Skip to main content

The Goalkeepers


• [ ဂိုးဖမ်းသမားများ ] •
💭💭💭💭💭💭💭

ရွှီ ….
ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲက စတင်လာခဲ့ပါပြီ ။

ပွဲမစခင်က မာန်တကြွကြွ ခြေတဆဆ၊ ပွဲစဉ်အတွင်းမှာ တွန်းလိုက်ထိုးလိုက် ၊ ပွဲစဉ်အလယ်မှာ မောပန်းပေမယ့် ခြေကုန်သုတ်ရ ၊ ပွဲအပြီးမှာတော့ အနိုင်-အရှုံးဆိုတာ ကွဲပြားလာသည်မှာ ဘောလုံး၏ အဓိပ္ပါယ်တစ်ရပ်ပင်။

ရုရှားမှ ကမ္ဘာ့ဖလားဖြင့် တစ်ကမ္ဘာလုံးကို တံခါးခေါက်ချိန် …. ။ သည်အချိန်မှာတော့ တစ်ကမ္ဘာလုံးသည် နိုင်ငံရေးအမြင်ဝါဒအယူအဆတွေ၊ လူ့အခွင့်အရေးယဉ်ကျေးမှုချိန်ခွင်တွေ ပစ်ချထားခဲ့ကာ ‘ဘောလုံး’ ဆိုသည့် ဦးတည်ချက်တစ်ခုဆီ မြစ်တစ်စင်းလို တူညီစွာ စီးဆင်းသွားကြပြီ ။

ဇွန်လ၏ အစပထမနေ့စွဲများသည် ကင်မ် နှင့် ထရမ့် တို့၏ အပြုံးတွေအောက် နူးညံ့စွာ အိပ်စက်ပျော်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာတော့ ဒိုင်လူကြီးတို့၏ ၀ီစီခရာသံအောက်တွင် ပျော်မြူးစွာ နိုးထခဲ့ကြပါပြီ ။

နေမာတို့ ကော်တင်ညိုတို့ရဲ့ ဘရာဇီးလ်လား ။ ရိုနယ်ဒိုရဲ့ ပေါ်တူဂီလား ။ အဂွယ်ရိုတို့ မက်ဆီတို့ရဲ့ အာဂျင်တီးနားလား ။ လူကာကူ၊ ဒီဘရွန်း၊ ဟက်ဇ်ဇတို့ရဲ့ ဘယ်လ်ဂျီယမ်လား ။ ပေါ့ဂ်ဘာတို့၊ ဒမ်ဘယ်လီတို့ရဲ့ ပြင်သစ်လား ။ Defending Champion ကလို့စ်တို့ အိုဇေးတို့ရဲ့ ဂျာမဏီပဲလား။ ဒါမှမဟုတ် အိမ်ရှင်ပီသစွာ ခြေစွမ်းသိပ်ကောင်းနေသော ရုရှားတို့လား ။

ကမ္ဘာ့ဖလားပွဲကို ရုရှားပြည်၊ မြို့ဆယ်မြို့ ကွင်း (၁၂)ကွင်းမှာ ကျင်းပပြုလုပ်ပါသည် ။ ခြေစစ်ပွဲအောင်မြင်ကာ ယှဉ်ပြိုင်ကြမည့် အသင်းက (၃၂)သင်း။ အာရှအသင်းအနေဖြင့် ဂျပန်၊ တောင်ကိုးရီးယား၊ အီရန်၊ သြစတေးလျတို့ ပါဝင်သည် ။ ကလပ်အသင်းတွေမှာ နာမည်ကြီးသလောက် မက်ဆီတို့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်ချိန်။ ရိုနယ်ဒို၏ ပေါ်တူဂီအသင်းကလည်း ကံကောင်းနေ၍သာ တော်တော့သည်။ ဒိုလေးသည်လည်း ထင်သလောက်လှုပ်နိုင်တာမတွေ့ခဲ့ရပါ ။ လီဗာပူးလ်အားအထားရဆုံးရှေ့တန်းလူ မိုဆာလာသည်ပင် အီဂျစ်အသင်းမှာတော့ ဂိုးသွင်းစက် မလုပ်နိုင်တော့ ။ နာမည်ကြီးရှေ့တန်းကစားသမားတို့ ကမ္ဘာ့ဖလားမှာ အခြေမဟန်ချိန် ။

ကမ္ဘာ့ဖလားမှာ ကျွန်မ သတိထားမိလာသည်က ဂိုးသမားတွေကို ဖြစ်သည်။ သိပ်နာမည်မရှိသော အသင်းငယ်များမှ ဂိုးသမားတွေကအစ လက်စွမ်းပြနေသောအခါ ကမ္ဘာ့ဖလားသည် တစ်မျိုးတစ်ဖုံပျော်စရာကောင်းလာသည်။ အရပ်မြင့်မြင့် ခြေရှည်လက်ရှည် ဂိုးသမားတွေသည် ကမ္ဘာ့ဖလားကျမှ ပိုတော်နေသည်။ အရပ်နိမ့်ပေမယ့် ဖျတ်လတ်လျင်မြန်သော ဂိုးသမားတွေသည် သဘောကျဖွယ်ရာဖြစ်နေသည်။

