏ ညှို့ငင်ဆွဲဆောင်မှုဖြစ်ခဲ့၏။ ညနေခင်းတစ်ခုမှာ နွေးလျသောအပြုံးများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ပထမဆုံးအကြိမ် နစ်ဝင်မတတ် စိုက်ကြည့်ခဲ့ဖူးသည်။ ထို့နောက် လက်အိတ်ကိုယ်စီစွပ်ထားသည့် လက်တွေဖြင့် ဆောင်းဆည်းဆာကိုနောက်ခံထား ရယ်မောကာ အတူလက်တွဲလမ်းလျှောက်ခဲ့ဖူးသည်။ မိုးစက်မှုန်တွေနှင့်နေခြည်ရောစပ်ထားသော မိုးညနေခင်းမှာတော့ သက်တန့်ကြီးကို နှစ်ယောက်သား ထိုင်ငေးခဲ့ဖူးသည်။ ကိုယ်နဲ့မင်းရဲ့ သက်တန့်ကြီးပေါ့။ မိုးကုပ်စက်ဝိုင်း အစွန်းနှစ်ဖက်ကို သည်သက်တန့်ကြီးက ချိတ်ဆက်ပေးထားသည်ဟု ကိုယ်
လှိုက်လှဲစွာ ယုံကြည်ခဲ့ဖူးသည်။
ဘဝမှာ ရှားပါးစွာ မြင်ခဲ့ရဖူးသည့်
သက်တန့်တိုင်းက
ညနေခင်းတိုင်းမှာသာ
ဖြစ်လေတော့
... ကိုယ်သည်
ညနေခင်းတွေကို
ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ခဲ့သည်။
အိပ်မက်မျှားသည့်ကိရိယာမလိုဘဲ
ညနေခင်းမှာပင်
အိပ်မက်ကောင်းကောင်းလေးများကို
စိတ်ကူးထဲမှာ မင်းက
မက်လေ့ရှိသည်။
ည မရောက်မီ
အိပ်မက်မက်ဖို့ပြင်ဆင်လေ့ရှိသောမင်းကို
ညမှာတောင်အိပ်မက်မက်လေ့မရှိသောကိုယ်က
လှောင်ရယ်ခဲ့ပြီးသည့်နောက်ပိုင်း
အဲသည်အိပ်မက်တွေအကြောင်းကို
မင်းဘယ်တော့မှ ကိုယ့်ကို အသိမပေးတတ်ခဲ့။
မင်းကြိုက်သော နှုတ်ခမ်းဆိုးဆေးရဲရဲများ၊
လိုင်နာခပ်ထူထူများ
နှင့် ခေတ်ရှေ့ပြေးသည့်
အဝတ်အစားဆန်းများအကြောင်း
ကိုယ်မသိခဲ့ပါ။
ကိုယ်သိခဲ့သည်က
မင်း၏ အမြဲလှိုက်လှဲကွေးညွတ်သော အပြုံးလန်းလန်းဆန်းဆန်းများ၊
ကာတွန်းရုပ်ကလေးလို
ချစ်စဖွယ်
နှုတ်ခမ်းကလေး၏
စကားပြောသံများ၊ ရည်မွန်နှစ်လိုဖွယ်ကောင်းသည့်ကိုယ်ဟန်နှင့်
သန့်ပြန့်ခန့်ညားသေသပ်စွာ
ဝတ်စားဆင်ယင်တတ်မှုများ
၊ ရှည်လျားမြင့်မားသောအရပ်ကြီးနှင့်
ကိုယ့်ကို ကလေးတစ်ယောက်လို အုပ်မိုးကြည့်တတ်သည့်
လူငယ်လေးတစ်ယောက်၏ အကြင်နာမျက်ဝန်းများ...
