[၁]
“ဒေါင် ဒေါင် ဒေါင် …”
ကျောင်းဆင်းခေါင်းလောင်းထိုးသံက ခါတိုင်းနှင့်မတူ နားထဲမှာ ပို၍ ချိုမြိန်လွန်းလှသည်။ ဗိုက်က တကျုတ်ကျုတ်ဆာလောင်နေပြီ။ နေ့လည်က ကျောင်းမမီမှာစိုးသဖြင့် နေ့လည်စာကို ဂရုမစိုက်နိုင်ဘဲ ကမန်း...ကတန်းကျောင်းသို့ ထွက်လာခဲ့သော မနှင်းဖွေးတစ်ယောက် နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် အတန်းထဲမှ ၀ုန်းခနဲပြေးထွက်ကာ စက်ဘီးအမြန်နင်းရင်း အိမ်သို့အသော့နှင်ခဲ့သည်။
အဆာပြေစားဖို့ … မေမေ ဘာတွေများ ပြင်ဆင်ထားမှာပါလိမ့်။ ငယ်ငယ်တုန်းက တက်ခဲ့သော မူလတန်းကျောင်းရှေ့က ဂွတ်ရှယ်မုန့်ုဟင်းခါးလား။ နေ့လည်ခင်းတွေမှာ တောင်းနှင့်လာရောင်းသော သာကူချို၊ ဂျုံယိုသည်ဆီမှ မုန့်လုံးကြီးဆီစိမ်များလား။ ဒါမှမဟုတ် … ထမင်းနှင့်အဆာပြေ ကျူရှင်သို့မပြေးမီ စားဖို့ သင်္ဘောသီးသုပ် (သို့မဟုတ်) ရှောက်သီးသုပ်များလား ။
အတွေးနှင့်ပင် မနှင်းဖွေးတစ်ယောက် သရေကျလာတော့မလိုလို ။ မနှင်းဖွေးတို့ အထက်တန်းကျောင်းက အိမ်နှင့်ဝေးသည်မို့ ချက်ချင်းတော့ မရောက်။ စက်ဘီးတ၀ုန်းဝုန်း နင်းလာတာတောင် ဆယ်ငါးမိနစ်လောက်နေမှ ရောက်သည်။ ဟိုးရှေ့မှာ အိမ်ကို လှမ်းမြင်နေရပြီ။
အိမ်ရှေ့က မယ်ဇလီပင်အောက် စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး အိမ်ထဲသို့ လွယ်အိတ်လွယ်ရင်း အပြေးဝင်လာခဲ့သည်။
“ မေမေ … မေမေ ”
နှုတ်မှတကြော်ကြော်ခေါ်ရင်း … စာကြည့်စားပွဲပေါ် လွယ်အိတ်ကိုပစ်ချလိုက်သည်။ အရင်နေ့တွေက ကျောင်းပြန်လာတိုင်း အိမ်ရှေ့မှာ ထွက်ကြိုနေတတ်သော မေမေ့၏ အပြုံးချိုချိုနှင့်မျက်နှာကို ခုထိ မတွေ့ရ။ မီးဖိုခန်းထဲထိ ဆက်တိုက် လျှောက်ဝင်လာသော်လည်း မေမေ့၏ အရိပ်အယောင်ကိုမျှ မမြင်။ ထမင်းစားပွဲပေါ်မှာ ကျောင်းအပြန်စားဖို့ မုန့်တစ်ခုခု အမြဲရှိနေတတ်သော အစိမ်းရောင်အုပ်ဆောင်းကြီးကတော့ အရင်နေ့ကလိုပင် ဖုံးအုပ်လို့ …။
ကျောင်းနောက်ဆုံးအချိန်က သင်္ချာချိန်မို့ ဗိုက်တကျုတ်ကျုတ်ဆာနေလျက်နှင့် ခေါင်းမဖေါ်နိုင်။ စာတွေတွက်နေခဲ့ရသည်။ ဒီဆရာမက မနှင်းဖွေးတို့ အကြောက်ရဆုံးဆရာမဖြစ်သည်မို့ … ဘယ်သူမှ ခိုး၍ လစ်၍ မုန့်မစားရဲချေ။
“အင်း … ဒီထဲမှာ စားစရာတစ်ခုခု ရှိလိမ့်မယ်။”
ထို့ကြောင့် အုပ်ဆောင်းကြီးကို ဖွင့်ကြည့်နေစဉ် ဗိုက်က အချက်ပြအသံတွေ ပို၍ ကျယ်လောင်မြည်ဟီးလာ၏ ။
“ ဟင် …”
အားတက်သရော အုပ်ဆောင်းကြီးကို ခပ်မြန်မြန် ဖွင့်ကြည့်လိုက်သည့်အခါတွင်မတော့ … အထဲမှာ ဘာမှမရှိ ။ မနှင်းဖွေး အရုပ်ကြိုးပြတ် ဖြစ်သွားသည်။ ဒေါသလေးလည်း ထွက်လာ၏ ။
“ ဘာမှလည်း မရှိဘူး။ မေမေကလဲ … ဘယ်တွေရောက်နေပါလိမ့် ”
မနှင်းဖွေး အုပ်ဆောင်းကြီးကို ပြန်ချလိုက်ရင်း … ညည်းညူမိ၏ ။ မျက်နှာက ရှုံ့မဲပြီး ခြေထောက်က ဆောင့်ချင်လာသည်။
