🍃"သစ်ရွက်တွေရဲ့ဆောင်းဒိုင်ယာလော့ဂ်"🍃
🍃🍁🍁🍁🍂🍂🍂🍂🍂🍁🍁🍁🍃
[၁]
ကမ္ဘာလောကကြီးက သစ်ပင်ကြီးတစ်ပင် ...ဆိုရင်
ကိုယ်ဟာ အစိမ်းရောင်သစ်ရွက်လေးတစ်ရွက် ။
ကိုယ်တကယ်ရင့်ကျက်ပြီလား ။
လေတိုက်တိုင်းလည်း လွင့်မျောရမှာကြောက်တယ် ။
မိုးရွာတိုင်းလည်း စွတ်စိုမှာကြောက်တယ် ။
စွတ်စိုပြီးတိုင်းလည်း ပြန်မခြောက်သွေ့မှာကြောက်တယ် ။
လွင့်မျောပြီးတိုင်းလည်း အရင်နေရာပြန်မရောက်မှာ ကြောက်တယ် ။
မေးပါရစေဦး ။
လွင့်မျောပြီးတိုင်းလည်း အရင်နေရာ ပြန်ရောက်ကြလို့လား ...
စွတ်စိုပြီးတိုင်းရော ခပ်လွယ်လွယ် မြန်မြန်ပြန်ခြောက်တတ်လို့လား ။
[၂]
ပြတင်းဘောင်ပေါ် ခဏတာနားနေတဲ့ အဖျားကော့လိပ် သစ်ရွက်အိုဟောင်းက
ဆောင်းညှို့လေဆီ မိုးရာသီနောက်နားစွန်းနေ့ရက်တွေဆီကနေ ငေးတယ်။
ဒီနှစ်ဆောင်းကတော့ ရေခဲမှုန်တွေနဲ့ နှင်းမှုန်တစ်ဝက် သိပ်လှမှာသေချာသတဲ့။
ကိုယ် ရှိရှိ မရှိရှိပေါ့ ... ဆောင်းကတော့ ရောက်လာဦးမှာပဲ။
အရင်လို လှပအေးချမ်းတဲ့ နှင်းမှုန်သခင်မရဲ့ဆံနွယ်ဖြူတွေလည်း
မြောက်လေညင်းမှာ ၀ဲပျံလို့။
ကမ္ဘာမြေကို နွေးထွေးခြင်းအကြောင်း နားလည်အောင် အေးစိမ့်ခြင်းတွေ အရင်သင်ပြပေးလိမ့်ဦးမယ်။
မီးမတောက်ခင် လောင်စာဖြစ်ဖို့
စိမ်းရာကနေ ရင့်ရတယ်။ ရင့်ရာကနေ အိုဟောင်းခြောက်သရောင်းသွားရတယ် ။
မကြာခင် ဆောင်းမနက်ခင်းတစ်ခုမှာတော့ ...
ငါဟာ ဟောဟိုအဝေးကောင်းကင်ကြီးဆီ တိမ်တွေနဲ့ အလှပြိုင်ဖို့ အပေါ့ပါးဆုံး ထွက်ခွာသွားရတော့မှာပဲ။
[၃]
'မီးခိုး'တွေဆိုတာ အဆင်ဆင့်ပြောင်းလဲမှုရဲ့ နောက်ဆုံးဖြစ်တည်မှုလား။
'ကြောက်ရွံ့မှု'က ဘယ်မှာလဲ ... ။
'ကြီးကျယ်ခမ်းနားမှု'ကရေ
'လိုအင်ဆန္ဒ'တွေကရော ... ဘယ်မှာလဲ ။
သဘာဝတရားကြီးထဲမှာ
မီးခိုးတွေဟာ... အပေါ့ပါးဆုံး လွင့်ဝဲလို့ ။ ။
#လေပြည်ချမ်းချမ်း
10:12 PM/Oct 4th/2016/Tuesday.
Comments
Post a Comment