။
ကိုယ်
ရင်သိမ့်ခုန်နွေးစွာ နောက်တစ်နေ့လုံးပြုံးနေအောင်
တစ်ညက ဖုန်းထဲကမင်းဆိုပြသည့်
သီချင်းက James Blunt ၏ You're Beautiful
။ ကိုယ့်အတွက် James Blunt ၏ အသံထက်
မင်း၏အသံက လူကြီးလူကောင်းပိုဆန်ကာ
သြရှချိုကြည်စွာပို၍နားထောင်ကောင်းခဲ့သည်။
ညစဉ်ညတိုင်း
ပေါ့ပ်သီချင်းချိုချိုလေးတွေကို
ဂွတ်နိုက်ဆောင်းဟု ကိုယ့်အတွက်သီးသန့်ဆိုပြတတ်သော မင်းကို ကိုယ်တစထက်တစ
ငြိတွယ်မက်မောလာခဲ့သည်။
အလုပ်အားရက်
စနေ တနင်္ဂနွေတစ်နေ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဆိုင်မှာ
အမြဲတွေ့ဖြစ်တိုင်း
သီချင်းအယ်လ်ဘမ်အသစ်တွေအကြောင်း၊
ဘေလ်ဘုတ်သီချင်းတွေအကြောင်း
ခရားရေလွှတ်
တတွတ်တွတ်ပြောတတ်သော မင်းဆီက
ကိုယ်စိတ်ပါလက်ပါ
နားထောင်တတ်ခဲ့သည်။
အိမ်အပြန်လမ်းမှာ
ကိုယ့်လက်တွေကို မလွှတ်တမ်းဆုပ်ကိုင်ထားတတ်သော လက်တွေ၏ ခပ်ဖွဖွနူးညံ့သောအထိအတွေ့က
ကိုယ့်ကို လုံခြုံစေသည်။
ပျော်ရွှင်စေသည်။
ကမ္ဘာမြေပေါ်မှာ ‘ကံအကောင်းဆုံးလူသားတစ်ယောက်’ဟု ဘဝင်မြင့်စေသည်။
ခေါင်းမတ်မတ်ထားလမ်းလျှောက်တတ်သည့်မင်း၏
တောက်ပနက်မှောင်သော မျက်ဝန်းချိုရီရီကို
ခိုးခိုးကြည့်တတ်သော ကိုယ့်ကို မင်း
မသိချင်ယောင်ဆောင်ထားရာမှ အလစ်အငိုက်ဖမ်းလျှင်တော့ ကိုယ့်မျက်နှာရဲသွားတတ်သည်။
အဲသည်တော့ ကိုယ်က
ခေါင်းကိုဇွတ်ငုံ့ပစ်သည်။
တွင်တွင်ငုံ့ထားသောမျက်နှာကို
ဘယ်လိုမှ မော့ခိုင်းလို့မရသည့်အခါ
မင်းက ခေါင်းမော့ရယ်မောရင်း ကိုယ့်ခေါင်းကို
မင်းရင်ခွင်ထဲ
ဆွဲသွင်းတတ်သည်။
ကိုယ့်ဆံနွယ်များကြားထဲ
မင်း၏ ဝင်သက်
ထွက်သက်တွေ
အတန်ကြာ အုပ်မိုးနေခဲ့ဖူးသော
အခိုက်အတန့်လေးများစွာကို
ကိုယ် နင့်သီးစွာ
လွမ်းပါသည်။
တိမ်လေးတစ်စလို
မင်းရင်ခွင်ထဲခေါင်းဝှက်ကာ
လွင့်မျောခဲ့ဖူးသော
ညနေခင်းတိုင်းသည်
အလှပဆုံးစိတ်ကူးတိုင်းထက်
ပိုလှပ၍ အခမ်းနားဆုံးအိပ်မက်တိုင်းထက်လည်းပို၍
အိပ်မက်ဆန်သည်။
နေဝင်ချိန်
အိမ်ပြန်လမ်းထက်ကိုယ်တို့ခြေရာတွေကို
ကောင်းကင်မှာဖြတ်ပြေးသွားသည့်တိမ်တွေက ရေတွက်ဖူးကြပါလိမ့်မည်။
ကိုယ်ကတော့
ထာဝရဟု ယုံကြည်စွဲထင်ခဲ့သူမို့