“ မေမေ … မေမေ …”
မုန့်မရှိသည့်အကြောင်းရင်းကို မေးရန် မေမေ့ကို တွေ့မှ ဖြစ်မည်မို့ မီးဖိုခန်းထဲကနေ ပြန်ထွက်ခဲ့ရင်း တစ်ခန်းဝင်တစ်ခန်းထွက် မေမေ့ကို လိုက်ရှာဖို့ တာစူသည်။ ဧည့်ခန်းထဲအရောက်မှာ .. ဖေဖေ့၏ အသံကို ကြားရသည်။ ဖေဖေ့အသံက ဒေါသတကြီးအသံမျိုး။ သို့သော် အသံက အကျယ်ကြီးမဟုတ်။ ဝေဒနာတစ်ခုခု ခံစားနေရရင်းမှ စိတ်မရှည်လက်မရှည် အော်ပြောနေသည့်အသံမျိုး။ မနှင်းဖွေး ထူးဆန်းသွားရင်း အခန်းထဲသို့ ၀င်လာခဲ့သည်။
မေမေက ဖေဖေလှဲအိပ်နေသည့် ကုတင်ဘေးမှာ မတ်တပ်ရပ်နေသည်။ ဖေဖေက ဝေဒနာကြောင့် မနှင်းဖွေး ၀င်လာသည်ကို သတိမပြုမိ။
မျက်စိမှိတ်ထားရင်းမှ မေမေ့ကို …
“သောက်နေကျ အစာအိမ်ဆေး သွားဝယ်မှ ဖြစ်မယ်။”
“ ရရဲ့လားရှင်၊ ဆရာဝန်ကို ပင့်ခဲ့ဖို့များ လိုမလား။ ”
ဖေဖေက အလျင်အမြန်ခေါင်းယမ်းလိုက်ရင်း …
“ မလိုပါ …ဘူး။ ငါ ပြောတဲ့ဆေးပဲ ၀ယ်ခဲ့လိုက်၊ မြန်မြန်လေးသာ ၀ယ်ပေး။ အား …ဗိုက်အောင့်တာ တော်တော်ကို ဆိုးနေပြီ …”
ဖေဖေ၏ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းလေးမှ ၀င်ငွေတစ်ခုတည်းဖြင့် လည်ပတ်နေရသော မနှင်းဖွေးတို့အိမ်မှာ အပိုငွေမကုန်ချင်သော ဖေဖေ့၏ စိတ်ကို နားလည်သော မေမေက ဟင်းခနဲသက်ပြင်းချသည်။ ဖေဖေက နဂိုကပင် စကားပြောလျှင် ချိုချိုသာသာမပြောတတ်သည့်အပြင် ဝေဒနာဖိစီးခံနေရသည့် အခုလိုအချိန်မှာ ဒေါသသံနှင့် ခက်ထန်နေတာကို မေမေ နားလည်ပုံ ပေါ်သည်။ မျက်ရည်လေးတလည်လည်ဖြင့် ဖေဖေ့ကို စောင်ခြုံပေးပြီး “ မနှင်းဖွေး” ပခုံးကိုဖက်ရင်း အခန်းအပြင်သို့ ထွက်လာခဲ့သည်။ အပြင်ရောက်တော့ …
“ သမီး … မေမေ ဆေးသွားဝယ်လိုက်ဦးမယ်။ သမီး အဖေနား ကျောင်းမသွားခင် ခဏနေလိုက်ဦးနော်”
“ဖေဖေက ဘာဖြစ်တာလဲ မေမေ။ နေ့လည်က ဘာမှမဖြစ်ပါဘူး”
“ဟုတ်တယ်သမီးရယ်၊ ခုနလေးကမှ ရေချိုးပြီး ထမင်းစားတာနောက်ကျသွားတာ။ မနက်စာကျတော့လည်း ဒီနေ့ လက်ဖက်ရည်လေးပဲ သောက်ပြီး အလုပ်တန်းသွားရတာမို့လို့ အစာအိမ်ပြန်ထတာ သမီး။”
“ဗိုက်အောင့်တာလား တော်တော်ပြင်းလို့လား မေမေ …”
“သမီးအဖေက အစာအိမ်ရောဂါ ရှိတယ်။ သမီးတို့ငယ်ငယ်တုန်းကဆို … ရောဂါက တော်တော့်ကို ဆိုးခဲ့တာ။ ဘာကိုမှမစားနိုင် မသောက်နိုင်နဲ့ တော်တော်ကို ဆေးကုယူခဲ့ရတယ်။ သိတဲ့အတိုင်း သမီးအဖေက အလုပ်နဲ့ ပတ်သက်လာရင် ထမင်းမေ့ ဟင်းမေ့လေ ။ အခုတလော အစာအိမ်ပြန်ထနေတယ်လို့ ဟိုတစ်နေ့က ပြောသေးတယ်။ ဒီနေ့ဖြစ်တာတော့ အရင်တုန်းကလို တော့်တော့်ကို ဆိုးနေတာ သမီး။ ဒုက္ခပါပဲကွယ် … သူ့ခမျာ တော်တော်ကို အစာအိမ်ထိသွားတယ်ထင်တယ်။ မေမေကတော့ ဆရာဝန်ခေါ်ပြချင်တယ်ကွယ်”