ဘောလုံးပရိသတ်တို့အဖို့ နာမည်ကြီးကစားသမား ဘောလုံးဆွဲယူလာတိုင်း ဂိုးသမားတွေကချည်း ကာကွယ်နိုင်နေသောအခါ တဟာဟာ တဟင်ဟင်ဖြင့် ရင်မောကြရသည်။ ဘောလုံးပွဲတစ်ပွဲ၏ အနှစ်သာရက ဂိုးသွင်းနိုင်မှုဆိုလျှင် ဂိုးသမားတွေ၏ အခန်းကဏ္ဍဆိုသည်မှာ ဗီလိန်တစ်မျိုးပင် မဟုတ်ပါလား ။

သို့သော် ဒီကမ္ဘာ့ဖလားမှာတော့ ကျွန်မက ဗီလိန်တွေကိုသာ သဘောကျနေမိသည်ပင် ။ အသင်းလိုက်စုဖွဲ့မှုအားနည်းလျှင် အားနည်းသလို ဗီလိန်တွေ ပို၍ အားသာတတ်သည်မှာ လူ့သဘာဝနှင့် ခပ်ဆင်ဆင်။ ကျွန်မကိုသာ ဘောလုံးပွဲတစ်ပွဲမှာ ဘယ်နေရာက ကစားချင်သလဲဟု မေးလာလျှင် ကျွန်မအတွက်တော့ အတော်ပင် ဦးနှောက်ခြောက်ဖွယ်ရာ ဖြစ်လေသည်။

ရှေ့တန်းကစားပြီး အမိအသင်းအတွက် ဂိုးတွေသွင်းယူကာ အဖနိုင်ငံတော်အတွက် သူရဲကောင်းလည်း လုပ်လိုသည်။ ပင်ကိုက တစ်ကိုယ်ကောင်းဆန်မှုကို မကြိုက်သော ကျွန်မက လီဗာပူးလ်က စတီဗင်ဂျရတ်ကြီးလို အလယ်တန်းကစားသမားလုပ်ကာ ကစားသမားတွေကို ဟန်ချက်ညီညီပေးပို့ထောက်ကူပေးချင်မိသည်။ သို့မဟုတ် နောက်တန်းကစားသမားတွေလို တစ်သက်လုံး တစ်ကြိမ်မဟုတ် တစ်ကြိမ် အပြစ်တင်ခံပြီးပဲ နေသွားမလား စဉ်းစားစရာပဲ ဖြစ်သည်။

ဒါမှမဟုတ်လျှင် ဂိုးသမားနေရာကပဲ နေလျှင်ရော။ ပြဇာတ်တစ်ပုဒ်မှာ ဗီလိန်မပါလျှင် မပြည့်စုံသလို ဘောလုံးပွဲတစ်ပွဲမှာ ဂိုးသမားသည် မပါမဖြစ် ဆားတစ်ပွင့်မဟုတ်လား ။ သူသည် လူအများသတိမထားမိသော အမှောင်ရိပ်ထဲမှ သူရဲကောင်းလိုလို ဗီလိန်လိုလို ဒရမ်မာဇာတ်ကောင်ကြီးပင် ဖြစ်လေသည်။

သို့သော် အတွေးနက်သော ကျွန်မအနေဖြင့် ‘ဘ၀’ဆိုသည့် ကစားပွဲကို ကစားမည်ဆိုလျှင် ဂိုးသမားနေရာကတော့ဖြင့် မကစားလိုပါ ။ ကိုယ့်ဆီဝင်လာမည့် လောကဓံကန်သွင်းချက်တွေကိုကြိုတင်မှန်းဆရင်း တထိတ်ထိတ်နှင့် ကစားပွဲထဲ ဝင်မသွားချင်ပါ ။

နိုင်သည်ရှိ၊ ရှုံးသည်ရှိ လောကဓံကန်သွင်းချက်တွေကို ပူပင်ကြောင့်ကြပြီး တကာကွယ်ကွယ်လုပ်ရင်း ပွဲစဉ်တစ်လျှောက်မကစားချင်ပါ ။

ဂိုးသွင်းနိုင်မည်ဆိုသည့် ‘အကောင်းမြင်စိတ်’ကလေးဖြင့် လှုပ်ရှားရင်း ၊ ‘မျှော်လင့်ချက်’ဆိုသည့် ပျော်ရွှင်မှုလေးနှင့်ပဲ ဘဝကို တက်တက်ကြွကြွ လွတ်လွတ်လပ်လပ် ပြေးလွှားကစားသွားရရင် မကောင်းဘူးလား ။