ကိုယ်တို့ဆုံနေကျ
ညနေခင်း
ဘယ်နှခုရှိသလဲ ဘယ်တော့မှ မရေတွက်ခဲ့ဖူးပါ။
ရေတွက်မယ့်ရေတွက်ခဲ့တော့လည်း
ကျိုးပျက်ခဲ့သည့်အမှတ်တရတွေကို
ပြန်ကောက်ကြည့်ရသလိုမျိုး
နာကျင်ကြေကွဲဖွယ်အတိပါလားကွယ်။
ဒင်နာပွဲ၊
ပါတီပွဲ ၊ နှစ်ပတ်လည်ပွဲ
ကုမ္ပဏီတံဆိပ်ကပ်ပြီး
ကိုယ်တို့ဆုံနေကျညနေခင်းကလေးကို
မင်း အချိန်ဇယားမှ
ထုတ်ပယ်ခံလိုက်ရသည့်အခါတွေ
ခပ်စိပ်စိပ်များလာသည့်တိုင်
ကိုယ့်ဘက်ကတော့
မပျက်ကွက်ခဲ့ပါ။
ထိုင်နေကျကော်ဖီဆိုင်ကလေးက
ထိုင်နေကျနေရာမှာ
ကိုယ့်တစ်ယောက်တည်း။
အက်ပရက်စ်ဆိုခါးခါးသောက်ရင်း
တစ်ယောက်တည်းနာကျင်ပူလောင်ခါးသီးနေဆဲ။
ကိုယ့်နံဘေးမှာ ဘယ်သူမှ
မရှိပါ။ မင်းဘေးမှာတော့
Instagramထဲက ငါးခူပြုံးနှင့် နှုတ်ခမ်းဆိုးဆေးရဲရဲကောင်မလေးတစ်ယောက်များရှိနေမလား။ In a relationship
with ဟု ထိုကောင်မလေးနှင့်
မင်းရဲ့ Status ကို မမြင်ရသေးခင်ကပင်
ရှေ့သွားနောက်လိုက်
ညီသားပဲဟု နာကျင်အက်ကွဲစွာ
ကိုယ်ခန့်မှန်းကြည့်ခဲ့ဖူးပြီးသားပါ။
တကယ်တမ်းအဖြေထွက်လာတော့
ကိုယ် မအံ့သြတော့ပြီ။
ဖြေရှင်းချက်လည်း
မတောင်းခံခဲ့သည့်ကိုယ့်ကို
မင်းအံ့သြနေမည်ဆိုတာ
ကိုယ် သိပြီးသားပါကွယ်။
တကယ်ဆို ဘာဖြေရှင်းစရာလိုတော့လို့လဲ။
မလိုပါ သွားပါကွယ်။
ကိုယ့်ကို မနှစ်သက်တော့တဲ့လူတစ်ယောက်ကို
ဘာကြောင့်များ
ဆွဲထားစရာလိုမလဲ။ နှလုံးသားရဲ့ ဆုံးဖြတ်ချက်ဆိုတာ
ဘယ်တော့မှ အယူခံဝင်စရာ
မလိုတဲ့အရာ။ ကိုယ် ပြတ်သားခဲ့သည်။
ကိုယ့်အပြောကို
မင်း ပြန်ကြားတော့
မင်း ကိုယ့်ဆီဖုန်းဆက်ခဲ့သည်။
`ညီစေမင်း
ကိုပဲ ရွေးချယ်လိုက်ပါ
... ´အမိန့်သံဆန်တဲ့အပြောမှာ
ကိုယ် မင်းကို
မုန်းသွားခဲ့သည်။
[3]
ကိုယ်
အလွတ်ရမှတ်မိနေသော
နာမည်ဆန်းတစ်ခု၊
ပို့စ်စကတ်ဒ်လှလှလေးများ၊
နှင်းဆီပွင့်ကလေးများ
တစ်နေ့ပြီးတစ်နေ့အရောင်မထပ်ရအောင်
ခြံရှေ့က စာတိုက်ပုံးကလေးထဲ
ရောက်နေတတ်သော မနက်ခင်းများ။
Juno သို့ ... ညီစေမင်း
တဲ့။ ပို့စကတ်ဒ်အောက်ခြေမှာ အမြဲရေးထိုးထားလေ့ရှိသော
စာကြောင်းကိုမြင်လျှင်
ကိုယ် ပြုံးမိကာ အလိုမကျမိမြဲဖြစ်သည်။
နာမည်အစစ်လား