“မနှင်းဖွေး” ဗိုက်ဆာတာကို ခဏမေ့ထားရင်း မေမေ့၏ စိုးရိမ်သောကကြားမှာ မျောသွားသည်။ ဆရာဝန်ခေါ်ချင်ပေမယ့် ဖေဖေ့စကားသံကို လွန်ဆန်ကာ မခေါ်ဝံ့တာ သူမအသိဆုံး။ ဖေဖေက တစ်အိမ်လုံး သူ့ပြောစကားဆို တစ်သဝေမတိမ်းနားထောင်မှ သဘောကျသူ။ … မေမေ့ကြည့်ရတာ တော်တော်ကို စိုးရိမ်နေလေသည်။
“ အင်းလေ ။ ဆရာဝန်တော့ မခေါ်ခဲ့တော့ဘူး။ ဒါပေမယ့် ဆေးဆိုင်တော့ မသွားဘူး။ ဆေးခန်းသွားပြီး သူ့ရောဂါလက္ခဏာတွေကို ပြောပြပြီး ဆေးဝယ်ခဲ့မှ ဖြစ်မယ်။ သမီးရေ .. ကျူရှင်တက်ရဦးမှာ မဟုတ်လား။ ခဏလေးနော် မေမေ … ဆေးဝယ်ပြီး ပြန်လာတာကို စောင့်နော်”
“ အင်း … ”
မနှင်းဖွေး၏ “အင်း”က စိတ်ရှုပ်သံတွေ ရောထွေးပါဝင်နေသည်။ ခုထိ ဗိုက်ဆာသမျှ မစားရသေးတာကို စိတ်ထဲ မကျေနပ်။ ဖေဖေ၏ ရောဂါကို သိရသောကြောင့် စိတ်ဖိစီးခြင်းနှင့်အတူ စိတ်ရှုပ်ထွေးသွားရသည်။
“ ဒါဆို … မေမေ သမီးဖို့ တစ်ခုခု ၀ယ်ခဲ့ပါလား။ သမီးလည်း ဗိုက်ဆာနေတယ်။ ဒီနေ့ ဘာမှလည်း အဆာပြေ ၀ယ်မထားဘူး”
မနှင်းဖွေး ၏ နှုတ်ခမ်းစူစူ အပြောကို မေမေက ဆေးဝယ်ဖို့ ပိုက်ဆံအိတ်ထဲ ပိုက်ဆံထည့်နေရင်းမှ ကြင်နာစွာကြည့်နေသည်။ ပြီးမှ ခေါင်းညိမ့်ပြပြီး စက်ဘီးစီးရင်း လမ်းတစ်ဖက်ရပ်ကွက်မှ ဆေးခန်းဆီသို့ ထွက်သွားတော့၏ ။
“မနှင်းဖွေး” ဖေဖေရှိရာ ကုတင်နားသို့ ပြန်ရောက်လာတော့ ဖေဖေက ဝေဒနာကို ကြိုးစားဖိသိပ်ရင်း မျက်လုံးတွေရှုံ့ကာ မှိတ်ထားလေသည်။ မနှင်းဖွေး ကျောင်းဝတ်စုံအဖြူအစိမ်းပင် မလဲသေးဘဲ … ကုတင်ဘေးနားမှာ ကျောင်းစာအုပ်တစ်အုပ် ဆွဲဖတ်ရင်း ထိုင်နေမိသည်။ စိတ်ကတော့ မေမေ့ကို မျှော်နေမိသည်။ မေမေပြန်လာလျှင် ဖေဖေလည်း ဆေးသောက်ပြီး သက်သာသွားမည်။ သူမအတွက်လည်း မုန့်တစ်ခုခု ပါလာပေလိမ့်မည်။
စိတ်ကူးအတွေးနှင့် ခုနက ဗိုက်ဆာသောစိတ်တွေ ပြန်ပေါ်လာသည်။ ခုတင်ဘေးနားမှာ ထိုင်နေတာ နာရီဝက်ကြာသွားပြီ။ မေမေက ပြန်မလာနိုင်သေး။ သုံးနာရီ လေးဆယ် … မနှင်းဖွေး အပြင်ဘက်ကို လှည့်တကြည့်ကြည့်ဖြစ်နေပြီ။ ကျူရှင်က လေးနာရီအတိ။ ကျောင်းက သုံးနာရီဆင်းသော်လည်း အိမ်ပြန်ရောက်တာက သုံးနာရီခွဲခါနီးမို့ ခု လေးနာရီ ထိုးကျော်ပြီ။ အမေက နောက်ဆယ့်ငါးမိနစ်မှ ပြန်ရောက်လာသည်။
အနီးနားရှိ ဆေးခန်းက ပိတ်နေသဖြင့် ပိုဝေးသည့်ဆေးခန်းကို သွားနေရသည်တဲ့။ မေမေက ဆရာဝန်ဆီက ဖေဖေ၏ ရောဂါလက္ခဏာတို့ကို သေချာပြောပြီး တိတိကျကျဝယ်လာခဲ့သော ဆေးတို့ကို ထုတ်တိုက်ဖို့ပြင်သည်။
“ ဒီဆေးက သောက်ပြီး မြန်မြန်သက်သာတယ်တဲ့သမီး။ သမီးအဖေသောက်နေကျ ဂျဲလ်မက်နဲ့လည်း မသက်သာဘူးပြောတော့ ဆရာဝန်က ဒီဆေးကို ပေးလိုက်တယ် …။ မေမေ … တိုက်လိုက်ဦးမယ်၊ သမီးက ရေခပ်နွေးနွေးလေးတစ်ခွက် ယူခဲ့ပေး …နော်”
မေမေက အမောပင်မဖြေနိုင်ဘဲ အရေးတကြီး ဆေးတွေထုတ်ကာ ဖေဖေ့ကို တိုက်ဖို့ ပြင်သည်။
“ အင်း … မေမေ ၊ သမီးကျူရှင်နောက်ကျတော့မယ်။ သမီးဖို့ ဘာပါလဲ ..”
