Skip to main content

Chit Chin Char Eain Mat Hman Nayan Myar


တိမ်တွေခြေရင်းမှာ 
အိပ်မက်ကြိုးတွေ ချည်ထားတယ်။
မြေပြင်မှာ လူငယ်လေးတစ်ယောက်
ဖိနပ်ကြိုးတွေ ချည် … လို့ ။

အတိတ်စိမ်းစိမ်းမှာ
ရင်ဘတ်ပေါ်ဖြတ်လျှောက်သွားတဲ့ခြေရာတွေ
ကတ္တရာလမ်းမတစ်ခုလို
သူ ပျော်ပျော်နင်းဖြတ်သွားတယ် . . . ။

ခခယယ ကမ်းလင့်နေတဲ့လက်ထက် 
ကျောခိုင်းထားတဲ့ရင်ဘတ်ကို လွမ်းနေတတ်တာမျိုး
အလွယ်​ဖတ်လို့ရတဲ့ကဗျာကို သီချင်းတစ်ပုဒ်လောက်
အလေးအနက် မခံစားတတ်တာမျိုး ။

တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန်ငေးပြီး
တစ်လှမ်းချင်းတစ်လှမ်းချင်း နောက်ပြန်ဆုတ်ကြတာပေါ့
တရွေ့ရွေ့ဝေး တမြေ့မြေ့ဆွေး ကာရံတွေက လှည့်စားတတ်တယ်လို့ 
ကိုယ့်ကိုကိုယ် ယုံကြည်လာတဲ့ထိ အိပ်မက်တွေကို အဖော်ပြုမယ် ။

ကိုယ်ကြိုက်သလို အိပ်မက်တွေကို
အိပ်မပျော်ခင် စီစဉ်ညွှန်ကြားလို့ရမှာလား …
‘အိပ်မက်’ ဆိုတာ ‘အချစ်​’လိုပဲ
တံခါးတွေ ဓါးတွေ မကြောက်တတ်ဘူး ကြားတယ် ။

အညွှန်းတပ်မထားတဲ့ အိပ်မက်တွေနဲ့
ခက်ခက်ခဲခဲ အမှောင်တွေစားသုံးပြီး
မနက်ခင်းတစ်ခု
လေပြည်ထဲမှာ အသစ်ချိတ်ဆွဲတဲ့အခါ ...။
                                                      
ဟော … ထုံးစံအတိုင်း 
အိပ်မက်က လမ်းလျှောက်ထွက်သွားပြီ
အချစ်မှာတော့ 
ခုထက်ထိ လိပ်စာကဒ် မရှိသေးဘူး ။        ။

#လေပြည်ချမ်းချမ်း 
June16th /6:27 pm/ 2014/Monday!

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´