.. ကိုယ့်ကို နောက်တာလား။
ဘယ်နှယ့်တော်
ကိုယ် သိတောင်
မသိသည့် လူတစ်ယောက်နှင့်
ခံစားချက်ချင်းညီစေဖို့
ဆိုတာ အတော်ဂွကျတဲ့
ကိစ္စမဟုတ်လား။
လပေါင်းအတန်ကြာ
မပျက်မကွက်
ရောက်နေတတ်သော ပို့စကတ်ဒ်နှင့်
နှင်းဆီ၏ ပိုင်ရှင်ကို
တစ်နေ့မှာ ကိုယ်
သိခွင့်ရခဲ့သည်။
မျက်မှန်ခပ်ထူထူနှင့်
ရပ်ပ်ပါဒီဇိုင်းကောင်ကလေးတစ်ယောက် မနက်ခင်း
ငါးနာရီခွဲလောက်မှာ
စာတိုက်ပုံးနားသို့ တရွေ့ရွေ့ချဉ်းကပ်လာတာ
မြင်ရသည်။
အပေါ်ထပ်ဝရံတာကနေ
ကိုယ် လျင်လျင်မြန်မြန်ပြေးဆင်းကာ ခြံတံခါးကို ဖွင့်သည်။
`ဟိတ်
ဒီမှာ ဘာလာလုပ်တာလဲ။´
ထိုပုဂ္ဂိုလ်က
ရုတ်တရက်
ကြောင်အမ်းနေသည်။
`ဘယ်သူက
လာပို့ခိုင်းလိုက်တာလဲ
။´
ထိုပုဂ္ဂိုလ်က
နှုတ်ပိတ်တိတ်ဆိတ်စွာ ပြန်မဖြေဘဲ ကိုယ့်ကို အနေခက်စွာ စိုက်ကြည့်နေသည်။
`ဒါနဲ့ ပို့စကတ်ဒ်က
ဒိတ်အောက်နေပြီ။ ပန်းတွေက
တစ်နာရီ နှစ်နာရီလောက်
စာတိုက်ပုံးထဲ အလှောင်ခံထားရရင်
မလန်းတော့ဘူး။´
`ဟင်´
`ဟိုမှာ မတွေ့ဘူးလား။ ခြံထဲမှာ နှင်းဆီပန်းတွေပြည့်လို့။´
ကိုယ်
အိမ်ထဲပြန်ဝင်သွားချိန်မှာ
ထိုပုဂ္ဂိုလ် စာတိုက်ပုံးနားမှာ
ရပ်လျက်သာ
ကျန်ခဲ့သည်။
အံ့သြဖွယ်ကောင်းစွာ
နောက်နေ့ကစ စာတိုက်ပုံးထဲ
ဘာပန်း ဘာပို့စကတ်ဒ်မှ
ရောက်မလာတော့ပါ။
သို့သော်
ရံဖန်ရံခါ ညနေခင်းတွေမှာ
အိမ်ရှေ့လမ်းကလေးမှာ
၊ သို့မဟုတ် ကိုယ် အမြဲသောက်နေကျ ကော်ဖီဆိုင်မှာ၊
ဒါမှမဟုတ် သင်တန်းပတ်ဝန်းကျင်မှာ
ဖျပ်ခနဲ ဖျပ်ခနဲ
ငေးရီသော
မျက်ဝန်းများဖြင့်
ထိုပုဂ္ဂိလ်ကို အမြဲတွေ့ရတတ်မြဲ။
တစ်ညနေခင်းမှာတော့
...
ကော်ဖီဆိုင်ကလေးထဲ
ထုံးစံအတိုင်း တစ်ယောက်တည်းထိုင်ရင်း
ကက်ပချီနိုတစ်ခွက်၊
အာလူးအစပ်ကြော်တစ်ပွဲ
ဟမ်ဘာဂါတစ်ပွဲဖြင့်
ဖွင့်ထားသည့်
သီချင်းတွေ
အေးအေးဆေးဆေး
ထိုင်နားထောင်နေမိ၏။ ဟမ်ဘာဂါကို ပထမ၊ ပေးထားသည့်
ဓား၊ ခက်ရင်းနှင့်
စားမည်လုပ်ပြီးမှ
ပြန်ချထားလိုက်သည်။
ဗိုက်ကအတော်ဆာနေတာမို့
လက်နဲ့ပဲ ခပ်မြန်မြန်စားဖို့
ဆုံးဖြတ်လိုက်သည်။
သုံးလေးလက်မထုထည်ကို
လက်နှစ်ဖက်ဖြင့်
မကိုင်ကာ အားရပါးရပထမတစ်ကိုက်
ကိုက်မိချိန်မှာ
နောက်ဖက်ဝိုင်းမှ