“ အေး သမီးရယ်၊ ဆေးခန်းအဝေးကြီးသွားနေရတာနဲ့ မေမေ မ၀ယ်ခဲ့ရဘူး သမီးရယ်၊ ငါ့သမီး ဗိုက်ဆာနေတာလား”
“ အင်း ဆာနေတာပေါ့။ နေ့လည်ကလည်း ဘာမှမစားလိုက်ရဘူး ။ ကျောင်းက စောသွားရလို့ ”
“ မေမေလည်း သမီးအဖေက ဒီလိုထဖြစ်တော့ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ဘာမှကို မလုပ်နိုင်ပါဘူး သမီးရယ်၊ သမီးသိတဲ့အတိုင်း သမီးအဖေလဲသွားလို့ မဖြစ်ဘူးလေ …”
မေမေက မနှင်းဖွေးခေါင်းကို ခပ်ဖွဖွဖိအုပ်ကိုင်ရင်း မျက်လုံးများကို စိုက်ကြည့်ကာ ပြောသည်။ မနှင်းဖွေးကတော့ စိတ်မကျေမနပ်ကလေးဖြင့် မျက်နှာက မှုန်ကုပ်နေမိသည်။
“ခု သမီးလည်း ကျောင်းနောက်ကျနေပြီ မေမေ..”
“သြော် ဟုတ်သားပဲ၊ ကဲ .. ဒါဆို သမီး သွားတော့။ ညနေကျူရှင်က ပြန်လာတော့ … မေမေ ထမင်းအိုးတည်ပြီး သမီးအကြိုက် ထမင်းကြော်ပေးထားမယ် နော် ဟုတ်ပြီလား ..”
“မနှင်းဖွေး” မျက်နှာပုပ်ပုပ်ကြီးဖြင့် ကျူရှင်သို့ ထွက်လာခဲ့သည်။ စာသင်နေစဉ်တစ်လျှောက်လုံး ဗိုက်ဆာနေသဖြင့် လူက အလိုလို စိတ်တိုနေသည်။ စာတွေကလည်း အလွဲလွဲအမှားမှားဖြစ်လိုဖြစ် … နှင့်။
[၂]
ကျောင်းက ခုနစ်နာရီမှ ဆင်းသည်ဖြစ်ရာ အိမ်ပြန်ရောက်ပြီး စားရမည့်အမေ့လက်ရာ ထမင်းကြော်မွှေးမွှေးလေးကို မြင်ယောင်ပြီး စိတ်ပြန်တင်းရသည်။ ဒီလိုနှင့် … ဒီလိုနှင့်။ …
ခုနစ်နာရီဆယ်မိနစ်လောက်မှာ … ကျူရှင်မှ ပြန်ရောက်ပြီ။
အိမ်ပြန်ရောက်တော့ … မမ တစ်ယောက်လည်း ကျောင်းမှ ပြန်မရောက်သေး။ မေမေကတော့ မီးဖိုချောင်ထဲမှာ ထမင်းကြော်ဖို့ ပြင်ဆင်နေသံကြားရသည်။ မနှင်းဖွေး တစ်ယောက် ချက်ချင်းထမင်းကြော်မစားရသည်ကို သဘောမတွေ့။ မျက်နှာက စူပုတ်နေသည်။ ကူလုပ်ပေးဖို့ စိတ်မကူးမိ ။ အိမ်ရှေ့ထွက်ထိုင်ပြီး စိတ်ကောက်နေမိသည်။ ခုနစ်နာရီခွဲလောက်မှ မမကျောင်းမှ ပြန်ရောက်လာသည်။ ခဏကြာတော့ အမေက သူမတို့ နှစ်ယောက်ကို ထမင်းကြော်စားဖို့ လာခေါ်၏ ။
မနှင်းဖွေး မေမေ့မျက်နှာကို ခပ်လွှဲဖယ်ဖယ်လုပ်ကာ မေမေခူးပေးထားသော ထမင်းကြော်ကို ထိုင်စားလိုက်သည်။ မေမေကတော့ ဖေဖေ့အတွက် မြူစွမ်ပြုတ်ဖို့ ဆက်လုပ်နေသည်။ အရေးထဲမှာ မီးက ပြတ်သွားသဖြင့် မေမေတစ်ယောက် ညမှမီးမွှေးကာ မှောင်မည်းမည်းဖြင့် မြူစွမ်ဆက်ပြုတ်နေသည်။ မမကလည်း မနှင်းဖွေး ဘေးနားမှာထိုင်ပြီး ညီအစ်မနှစ်ယောက် စစားသည်။
ဗိုက်ဆာတကြီးနှင့် နှစ်ဇွန်း သုံးဇွန်းလောက် စားအပြီးမှာတော့ မနှင်းဖွေးနှင့် မမ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။ ထမင်းကြော်က ကြက်ဥတွေ နှစ်သုံး သုံးလုံးနှင့် ကြော်ထားပေမယ့် … မြန်မာငံပြာရည်မပါ။ ပဲငံပြာရည် သက်သက်ဖြင့် ကြော်ထားသည်။ ပြီးနောက် အချိုမှုန့်လုံးဝ မပါတော့ စားရတာ တစ်မျိုးကြီး ဖြစ်နေသည်။ အရင်နေ့က အမေ့လက်ရာနှင့် တခြားစီ။ ဗိုက်ကဆာနေရသည့်အထဲ ထမင်းကြော်က လုံးဝအရသာမရှိတာမို့ … မနှင်းဖွေး မေမေ့ကို ဒေါသတကြီး လှမ်းပြောမိသည်။
