[ ရောင်းရန်မဟုတ်သည့် နာကျင်ဒဏ်ရာများ ]
🎈💛💙💜💚💛💛💛💚💜💙💛🎈
ကြေကွဲစရာသီချင်းများ ညည်းဆိုဖို့
ကိုယ့်အသည်း မခိုင်ဘူး။
ဒါပေမယ့်လည်း
ထပ်ပြန်တကျော့ကျော့သီဆိုနေရ
မနှစ်မြို့စရာ Chorus အပိုဒ်ရယ်
Version အမျိုးမျိုး ပြောင်းပြောင်းဆိုနေရတော့လည်း
ဘဝဆိုတဲ့ တေးစီးရီးမှာ အဝင်အထွက် အချီအချ
စိတ်ထဲဘယ်လောက်ပေါက်ကွဲကွဲ
ညင်သာစွာ အဖွင့်အပိတ်သပ်ရပ်တတ်ပြီ ။
ချစ်မြတ်နိုးဖွယ် ကြင်နာတတ်သူလေးရေ...
အချစ်ဆိုတာ ကိုယ်နားမလည်ဘူး
စွန့်လွှတ်ခြင်းလား ပေးဆပ်ခြင်းများလား
ဘာကိုမှအလကားမရတတ်တော့လည်း
ကတ်ဦးထုပ်ကလေးနဲ့ မျက်ဝန်းခပ်ရီရီမင်းရဲ့အပြုံး
ကိုယ် မြင်လို့ကြည့်မိရုံလောက်ပဲ
ကိုယ့်ထောင့်ချိုး မင်းထောင့်ချိုး
တစ်လမ်းဆီတူတူချိုးဝင်ဖြစ်မယ်ဆို
အတွေးမိုးတိမ်ထက် မင်းအကြောင်းအပြုံးတစ်စကို
ခံစားချက် Canvas ပေါ် ကိုယ်ပန်းချီဆွဲမိမှာပဲ
Inspiration အပြည့်နဲ့
အသည်းနှလုံးပြခန်းတစ်ခုပေါ်ချိတ်ဆွဲတဲ့အခါ
သိပ်များ `ခရေ´ဆန်သွားမလား ...
သိပ်များ `စံပယ်´ဆန်သွားမလား ...
`နှင်းဆီ´ရေ... ဆူးတွေငှားပါကွဲ့
Not For Sale စာတန်းမချိတ်ဆွဲခင်
သူများတွေ လေလံဆွဲသွားမှာ ကြောက်လို့ ...။
ကြေကွဲစရာသီချင်းများ ညည်းဆိုဖို့
ကိုယ့်အသည်း မခိုင်ဘူး။
ဒါပေမယ့်လည်း
ထပ်ပြန်တကျော့ကျော့သီဆိုနေရ
မနှစ်မြို့စရာ Chorus အပိုဒ်ရယ်
Version အမျိုးမျိုး ပြောင်းပြောင်းဆိုနေရတော့လည်း
အချစ်ဆိုတဲ့ တေးစီးရီးမှာ အဝင်အထွက် အချီအချ
စိတ်ထဲဘယ်လောက်ပေါက်ကွဲကွဲ
ညင်သာစွာ(ကိုယ်) အဖွင့်အပိတ်သပ်ရပ်တတ်ပြီ ။ ။
#လေပြည်ချမ်းချမ်း
2:14 AM/ Mar 27th/ 2016/ Sun.
Comments
Post a Comment