လှောင်ရယ်သံတွေ
အကျယ်ကြီးထွက်လာသည်။
ပလုတ်ပလောင်းဖြင့်ပင်
စိတ်တိုစွာ နောက်ဖက်ကို
လှည့်ကြည့်မိတော့
လူငယ်ဝိုင်းတစ်ဝိုင်း။
ကိုယ့်ကို ဘယ်အချိန်ကတည်းက
စောင့်ကြည့်နေမှန်းမသိချေ။ ငလောင်တွေမျက်နှာကိုဒေါသဖြင့် လိုက်ကြည့်မိစဉ်မှာ
ကိုယ့်ကိုကြည့်ရင်း
အရယ်အမောမပျက်သော ညီစေမင်းဟူသည့်
ပုဂ္ဂိုလ်ကို တွေ့လိုက်ရသည်။
ကိုယ် မျက်စောင်းထိုးကာ ခြေဆောင့်ချပစ်ရင်း
ငလောင်ကောင်တွေကို စိန်ခေါ်ကြည့်ဖြင့်
ကြည့်မိသည်။
အလကား ကလေကချေ
အမှိုက်ထုပ်တွေ။
ကိုယ်
ကော်ဖီကို
မော့သောက်နေတုန်းမှာ ကိုယ့်ဝိုင်းသို့
ထိုပုဂ္ဂိုလ်ရောက်လာသည်။
မမျှော်လင့်သောကြောင့်
ကိုယ် ကော်ဖီတွေ
သီးကုန်သည်။
`ဟာ ... ဂျူနို
... ဂျူနို ...´
ထိုပုဂ္ဂိုလ်က
ရေတစ်ခွက်ငှဲ့ကာ
ကိုယ့်ကို ကမ်းပေးသည်။
ကိုယ် စိတ်တိုတိုရှက်ရှက်ဖြင့်
သူ့ရင်ဘတ်ဆီသို့
အဲသည်ရေတွေဖြင့်
ပက်ပစ်လိုက်သည်။
`အား´ဟု အကျယ်ကြီးအော်ကာ
သူ နောက်သို့
ခုန်ဆုတ်သွားသည်။
ကံဆိုးချင်တော့ သူ့ရင်ဘတ်မှာ
အတော်ရွှဲစိုသွားသော
ရေက ရေပူတွေဖြစ်နေသည်။ နာကျင်ထိတ်လန့်စွာ
ကိုယ့်ကိုလှမ်းကြည့်သော
မျက်ဝန်းတွေကို
ကိုယ်ထိတ်လန့်စွာ၊ ပြီးတော့ မုန်းတီးစွာ
စိုက်ကြည့်ရင်း
နေရာမှ ထလိုက်မိသည်။
`ညီစေမင်း
... ငါ့ကို လာလာ မနှောင့်ယှက်စမ်းနဲ့။
နင့်ကို မြင်နေရတာ
စိတ်ဒုက္ခရောက်တယ်။´
ကိုယ်
စိတ်တိုတိုဖြင့်
ကျောပိုးအိတ်အသေးလေးကိုလွယ်ကာ
ပိုက်ဆံအိတ်ကို
လက်မှာကိုင်ပြီး
ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ထိုနောက်ပိုင်း
ကော်ဖီဆိုင်မှာရော၊
ရပ်ကွက်ထဲမှာရော၊
ကိုယ်တို့အိမ်ရှေ့လမ်းကလေးမှာရော
သူ့ကို လုံးဝ မတွေ့ရတော့။
တစ်ညနေ
... ကော်ဖီဆိုင်ကလေးကိုရောက်တော့ စားပွဲထိုးကောင်လေးက သီချင်းတွေပြောင်းဖွင့်နေတာ
တွေ့ရသည်။
`ဇေယျာ ... အင်္ဂလိပ်သီချင်းလေးတွေလည်း
ဖွင့်ပါဦး။´
ဇေယျာက EVD စက်ကို
ဒီအတိုင်း ခွေမထည့်သေးဘဲထားကာ
ကိုယ့်ဆီ ခပ်သွက်သွက်လျှောက်လာသည်။
`မမ ... ကြိုက်တဲ့သီချင်းတွေက
ဒီမှာ မရှိဘူး။´
`ဟဲ့ မဟုတ်ဘဲနဲ့အရင်က
ဖွင့်ထားတာပဲဟာ´
`ဟို အဲဒါကလေ