“ မေမေ … ”
“ဘာတုန်း သမီး၊ ထပ်ယူဦးမလား …။”
“မယူဘူး… မယူဘူး။ ထမင်းကြော်က ဘာမှလဲ စားမကောင်းဘူး။ ဗိုက်ဆာပါတယ်ဆို .. စိတ်ညစ်တယ်။ လာစားကြည့်ဦး …”
မေမေက မြူစွမ်အိုးကို ခဏထားခဲ့ပြီး မနှင်းဖွေးတို့ ညီအစ်မနှစ်ယောက်ထိုင်စားနေရာ ထမင်းစားပွဲဆီသို့ ရောက်လာသည်။
မနှင်းဖွေးပန်းကန်ထဲမှ တစ်ဇွန်းခပ်စားကြည့်လိုက်ရင်း … မေမေ့မျက်နှာမှာ အရိပ်တွေအများကြီး ဖြာထွက်သွားသည်။
“ သြော် … သမီးလေးရယ် ။ စားကောင်းပါတယ် .. နည်းနည်းလေးပေါ့နေတာ”
“ မေမေ အချိုမှုန့်မပါဘူး မဟုတ်လား”
မမက ဇွန်းကို လက်မှာဆက်ကိုင်ထားရင်း မေမေ့ကို မျက်လုံးလှန်ကာ မေး၏။
“ ဟုတ်တယ် သမီးရယ်၊ မေမေဒီနေ့ အလုပ်ရှုပ်နေတော့ အချိုမှုန့်ကုန်နေတာ သတိမထားမိဘူး။ သမီးငယ်ကလည်း ဗိုက်သိပ်ဆာနေတော့ … ပြေးဝယ်နေဖို့ အချိန်မရှိဘဲ မြန်မြန်ကြော်ပေးလိုက်တာ ”
“ ဘယ်လိုမှ စားမကောင်းဘူး။ ထမင်းကြော်က အချိုမှုန့်ပါမှ စားကောင်းမှာပေါ့ … ဗိုက်ဆာပါတယ်ဆို .. တော်ပြီ မစားတော့ဘူး ..။ စိတ်ညစ်တယ် …”
မနှင်းဖွေးက အသံကျယ်ကြီးဖြင့် ထမင်းစားပွဲမှာ ဆောင့်အောင့်အော်ဟစ်နေသည်။ မမကတော့ မနှင်းဖွေးကို ငဲ့စောင်းကြည့်နေပြီး ဘာမှတော့မပြောနိုင်။ သူလည်း ဒီထမင်းဘယ်လိုမှ အရသာမရှိတာကို ခံစားနေရသည်။
“ သမီးရယ် ၊ ဒီတစ်ခါတော့ စားလိုက်ပါကွယ်။ တော်ကြာ သမီးဗိုက်ဆာနေမှာပေါ့ …။ မေမေနောက်နေ့တော့ အချိုမှုန့်နဲ့ ထပ်ကြော်ကျွေးမယ်လေ”
“ ဟင့်အင်း ၊ ဘာထူးမှာတုန်း ။ ခု ဗိုက်ဆာတာကို … အရသာရှိရှိ မစားရတာ အဆိုးဆုံးပဲ။ တကယ်ပဲ … စိတ်ကုန်တယ်”
“မနှင်းဖွေး”က အငယ်ဆုံးအလိုလိုက်ထားခံရဆုံးမို့ တဖျစ်တောက်တောက် ပြောဆိုလို့ မပြီးနိုင်သေး။ ဗိုက်ဆာတုန်း အရသာမရှိတရှိကို စားလိုက်ရသဖြင့် ရမ်းကန်ဒေါသကြီးနေသည်။
ကြာလာတော့ … မနှင်းဖွေး၏ ဇွတ်တရွတ်ဟန်ကို ငေးစိုက်ရင်း မေမေ မျက်ရည်ကျလာသည်။
“ အေး … ငါ့မှာတော့ မီးဖိုချောင်ထဲမှာ စိတ်မဖြောင့် လက်မဖြောင့်နဲ့ ကြော်နေရတာ။ ညည်းတို့အဖေကို ကြည့်မယ့်သူကမရှိ ။ သူကလည်း နေမကောင်းတော့ ဒေါသထွက်လွယ်နေတယ်၊ နေ့လည်က ဆေးသွားဝယ်တာ အရင်က ဆေးမဟုတ်ဘဲ … ဈေးပိုပေးရတဲ့ဆေး ၀ယ်လာလို့တဲ့ … ငါ… ဘာလုပ်ရမှန်းကို မသိတော့ဘူး”
မေမေ့အသံက ဆို့နင့် တိမ်ဝင်သွား၏ ။
“ ညည်းတို့ မစားချင်ရင်လည်း မစားနဲ့တော့ … ရော့ အပြင်ထွက်ဝယ်စားမလား … သွားဝယ်စားကြချေ … သွားသွား .. ”
မေမေက မျက်ရည်စက်လက်နှင့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံချပ်ကလေးများကို ထုတ်ပေးသည်။ မျက်ရည်တွေ မေမေ့ပါးပြင်ပေါ် တရစပ်ကျဆင်းနေတာကို မနှင်းဖွေးရော မမပါ ရုတ်တရက် ငေးကြည့်နေမိကြသည်။
