[ အားပေးစကားလေးများ ]
[၁]
ပင်လယ်ကို
ကူးဖြတ်နေတဲ့လူတစ်ယောက်ရယ် ။
ကမ်းပေါ်ကရပ်ကြည့်နေတဲ့လူနှစ်ယောက်ရယ် ။
မိုးချုပ်လုညနေမှောင်ရီရီကို
ကိုယ်ယောင်ပြပေးနေတဲ့ကြယ်ကလေးတွေရယ်
... ရှိတယ်။
‘ပင်လယ်ကို
ကူးဖြတ်တဲ့သူ’ က ကူးနေရင်းတွေးမိတယ်။
‘အို ... ဒုက္ခပဲ။ ငါတော့
ငါ ရည်ရွယ်တဲ့
ကမ်းတစ်ဖက်ကို
ရောက်ပါ့မလား။
ရေစီးကလည်းကြမ်း၊
မုန်တိုင်းကလည်းထန်။ ညကလည်းမှောင်လို့
။ အဖော်မွန်ဆိုလို့
လှိုင်းကလေးတွေပဲရှိတယ်။
သူတို့ကလည်း စိတ်မထင်ရင်
မထင်သလို ငါ့ကို လက်ကြမ်းကြီးနဲ့
ရေအောက်အနက်ကြီးဆီ
ဖိနှိပ်ဆွဲချတတ်သေးရဲ့။ ငါ့မှာ မောရင်နားဖို့ လက်ဖြစ်ဖောင်ကလေးတောင် မရှိပါလား’
လမ်းခရီးမှာ
သူစိတ်ပင်ပန်းစွာ
ငိုညည်းမိတယ်။
[၃]
ကမ်းပေါ်မှာ
လူနှစ်ယောက်ရှိတယ်။
သူတို့က ပင်လယ်ဖြတ်ကူးတဲ့သူကို အမှတ်မထင်တွေ့လိုက်မိကြတယ်။
‘ဟော…ဟိုမှာ လူတစ်ယောက်မဟုတ်လား။’ ပထမလူက ဆိုတယ်။
‘ဟုတ်ပါ့ဗျာ
။ ပင်လယ်ကို
ကူးနေတာဗျ
။ သြော်
ဒုက္ခ ကြီးလိုက်တာဗျာ။ ဘာကိရိယာ ယာဉ်လက်နက်မှ
မပါဘဲနဲ့ ဟိုဘက်ကမ်းကို
သူရောက်မတဲ့လားဗျာ။ ဒီလောက်ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးကို
ဖြတ်ပြီးတော့လေ။
လောဘတွေ လောဘတွေ။’
ဒုတိယလူက ကျွတ်တသပ်သပ်ပြုရင်း ရှုံ့မဲ့ကာဆိုတယ်။
‘ဒါနဲ့၊ … သူက ခင်ဗျားရဲ့မိတ်ဆွေမဟုတ်လားဗျ ။ ဟိုတစ်နေ့က
ဒီဘက်ကမ်းမှာ
ခင်ဗျားနဲ့ စကားပြောနေတာ
မြင်မိတယ်။’
‘ဟုတ်တယ်။
သူက စိတ်တက်ကြွနေတာနဲ့
ကျွန်တော်မြှောက်ပေးလိုက်တာ။
သူက တကယ်ကြီးပဲ နောက်တစ်နေ့တော့ ပင်လယ်ထဲကို ခုန်ချဖြတ်ကူးသွားတယ်။’
ဒုတိယလူက လှောင်ပြုံး
ပြုံးရင်း မခိုးမခန့်
ရယ်မောနေတယ်။
‘ဒါဆို ခင်ဗျားက
သူ့ကိုဘာကြောင့်
အားပေးလိုက်တာလဲ။
တကယ်ဆို တားသင့်တာမဟုတ်လား။
ဒီခေတ်ကြီးမှာ
ပင်လယ်ကို
ကိရိယာတန်ဆာပလာမပါဘဲကူးတဲ့သူ ဘယ်သူရှိလို့လဲ။
အနည်းဆုံးတော့
ရေဒီယို တစ်လုံးတော့
အချက်ပြဖို့ ၊ဆက်သွယ်ဖို့
ဆောင်သွားရမှာပေါ့။
သူက သိပ်သတ္တိရှိတာပဲဗျာ ။’
ပထမလူရဲ့ချီးကျူးစကားသံကို
ကြားတော့ ဒုတိယလူက အံ့သြသွားတယ်။
ပြီးတော့ ပြန်ချေပတယ်။
`အဲဒါ သတ္တိရှိတာ
မဟုတ်ဘူး မိုက်ရူးရဲတာဗျ။
ဟားဟား´
ပထမလူက မျက်မှောင်ကျုံ့ပြီး
တွေးနေတယ်။ ပြီးတော့ တစ်လုံးချင်း ဆိုတယ်။
`အင်း
… ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ကျွန်တော်ထင်တယ်။
အဲဒီလူ တစ်နေ့နေ့
သူရောက်ချင်တဲ့ကမ်းကို
ပြင်းပြတဲ့ဆန္ဒတစ်ခုနဲ့ ရောက်သွားပြီဆိုရင်
သူ ခင်ဗျားကို သိပ်ကျေးဇူးတင်နေလိမ့်မယ်။´
ဒုတိယလူက မခိုးမခန့်ပြုံးလိုက်တယ်။
`ဒီမယ် ခင်ဗျားရယ်စရာတွေ
သိပ်မပြောပါနဲ့ဗျာ
။ သူ့အတွက် ဖြစ်နိုင်ချေက ဟိုဇာတ်လမ်းနာမည်လေးလို `ရှိတော့ရှိတယ်
ရှားတယ်´ဗျ။ တစ်ရာခိုင်နှုန်းပဲ ။ ကျွန်တော် မမှားနိုင်ဘူး။’
`အေးဗျာ
ထားပါတော့။ ကူညီဖေးမသူ
မရှိတဲ့ အခြေအနေနဲ့
ကြာရှည်ကျတော့
ဟိုဘက်ကမ်းကို
သူ ရောက်ဖို့
မလွယ်ဘူးပေါ့။ သို့ပေမယ့်လည်း
ကျွန်တော်ထင်တယ်။
သူ လမ်းတစ်ဝက်မှာ
ကျရှုံးသွားရင်လည်း
ခင်ဗျားကို ကျေးဇူးတင်နေမှာပဲ။´
ဒုတိယလူက ငြိမ်သက်စွာနဲ့
လှည့်ကြည့်လာတယ်။
သူ နားလည်ပုံမရဘူး။
`ဘာလို့လဲဆိုတော့
သူက ဒီမှာပဲ မနေချင်ဘူးလေ။
သူ့ဆန္ဒက အဲဒီအရပ်ကို သွားချင်တယ်။
ခင်ဗျားက ကူညီအားပေးလိုက်တယ်။
သူရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ သူ့ဆန္ဒလေးဟာ ခင်ဗျားကြောင့်
အသက်ဝင်သွားတယ်။
အနည်းဆုံးတော့
ကိုယ့်ဆန္ဒလေးကို
လင်းလက်အောင် မီးမောင်းထိုးပေးခဲ့တဲ့
ခင်ဗျားစကားရဲ့တွန်းအားက
အားပေးမှုလေးဖြစ်ခဲ့တာကိုး။
သူ ခင်ဗျားကို ကျေးဇူးတင်နေမှာပါ။´
`အို ကျွန်တော်က ကျေးဇူးတင်မခံချင်ပါဘူး။
သူ့ကို သနားတာပဲ။ ခင်ဗျားသိတဲ့အတိုင်း
ကျွန်တော်တို့
လူ့အဖွဲ့အစည်းမှာ အချင်းချင်းအားပေးကူညီခြင်းဆိုတာ
ဝတ္တရားလို ယဉ်ကျေးမှုတစ်ခုပဲ။
ဒါကို ဒီလူကတော့ နားမလည်ဘူးဗျ။
အဲဒီလူက သူများကို အားပေးရကောင်းမှန်း
နားမလည်ဘူး။ သူ့အယူအဆနဲ့ ဘောင်ဝင်လာလို့
သူကြိုက်ရင်ကြိုက်
။ သူ မကြိုက်ရင်တော့
လုံးဝပဲ။ ဟန်ဆောင်ပန်ဆောင် မလုပ်ဘူး။
မျက်နှာလွှဲ ဥပေက္ခာပြုထားတတ်တယ်။
အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ ။ ´
ပထမလူက စိတ်ထဲက
တွေးမိတယ်။
"သူက ဟန်မဆောင်တတ်တာရော
မဖြစ်နိုင်ဘူးလား။
အနည်းဆုံး ကျွန်တော်တို့ မမြင်အောင် လူမသိသူမသိ
ဖုံးကွယ်ထားတဲ့ နောက်ကျောဓားဒဏ်ရာ
အမာရွတ်တွေနဲ့ လူများဖြစ်နေမလားလို့ပါ။ အဲဒီလိုလူတွေက
လူတွေကို ကြည့်တဲ့အခါ
ခင်မင်တဲ့စိတ်အစား
စိမ်းသက်တဲ့အကြည့်နဲ့ကြည့်တတ်ကြတယ်။
တကယ်တော့ အမာရွတ်တွေရဲ့နာကျင်မှုက သူ့ကို အခုထိ