.. ဟို အစ်ကို .. မမ ရေနွေးနဲ့ပက်လိုက်တဲ့အစ်ကို
သူ ယူယူလာပြီး မမရောက်ရင်
ဖွင့်ပေးခိုင်းထားတာ။
အခု အဲဒီအစ်ကို မရောက်လာတာ
ကြာပြီ။ မမက ရက်စက်တာကို။´
“ဇေယျာ နင် Tip ရတိုင်း လျှောက်လုပ်နေတယ်ပေါ့။ သူတို့တစ်ဖွဲ့ကြီး
ငါ့ကို ဝိုင်းလှောင်နေတာ နင် မြင်တယ်မဟုတ်လား။
သူ့ကို မကြိုက်တာနဲ့ အဲဒီလို အုပ်စုနဲ့ဝိုင်းလှောင်တတ်တာ
လမ်းသရဲအကျင့်ဟ
မှတ်ထား ။
`ဒါပေမယ့်
မမ ကော်ဖီသီးသွားတော့
သူစိုးရိမ်တကြီးရောက်လာတာကို ရေနွေးနဲ့ပက်တာတော့
မကောင်းဘူးပေါ့။´
`ငါ ရေနွေးမှန်း
သတိမထားမိဘူးဟဲ့။ ဒေါသထွက်နေတာပဲ အဲသည်တုန်းက
သိလိုက်တယ်။
အေးလေ
... အခုတော့ ငါ နားအေးပါးအေးနဲ့
အနှောင့်အယှက်ကင်းသွားတာပဲ
ဝမ်းသာတယ်။
နောက်နေ့ သီချင်းခွေတွေ
ငါ ယူလာခဲ့မယ်။´
ကိုယ့်အာရုံထဲ
ငြိတွယ်ခြင်းမရှိခဲ့သော
ရစ်ပတ်လာသည့်ကြိုးလေးတစ်ချောင်းကို ကိုယ်
လွယ်လွယ်ကူကူပဲ
မေ့လျော့ခဲ့သည်။
ကမ္ဘာကြီးကလည်နေတာလား။ ပြက္ခဒိန်စာရွက်တွေကတော့ နာကျင်မှုရက်စွဲတွေ
ကိုယ့်ဆီ တကျော့ပြန်လာရောက်ရေးထွင်းနေချေပြီ။
[4]
`ညီစေမင်း!
... ညီစေမင်း!
မင်းသူ့ကို
သိနေတယ်
ဟုတ်လား ။´
`ဂျူနို
... ကိုယ် တောင်းပန်ပါတယ်။
ကိုယ်နဲ့ ညီစေက
အချစ်ဆုံးသူငယ်ချင်းတွေပါ။
ကိုယ်တို့ အလောင်းအစားလုပ်ခဲ့တယ်။
ဂျူနိုကို ဟိုအရင်ကတည်းက
ကိုယ် သိနေခဲ့တယ်။
ညီစေ တဖွဖွပြောလွန်းလို့ပါ။
သူ စွဲလမ်းနေတဲ့ကောင်မလေးကို
ဘယ်ကောင်လေးမှ လိုက်လို့မရသေးဘူး။
မာနသိပ်ကြီးတယ်တဲ့။
သူ့ကိုလည်း ဂရုမစိုက်လို့
စိတ်ညစ်နေတယ်တဲ့။
ဒီလောက်ရည်မွန်ပြီး
ဘယ်ကောင်မလေးမှ
မကြိုက်ဖူးတဲ့ ညီစေလိုလူမျိုးကို
ငြင်းတဲ့ ဂျူနိုကို ကိုယ်
သိပ်စိတ်ဝင်စားသွားတယ်။
မခံချင်လည်းဖြစ်သွားတယ်။
တကယ်တော့ အဲဒီညက ကိုယ်တို့
သူငယ်ချင်းတစ်သိုက်ဆုံတုန်း
ဝိုင်းကလေးနဲ့
ထွေနေခဲ့တာပေါ့။
တစ်ယောက်ကိုတစ်ယောက် မခံချင်အောင် စရင်း
နောက်ရင်းနဲ့
ကိုယ်တို့အလောင်းအစားက
သူငယ်ချင်းတွေ
အားလုံးရှေ့မှာ အတည်ဖြစ်သွားခဲ့တယ်။
ဟိုတလောက
ကိုယ့်ကို ညီစေက
ဆွဲထိုးခဲ့တယ်။ မင်းနိုင်ပါတယ်ကွာ။
ရပ်တန်းက
ရပ်ပါတော့လို့