ပိုက်ဆံချပ်ကလေးများကို သူမတို့ရှေ့ တုန်တုန်ယင်ယင် ထိုးပေးနေသည့်၊ ချက်ပြုတ်လျှော်ဖွပ်သန့်ရှင်းရေး တစ်ယောက်တည်းထမ်းဆောင်ရသည့် နီရဲရဲ သွေးခြေဥနေသည့်လက်ဖ၀ါးတစ်ဘက်၊ တစ်ချို့တစ်ဝက် အသားမာတက်နေသည့် လက်ချောင်းများ … ဒါတွေကို ကြည့်ရင်း မမက မေမေ့ကို ထကာ ဖက်လိုက်သည်။
ခေါင်းမာသော မနှင်းဖွေးကတော့ … ထိုမြင်ကွင်းကိုကြည့်ရင်း .. နှုတ်ခမ်းတဆတ်ဆတ်တုန်ကာ တစ်ဖက်ကို လှည့်နေမိသည်။ “မေမေ ဘာငိုစရာလိုလို့လဲ”ဟု နှုတ်မှ တီးတိုးရေရွတ်နေမိသည်။ မနှင်းဖွေး ဆို့နင့်ကာ စိတ်ထဲမှာ ကိုယ့်ကိုကိုယ်မှားသွားပြီဟု သိပေမယ့် … မေမေ့ကို မတောင်းပန်ချင်။ ကိုယ့်ကိုကိုယ် ရှက်နေမိသည်။
ထိုတစ်နေ့ ညကအကြောင်း .. အခွင့်ကြုံ၍ ပြန်စဉ်းစားမိတိုင်း … မေမေ့ကို အားနာမိသည်။ သနားမိသည်။ ကိုယ်တိုင် ပိုက်ဆံရှာနိုင်သည့် အစွမ်းရှိပါလျက်နှင့် သားသမီးတို့ကို ကိုယ်ဖိရင်ဖိ ပြုစုလုပ်ကျွေးရင်း ဘ၀တစ်လျှောက်လုံး အချိန်တွေ နှစ်မြှုပ်ထားခဲ့သော မေမေ။ ကိုယ်တိုင်က ဥာဏ်ကောင်းစာတော်ပါလျက်နှင့် အကြောင်းအမျိုးမျိုးဖြင့် မဖြစ်မြောက်ခဲ့သောအခါ မနှင်းဖွေးတို့ သမီးတွေအပေါ်မှာ ရည်မှန်းချက်ကြီးကြီး ထားခဲ့ပုံတွေ၊ အ၀တ်အစားဆို ဂုဏ်တုဂုဏ်ပြိုင်မို့ ဆင်ချင်မှ ဆင်မည်။ သို့ပေသော်လည်း စာအုပ်ဆို တစ်ဒါဇင်လိုက်၊ ဘောပင်လ်ဆို တစ်ဗူးလိုက်၊ ကျောင်းစာနှင့် ပတ်သက်သမျှ ဘာလိုလို မျက်နှာမငယ်စေရဘဲ ဖြည့်ဆည်းပေးခဲ့သော မေမေ။ အစားအသောက်ဆိုလည်း ဘာစားချင်ချင် ဘယ်လောက်ဈေးကြီးကြီး တတ်နိုင်သည့်အချိန် ကိုယ်မစားဘဲ ၀ယ်ကျွေးတတ်သော မေမေ … ။ အိမ်အလုပ်တွေ အကူမခေါ်ဘဲ … ချက်ပြုတ်ဖွပ်လျှော် တစ်ယောက်တည်းလုပ်ပြီး ညရောက်လျှင် ခပ်ဝေးဝေးမှာ ဆယ်တန်းဝိုင်းတက်နေသော သမီးကို မှောင်နှင့်မည်းမည်း စက်ဘီးတစ်စီးနှင့် အချိန်မှန် မပျက်မကွက် လာကြိုတတ်သော မေမေ။ ည စာကြည့်ချိန်တစ်လျှောက်လုံး အစားအသောက်တွေ လုပ်ပေးရင်း ညဥ့်နက်သည်ထိ စာကြည့်နေသော သမီးနှင့် အိပ်ရေးပျက်ခံတတ်သော မေမေ။
နံနက်အိပ်ရာထ မှ ည အိပ်ရာဝင်ထိ မေမေသည် သူ့ဘ၀သူ ပျောက်ဆုံးနေခဲ့သူသာ ဖြစ်သည်။ သားသမီးများနှင့် မိသားစုတို့ကို သာယာပျော်ရွှင်စေရင်း ဓါးသွေးကျောက်တစ်တုံးပမာ သူမ၏အင်အားတွေ ပါးလျကုန်ဆုံးနေခဲ့တာ သူမလည်း သတိမထားမိခဲ့သလို မနှင်းဖွေးတို့ သားသမီးတွေလည်း စာအုပ်မျက်နှာကပ်ကာ မသိတတ်ခဲ့ချေ။