တစ်နေရာရာမှာပဲ ကုပ်ကပ်ဖက်တွယ်ပြီး ကြောက်ရွံ့မှုနှင့် ကာကွယ်နေရတာမျိုး ကျွန်မ မဖြစ်ချင်ပေ ။ ဘဝကိုလှုပ်ရှားကစားရခြင်း၏ ရည်ရွယ်ချက်သည်ကား ‘ကြောက်ရွံ့မှု’ကြောင့် မဖြစ်သင့်ပါ ။ ‘ပျော်ရွှင်မှု’ဆိုသည့် မျှော်လင့်ချက်ကလေးအတွက်သာ ဖြစ်သင့်သည်။

အချိန်တိုင်း အချိန်တိုင်းမှာ ကျွန်မအပါအဝင် ကျွန်မတို့ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ပေါင်းများစွာသည် ကြောက်ရွံ့မှုတွေနှင့် နပန်းလုံးလို့ ဂိုးဖမ်းသမားတွေ ဖြစ်နေတတ်ကြသည်။

‘ဘဝ’ဆိုသည်မှာ အကန့်အသတ်နှင့်ပါ။ ထို့ကြောင့် မှန်ကန်အပြစ်ကင်းစွာနေထိုင်ဖို့၊ မျှော်လင့်ချက်အတွက် အသက်ရှင်ဖို့၊ ပျော်ရွှင်စွာနေထိုင်တတ်ဖို့သာ ကိုယ့်စိတ်ကိုယ်သင်ကြားပါ။

ဟော ပြောရင်းဆိုရင်း …. မနေ့ညက ဂျာမဏီသည် ကံကောင်းထောက်မစွာ ဆွီဒင်အသင်းကို ပွဲပြီးကာနီးမိနစ်ပိုင်းလောက်အလိုမှ ကပ်ကာ အနိုင်ရရှိသွားလေသည်။ အရင်နှစ်က အိမ်ရှင်အသင်းလည်းဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်သော ဂျာမဏီအသင်းအဖို့ ဖိအားက ကြီးမားလှလေသည် ။ သို့သော် သူတို့သည် ပျော်ရွှင်စွာပင် နောက်ဆုံးအချိန်ထိ အကောင်းမြင်မျှော်လင့်ချက်နှင့် ယုံကြည်ကြိုးစားရင်း ကံကောင်းသွားကြပါလေပြီ ။

ဂိုးသမားတစ်ယောက်အတွက် အောင်မြင်မှုသည် တခါတရံဗီလိန်ဆန်ပြီး တစ်ခါတစ်ရံ သူရဲကောင်းဆန်သည်။ ချန်ပီယံစ်လိဂ်ဖိုင်နယ်ပွဲစဉ်မှ မျက်နှာငယ်လေးဖြင့် ပရိသတ်ကို လက်အုပ်ချီကာတောင်းပန်နေသော လီဗာပူးလ်ဂိုးသမား ကားရီယက်စ်ကို မျက်လုံးထဲမြင်ယောင်လာလျှင် စိတ်ထဲမကောင်းမိ ။

မည်သို့ပင်ဖြစ်စေ …. အလိုဆန္ဒတိုင်း အလုံးစုံပြည့်ဝနိုင်ချေမရှိသော လူ့လောကကြီးအလယ်မှာ တခါတရံကျတော့ မလွှဲမရှောင်သာ ကျွန်မတို့ ဘ၀အတွက် အရေးကြီးသော ကမ္ဘုာ့ဖလားလိုအရပ်မှာ ဂိုးသမားနေရာမှ ရှောင်လွှဲမရ ပါဝင်ကပြအသုံးတော်ခံရမည့် အချိန်တွေ ကြုံလာဦးမည် ။

ဗီလိန်ချင်းအတူတူဆိုလျှင် ကျွန်မကတော့ ရီးရဲမက်ဒရစ်မှ စပိန်ကစားသမား ရာမို့စ်လို ဗီလိန်မျိုးအစား …. ဘ၀ကဇာတ်မှာ ကားရီးယက်စ်လို ဂိုးသမားတစ်ယောက်အဖြစ်သာ ရဲရဲကြီးပါဝင်အသုံးတော်ခံလိုက်ပါဦးမည် …. ။ ဘ၀မှာ ကိုယ့်သမိုင်းကြောင်းကောင်းဖို့နှင့် နောင်တမရှိဖို့က အဓိကမဟုတ်လား ။

သင်ဆိုလျှင်ရော ….
‘ဘ၀’ဆိုသည့် ‘ကစားပွဲ’မှာ မည်သည့်နေရာမှ ပါဝင်ကစားဖြစ်မည်လဲ …. ။

#လေပြည်ချမ်းချမ်း
#လွတ်လပ်လှိုင်းမဂ္ဂဇင်း #ဇူလိုင်လ

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”