သူ တောင်းဆိုခဲ့တယ်။
သူ သိပ်ခံစားနေရတယ်
ဂျူနို။ စန္ဒီက ဟိုအရင် ဂျူနိုဆီ ကိုယ်မရောက်ခင်ကတည်းက
ကိုယ့်ကို အဖြေပေးပြီးသားပါ။
ဂျူနိုကို ကိုယ် Request လုပ်ပါတယ်။
ညီစေကို စာနာပေးပါလို့
။´
`သြော် ...သြော
ဒီလိုလား သဒ္ဒါ။ လှည့်စားတယ်ဆိုတာ
ဒါမျိုးလား။ ယောက်ျားမာယာဆိုတာ
တကယ် ကြောက်ဖို့ကောင်းပါလား
ဟင်။´
ကိုယ့်လက်ဖဝါးတစ်ဖက်က
မင်းပါးပြင်ထက်ဆီ
အရှိန်နှင့်
လွင့်ဝဲကျသွားသည်။
သို့သော် လမ်းခုလတ်မှာ ကိုယ့်လက်ကို မင်းက ဆွဲဖမ်းထားသည်။ ကိုယ့်ပါးပြင်ထက်မှာ
မျက်ရည်မြစ်နှစ်စင်းက
အရှိန်ပြင်းပြင်း
စီးဆင်းလာသည်။
နှလုံးသားကို ကစားစရာမှတ်နေကြတယ်ပေါ့။
`မင်း
ကိုယ့်ကိုတော့
ဘာမှ အမိန့်လာမပေးနဲ့
သဒ္ဒါ ။ မင်းတို့တွေ
သိပ်ကြောက်စရာကောင်းတာပဲ။´
ကိုယ်
မင်းကို ကျောခိုင်းလိုက်သည်။
ကိုယ် ထွက်ခွာသွားတော့မလို့
ပြင်ဆဲ နှုတ်ခမ်းပါးတွေက
ထိန်းမရစွာ နောက်ဆုံးမေးခွန်းကို
အံကြိတ်မေးလိုက်မိသည်။
`မင်း
... ကိုယ့်ကို
နည်းနည်းလေးတောင်မှ
မချစ်ခဲ့ဘူးလား။ ဒီတစ်ခုပဲ ဖြေပါ။´
မင်း
... အကြာကြီး တိတ်ဆိတ်နေသည်။ ကိုယ့်နောက်ကျောဘက်မှ ကိုယ်
အလွတ်ရနေသော
မင်း၏ အသက်ရှုသံကို
နာကျင်ဖွယ်ကြားနေရသည်။
ကိုယ် စောင့်စားရင်း
ခေါင်းတဒိတ်ဒိတ်ကိုက်လာသည်။
အတန်ကြာသည်ထိ
မင်းက တိတ်ဆိတ်နေသည်။ သည်းမခံနိုင်သည့်အဆုံး…
ကိုယ် ရုတ်တရက်ပေါက်ကွဲသွားတော့သည်။
`မင်းက
လှည့်စားတတ်တဲ့
ခပ်ညံ့ညံ့ယောက်ျားတစ်ယောက်လားလို့ ကိုယ်
မေးနေတာ
သဒ္ဒါ။ တစ်ခုခုတော့
ဖြေရမယ်။
အဖြေမှန်ကတော့
ရှိနေရမယ်။
ဘယ်လို အဖြေပဲဖြစ်ဖြစ်
ကိုယ် အမှန်တရားကိုပဲ
သိချင်တာ။ ဒီတစ်ခုတော့
နောက်ဆုံးအနေနဲ့
ကိုယ့်ကို ရိုးရိုးသားသားဖြေပေးခဲ့မှဖြစ်မယ်။´
ညနေခင်းနှင့်အပြိုင်
အက်ကွဲနီမောင်းနေသော
မင်းမျက်ဝန်းမှာ
နာကျင်မှုတွေသီးနေတာကို
ကိုယ် တအံ့တသြမြင်နေရသည့်အခါ …။ အရာအားလုံးကို ကိုယ်
ဆွဲရမ်းချေမွချင်သွားသည်။
အရူးတစ်ယောက်လို
ထိန်းချုပ်နိုင်စွမ်းမရှိဘဲ
မင်း မျက်ဝန်းတွေနှင့်
အနီးဆုံးအထိ ကိုယ် ရွေ့လျားသွားမိသည်။
`ဖြေလေ
သဒ္ဒါ။ ဖြေလိုက်စမ်းပါ
။´
အိုး ...