သားသမီးတွေ ထူးချွန်ဆုတွေ တက်ယူတိုင်း ခေါင်းမော့ရင်ကော့ကာ ပုဝါစ ပုခုံးနှစ်ဖက်စုံချရင်း အမောပြေခဲ့သော မေမေ။ မေမေ့မျှော်လင့်ချက်ကို သားသမီးတို့က အစွမ်းကုန် ဖြည့်စွမ်းမပေးနိုင်ခဲ့တော့ မေမေပဲ မျက်ရည်ထပ်ကျရပြန်သည်။ ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့မှာ… မနှင်းဖွေးက ငူငူငိုင်ငိုင် မျက်ရည်ကျရကောင်းမှန်းမသိ။ မေမေက .. “အခုတော့ မသိသေးဘူးပေါ့။ နောက်ကျတော့ … သိလာလိမ့်မယ်၊ ကိုယ် မအောင်မြင်ရတဲ့ ခံစားမှုကို ခံစားတတ်လာလိမ့်မယ် ။” ဟု ၀မ်းပန်းတနည်း ငိုရင်း မဆူမငေါက်တော့သောအခါ “မနှင်းဖွေး” ပိုခံစားရသည်။ မေမေကတော့ “နောက်ဆုံးပိတ် အိတ်နဲ့လွယ်” ဟု ဆိုကာ မနှင်းဖွေးအပေါ် မျက်နှာသာအပေးဆုံး၊ သနားအကြင်နာဆုံး။ “အငယ်ဆုံးပူတူးတူးလေး”ဟု တစ်ခါတစ်ရံ ကျီစယ်နောက်ပြောင်ရင်း မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ဖူးသည်။ သို့သော် မေမေကား အပေးအယူသီအိုရီထဲမှာ ပေးသလောက် ပြန်ရမသွားခဲ့သူသာ ဖြစ်ခဲ့ရသည်။
ထို့နောက်ပိုင်း မေမေပဲ စိတ်လျှော့သွားလေသလား။ လူ့သက်တမ်းမှာ အများကြီး ကြီးသေးသည်ဟု ယူဆလို့မရသော အရွယ်မှာ ကာလကြာရှည် အိပ်ရေးပျက်သည့်ဒဏ်၊ ပင်ပန်းသည့်ဒဏ်ချက်တို့ဖြင့် ပါကင်ဆန်ရောဂါဆိုးက ၀င်ရောက်မွှေနှောက်ခဲ့သည်။ မူးဝေတုန်ရီသည့်ဝေဒနာဖြင့် ရေချိုးလျှင် ရေချိုးပေးမည့်သူနှင့် လမ်းလျှောက်လျှင် အဖေါ်တစ်ယောက်ပါမှ လျှောက်ရဲသည်အထိ ယိုယွင်းလာခဲ့သည်။ ထိုအချိန်မှာ မနှင်းဖွေးတို့ အမေ့ကို မငြိုမငြင်ဘဲ ပြုစုနိုင်ခဲ့ပါသလား။ မသိတတ်သေးသည့်စိတ်မှာ ပျင်းရိကာ တွက်ကပ်ဖို့ပဲ စဉ်းစားခဲ့သည်။ မေမေ … ဘယ်လောက်များ ၀မ်းနည်းစိတ်မကောင်းဖြစ်ခဲ့လိမ့်မလဲ …။
နောက်ဆုံး ချော်လဲပြီး အရိုးကျိုးသည့် ဒဏ်ရာသည် မေမေ့အားလောကမှ ပျောက်ကွယ်သွားစေနိုင်သည့်လောက် မပြင်းထန်ပါဘဲနှင့် … နိုဝင်ဘာ၏ နေ့စွဲတစ်ခုမှာ မေမေ … မနှင်းဖွေးတို့ကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ပုံမှာ မနှင်းဖွေးတို့ကို တစ်သက်တာ ရင်နာစေလိမ့်မည်ဟု မေမေကား သိနိုင်လိမ့်မည် မဟုတ်တော့ချေ။
အခုတော့ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ။ ထမင်းကြော်စားတိုင်း မေမေ့ကိုသတိတရ မဖြစ်သည်မရှိ။ အချိုမှုန့်တွေ မစားသုံးသင့်ကြောင်းလည်း မနှင်းဖွေး သိခဲ့ရပြီ။ အဲဒီအချိန်တုန်းက မေမေ့ကို အနည်းဆုံး မမလို ထွေးဖက်ရင်း တောင်းပန်သင့်ခဲ့သည်မဟုတ်ပါလား။
ဖေဖေ့အတွက် စိုးရိမ်နေမည့်မေမေ၊ အိမ်ရှင်မတစ်ယောက်ထမ်းပိုးရသည့် တာဝန်တွေက ကူဖော်လောင်ဘက် မရှိသည့်မေမေ တစ်ယောက်တည်းအတွက်တော့ ပုခုံးနှစ်ဖက်ပေါ်မှာ တကယ့်ကို မနိုင်မနင်းပါလား။ ငွေရေးကြေးရေးဦးဆောင်ရှာဖွေသူ လဲကျသွားလျှင် မနှင်းဖွေးတို့သားသမီးတွေ အနာဂတ်လည်း အလင်းရောင်ပျောက်ရှသွားမည်ကို ရင်နဲ့အမျှ ဘယ်လောက် ပူလောင်စိုးရိမ်နေခဲ့ရရှာလိမ့်မလဲ ။
မနှင်းဖွေးတစ်ယောက်…မည်မျှ မသိတတ်ခဲ့ပါသနည်း။