ခြောက်လှန့်နေဆဲမို့လို့ပေါ့။"
“ဒီမယ်
ခင်ဗျားကို ကျွန်တော်တစ်ခုပြောချင်တယ်။
လူတွေကို ဘယ်တော့မှ နောက်ကျောကို ဓားနဲ့မထိုးမိစေနဲ့ဗျ။
သိပ်အမြင်ကတ်ရင် ရှေ့ကနေသာ ရင်ဘတ်ကို
ပွင့်ပွင့်လင်းလင်း
သတ္တိရှိရှိဆောင့်တွန်းလိုက်။
တကယ်တော့ နောက်ကျောဓားနဲ့ထိုးတယ်ဆိုတာ
လူလူချင်းယုံကြည်မှုကို
အဆိပ်ခတ်ပစ်တာ။
အဲဒီအဆိပ်က နောက်ကျောဓားထိုး လုပ်ကြံခံလိုက်ရတဲ့သူတင်မကဘူး
လူ့ဘောင်တစ်ခုလုံးကို
ဖျက်စီးပစ်မယ့်
အဆိပ်ဗျ။ လူလူချင်းယုံကြည်မှု
ပျက်ပြားသွားရင်
ဒီကမ္ဘာမှာ ကလိန်ကောက်ကျစ်မှုတွေ၊ အောက်တန်းကျမှုတွေ တင်းကြမ်းနဲ့ အသေးစားစစ်ပွဲတွေ၊
အကြ်ီးစားစစ်ပွဲတွေ
မီးဟုန်းဟုန်းတောက်ပြီး ငြိမ်းချမ်းရေးမရှိနိုင်တော့ဘူး။ အဲဒါသေချာတယ်။”
ပထမလူက ဆက်ပြောသည်။
`ဘာပဲဖြစ်ဖြစ်
သူ ခင်ဗျားကို ကျေးဇူးတင်နေမှာပါ။ ဒဏ်ရာတွေနဲ့လူရဲ့စိတ်ကို
ခင်ဗျားမှန်အောင် မဖတ်တတ်ခဲ့ပေမယ့်
သူ့ကို ဝတ္တရားအရ အားပေးမှုလေးတော့
ခင်ဗျားပြုနိုင်ခဲ့တယ်။
သူ ဟိုဘက်ကမ်းရောက်ခဲ့သည်ရှိသော်
ခင်ဗျားရဲ့ကောင်းမွန်တဲ့ အားပေးစကားလေးက
သူ့နှလုံးသားအတွင်းထဲထိ ချိုမြိန်စွာ
ထိုးစိမ့်ပျံ့နှံ့ပြီး ဒဏ်ရာအမာရွတ်တွေရဲ့ နာကျင်ခံစားမှုအစား အားပေးမှုရဲ့
ကြီးမြတ်တဲ့ စွမ်းဆောင်မြှင့်တင်နိုင်စွမ်းလေးကို
သူ တတ်နိုင်သမျှ ဖြန့်ဝေပေးနိုင်ဖို့
ကျွန်တော်မျှော်လင့်ပါတယ်လေ။´
[၄]
နေလုံးကြီးက လုံးလုံးပျောက်ကွယ်သွားပြီး
… ကြယ်ကလေးတွေသည်
အမှောင်
ကန့်လန့်ကာကို
ကိုယ်တိုင်ဖြန့်ကျဲ
အလှဆင်ကြလေပြီ။
`အားပေးစကား´ဆိုတာ အဲဒီကြယ်ကလေးတွေရဲ့အရောင်လိုပါ။
ကျွန်မတို့ရဲ့ကောင်းကင်မှာ ကြယ်မှုန်လေးတစ်စက်ရှိနေရင်ပဲ ဒူးမထောက်လက်မမြှောက်၊ ဘယ်တော့မှ
အရှုံးမပေး၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ရှေ့ဆက်ချင်တဲ့ လူသားတွေအတွက် မျှော်လင့်ချက် ဆိုတာ ရှိနေသေးတာပါပဲ။
ဘ၀ပင်လယ်ပြင်ထဲက
ခရီးသွားလူသားဟာလည်း ကြယ်ကလေးတွေရဲ့
အလင်းရောင်တခိုမှာ
စိတ်စွမ်းအားဓူဝံကြယ်ကို လမ်းပြခိုင်းရင်း၊
အရုဏ်တက်ရင်တော့ သူရည်မှန်းရာခရီးပန်းတိုင်ဆီသို့
အရောက်လှမ်းနိုင်လိမ့်မည်ဟု
...။ ။
“လေပြည်ချမ်းချမ်း”
18:34 PM
/Auguts 24th /2015/Monday.
Comments
Post a Comment