မင်းခေါင်းယမ်းသည်။
ပြီးတော့ မင်းမျက်ဝန်းမှာ
မျက်ရည်တွေ။
ကိုယ်
ဆတ်ခနဲ တုန်လှုပ်သွားသည်။
ယောက်ျားတစ်ယောက်ရဲ့ မျက်ရည်တွေ။ အထူးသဖြင့် လှည့်စားတတ်သော ယောက်ျား
တစ်ယောက်၏
မျက်ရည်တွေ။
ကိုယ် နုညက်ပြင်းထန်သော ကြေကွဲမှုမှ ရုန်းထွက်လိုက်သည်။
`တစ်သက်လုံး
ကိုယ် မကြေဘူး
သဒ္ဒါ။ ကိုယ်
မှတ်ထားပါ့မယ်။
နောက်ဆုံးအချိန်ထိတောင်
မင်း ကိုယ့်ကို
အနိုင်ယူထားခဲ့တယ်။´
နောက်ဆုံးညနေခင်းတစ်ခုပါ။
ဖိနပ်တစ်ရံဟာ
တစ်ဖက်စီကွဲသွားသည့်အခါ
ဘယ်လိုခရီးကိုများ တစ်ဖက်စီဆက်လျှောက်လို့ ရဦးမှာလဲ။ ကောင်းကင်
တစ်ပြင်လုံးမှာ
ဆည်းဆာအသည်းကွဲရောင်တွေ ရင့်တက်လာသည်။
ကောင်းကင်ပြာ၏
ငြိမ်းချမ်းမှုကို
နေဝင်ဆည်းဆာမှာ
ကိုယ် ဘယ်လိုမှ
ရှာလို့မတွေ့ပါ။ တိမ်တစ်အုပ်က
ကောင်းကင်အပျက်ကို
စူးစမ်းရင်း
လေနှင်ရာ
လွင့်မျောသွားသည်။
အဲသည်တိမ်ကလေးတွေလိုပဲ
ကိုယ် လွင့်မျောသွားတော့မယ်
သဒ္ဒါ။ ဟိုးအနာဂတ်နှစ်ပေါင်းများစွာ အဝေးဆီကိုပေါ့။
[5]
ခေါင်းငိုက်စိုက်ကျန်နေခဲ့သော လူတစ်ယောက်နှင့်
... အတူ၊
`ဂျူနို
... ဂျူနို ... ´
သစ်ပင်နောက်ကွယ်မှ
အသံတစ်သံက အက်ကွဲစွာ
လှမ်းခေါ်သည်။
သို့သော်...
ကိုယ်
မကြားမိပါ။
[6]
နေ့တိုင်းနေ့တိုင်း
ညနေဆည်းဆာကို
ကြုံရမယ်။
ဆည်းဆာကောင်းကင်ကို
ဖြတ်သွားတဲ့ တိမ်ကလေးတွေလည်း
ရှိနေတုန်းပဲ။
အဲသည်ထဲက ညနေခင်းကို
အမြဲငေးကြည့်ရင်း
ဖြတ်သန်းနေတဲ့
တိမ်လေးတစ်စလည်း
ရင်ကွဲပက်လက်နဲ့
ကြေကွဲနေတတ်တုန်းပဲ။
ညနေခင်းရယ်၊
ဆည်းဆာရယ်၊
တိမ်လေးတစ်စရယ်
...
ပြောစမ်းပါ...
ဘယ်သူက ဘယ်သူ့ကြောင့်
ကြေကွဲနေရတာလဲ။
ဆည်းဆာကြောင့်
ညနေခင်းက
ကြေကွဲရတာလား။
ညနေခင်းကြောင့်
အဖြူရောင်တိမ်ကလေး
နာကျင်မှုအရောင်တွေစွန်းထင်းကြေကွဲခဲ့ရတာလား။
ဒါမှမဟုတ် ဆည်းဆာဟာ
ကိုယ်ကိုယ်တိုင်အတွက်ရော၊ ညနေခင်းနဲ့တိမ်တွေအတွက်ရော ဗီလိန်တစ်ယောက်လိုမျိုး တစ်ချိန်လုံး
ခံစားကြေကွဲနေခဲ့ရသလား
... ဆိုတာ။ ။
`လေပြည်ချမ်းချမ်း´
11:14
PM/ 2016/ Jan 31st/ Sun.
ရတီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၆။
Comments
Post a Comment