အမြဲတမ်း ဘယ်အခြေအနေမျိုးမဆို “ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးစားဖို့သွန်သင်ခဲ့သော” မေမေ့ကို လွမ်းလှပါသည်။ အခုတော့ မနှင်းဖွေးလည်း ကိုယ့်ဘာသာကိုယ် ထမင်းကြော်တတ်သွားခဲ့ပါပြီ။ ကိုယ့်ဘာသာကိုယ်ကြော်ရင်း အချိန်တိုင်းစားမကောင်းနိုင်တာကိုလည်း နားလည်ခဲ့ပါပြီ။ အထူးသဖြင့် စိတ်မဖြောင့်လက်မဖြောင့် ပူလောင်နေရသောအခြေအနေမှာ … ဘယ်လိုမှ အရသာကောင်းထွက်ဖို့နေနေသာသာ ထမင်းကြော်ဖြစ်လာအောင် ကြော်ပင်ကြော်ဖို့ မတတ်နိုင်ခဲ့တာ ရိုးသားစွာ ၀န်ခံမိပါသည် မေမေ …။
မေမေရေ … အဲတုန်းက မေမေ့ကို တောင်းပန်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ အဲတုန်းက မတောင်းပန်ဖြစ်တောင် အဲသည်အကြောင်းကို နောက်ပိုင်းစိတ်ထဲမှ တွေးကာ စိတ်မကောင်းဖြစ်ရသည့်အချိန်တွေမှာ မေမေ့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတောင်းပန်မိခဲ့ဖို့ကောင်းပါသည်။ ခုတော့ မေမေကြားအောင် ဘယ်တော့မှ တောင်းပန်ခွင့်မရတော့ …။
တောင်းပန်သည့်စကားကို မမျှော်လင့်ဘဲ ကြားခဲ့ရလျှင်တော့ မေမေ မျက်ရည်များကြားမှ ပြုံးကာ မနှင်းဖွေးကို ရင်ခွင်ထဲထည့်ကာ ထွေးပွေ့ထားပါလိမ့်မည်။ အဲသည်လို မနှင်းဖွေးတို့ ဘယ်လောက်ဆိုးဆိုး ဘယ်တော့မှ အပြစ်မယူ ခွင့်လွှတ်ပေးတတ်သော၊ ဘယ်တော့မှအရောင်ပြောင်းမသွားသော ကောင်းကင်ရင်ခွင်ကြီးကို အတိုင်းအဆမဲ့ လွမ်းမိသည်။ အခုအချိန် မေမေ့ဆီမှာ တောင်းပန်ခွင့်ရရှိပြီး နှစ်သိမ့်ရွှင်လန်းသွားမည့်မေမေ့အပြုံးကို လတ်ဆတ်စွာ မြင်တွေ့ခွင့်ရမည် ဆိုလျှင် “မနှင်းဖွေး”…ဘာနှင့်မဆို လဲပစ်လိုက်ဦးမည်သာ ဖြစ်သည်။
အခုတော့ …. ။
“လူတွေ ဆိုတာ … ဘ၀မှာ ပိုင်ဆိုင်ရရှိနေတာတွေကို နားလည်တန်ဖိုးထားရကောင်းမှန်းမသိဘဲ အဲဒါတွေ ကိုယ့်ဘ၀ထဲက ထာဝရ ပျောက်ကွယ်ဆိတ်သုဉ်းသွားပြီဆိုမှ မက်မက်မောမော တမ်းတတန်ဖိုးထားတတ်လာကြတဲ့သူတွေ”လို့ ဆရာဖေမြင့် ပြောခဲ့ဖူးတာ သွေးထွက်အောင် မှန်တယ်မဟုတ်လား … မေမေရေ … ။ ။
ဆည်းဆာသည် နေ့အလင်း၏နေခြည်ဖျော့ဖျော့ကို ၀တ်ဆင်ကာ နုအိသော လက်ဖ၀ါးနှစ်ဖက်ဖြင့် အမှောင်ကန့်လန့်ကာကို ဆွဲချသွားသည်။ ညအမှောင်ထဲမှာ အလွမ်းကိုခြုံရင်း အစိမ်းရောင်သစ်ရွက် ကလေးတစ်ရွက် … ကောင်းကင်ပြာရောင်စဉ်ကို မှန်းဆရင်း ညစဉ် တိတ်ဆိတ်စွာ တမ်းတရှိုက်ငိုနေခဲ့ဖူးပါသည်။ သို့ပေမယ့် နံနက်တစ်ခုသစ်တိုင်းမှာ အတိတ်သည် … အမှတ်တရများမှလွဲ၍ ဘာကိုမှတရားဝင် ပြန်မက်ခွင့်မရှိသော အိပ်မက်တစ်ခုလို … ဟိုးအဝေးကြီးမှာ “မေမေ” ကျန်နေရစ်ခဲ့သည် …။
“ခွင့်လွှတ်ပြုံး”ကလေးနှင့် … ။ ။

~●♦♥♥♥♦♥♥♥♦♥♥♥♦♥♥♥♦♥♥♥♦♥♥♥♦●~

[၃]

[၄]

“ လေပြည်ချမ်းချမ်း ”
Nov 7th: 2013
Thursday: 6:41pm
Nov 7th: 2013
Thursday: 6:41pm
Comments
Post a Comment