“ နိုင်ငံကာအမေများနေ့
”
💝💝💝💝💝💝💝💝
[ International
Mother’s Day ]
‘အမေနေ့’
ဆိုတာ မိခင်ဘ၀ရဲ့ ဖြစ်တည်မှု နဲ့ မိခင်များရဲ့ လူမှုအဖွဲ့အစည်းအပေါ် လွှမ်းမိုးသက်ရောက်မှုကို
အထူးပြုညွှန်းဖွဲ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရပ်ဒေသအသီးသီးမှာ ကျင်းပတဲ့နေ့ရက်တွေ
ကွဲပြားခြားနားပေမယ့် အများအားဖြင့် နွေဦးရာသီလိုမျိုး (ဧပရယ် ၊ မေ … စသဖြင့်) လတွေမှာ
ကျင်းပကြလေ့ရှိပါတယ်။
‘အမေနေ့’
အထိမ်းအမှတ်ပွဲတွေကျင်းပခြင်းကို အမေရိကားမှာ (၂၀)ရာစုနှစ်ရဲ့အစောပိုင်းကာလများမှာ ကတည်းက စတင်ခဲ့ပြီး တခြားနိုင်ငံတွေမှာ ‘အမေနေ့’ရယ်လို့
သီးသန့်သတ်မှတ်ချက် မရှိသေးပေမယ့်လည်း အမေများနဲ့ဆိုင်တဲ့ ဘာသာရေးနေ့တွေတော့ ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ … ‘အမေနေ့ ‘ထင်ပေါ်ကျော်ကြားလာတဲ့အခါ ရှိရင်းစွဲနေ့ရက်တွေကို ‘အမေနေ့’
အဖြစ် နိုင်ငံတော်တော်များများမှာ မှတ်ယူကျင်းပခဲ့ကြပါတယ်။
“ အမေနေ့
သမိုင်း ” (Mother’s Day History)
~●●●●●●●●●●●~
ခေတ်သစ်အားလပ်ရက်ဖြစ်တဲ့
‘အမေနေ့’ကို အမေရိကန်နိုင်ငံမှာ (၁၉၀၈) ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အန်နာ ဂျားဗစ်စ်
ဟာ အနောက်ဗာဂျီးနီးယားပြည်နယ်၊ ဂရစ်ဖ်တွန်မြို့မှာ သူမရဲ့မိခင်အတွက် အမှတ်တရကျင်းပခြင်းကနေ
စတင်ခဲ့ပါတယ်။ ယူနိုက်တက်စတိတ် မှာ အမေများနေ့ရယ်လို့
အားလပ်ရက်အဖြစ် သတ်မှတ်ဖြစ်ဖို့ အန်နာရဲ့မိခင်ကြီးကွယ်လွန်ခဲ့တဲ့ (၁၉၀၅)ခုနှစ်က စတင်ခဲ့ပါတယ်။
အန်နာရဲ့ရည်ရွယ်ချက်ကတော့ သူမမိခင်ကြီး စတင်လုပ်ဆောင်ခဲ့တဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားခြင်းဖြင့်
သူမမိခင်ကြီးကို အလေးအမြတ်ဂုဏ်ပြုပြီး၊ ‘ကမ္ဘာပေါ်မှာ သူများတွေလုပ်ဆောင်ပေးနိုင်တာထက်
သင့်အတွက်ပိုပြီး လုပ်ဆောင်ပေးခဲ့တဲ့ အမေ’ ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့
‘အမေနေ့’ ဆိုတာ ထားရှိပေါ်ပေါက်လာစေဖို့ ဖြစ်ပါတယ်။ သူမမိခင် အန်း ရိဗ်စ် ဂျားဗစ်စ်ဟာ
ပြည်တွင်းစစ်မှာ နှစ်ဖက်စလုံးကဒဏ်ရာရစစ်သားတွေကို
ကူညီစောင့်ရှောက်ပေးနေတဲ့ ငြိမ်းချမ်းရေးစွမ်းဆောင်သူတစ်ယောက်ဖြစ်ပြီး အများပြည်သူကျန်းမာရေးရာကို
ရည်ညွှန်းလုပ်ဆောင်တဲ့ “ Mother’s Day Work Club” တွေကို တည်ဆောင်ထားခဲ့တဲ့သူ ဖြစ်ပါတယ်။
အန်နာဟာ သူ့မိခင်ကြီးစတင်ခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို လုံးလုံးလျားလျား ပခုံးပြောင်းလွှဲယူခဲ့ပါတယ်။
သမီးအန်နာရဲ့
ရည်ရွယ်စွမ်းဆောင်ချက်တွေကြောင့် ဂျားဗစ်စ်မိသားစုရဲ့ မွေးရပ်ဒေသဖြစ်တဲ့ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ
၁၉၁၀ ခုနှစ်က ပထမဆုံးစတင်ပြီး ၊ နောက်ပိုင်းမှာ တခြားပြည်နယ်အများအပြားထိ ‘အမေနေ့’ဆိုတာကို
နားလည်သိမှတ်လာကြပါတယ်။ (၁၉၁၄)ခုနှစ်မှာတော့ အမေရိကန်သမ္မတ္တ ၀ုဒ်ရိုးလ် ၀ီလ်ဆင်ဟာ အမေတွေကို
ဂုဏ်ပြုသောအားဖြင့် နှစ်တစ်နှစ်ရဲ့ ‘မေလ ဒုတိယပတ် တနင်္ဂနွေနေ့’တိုင်းကို နိုင်ငံရဲ့
အမေနေ့ ၊ အမျိုးသားအားလပ်ရက် အဖြစ် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
‘ မိသားစုဆိုတဲ့နှောင်ကြိုးတွေကို
အမြဲထာဝရ ချည်နှောင်ထားတဲ့ ‘အိမ်’ဆိုတဲ့ နေရာလေးကို ရောက်လာပြီး သားတွေ၊သမီးတွေအနေနဲ့
မိခင်၊ ဖခင်များနဲ့ လာရောက်ဂါရ၀ပြုတွေ့ဆုံကာ မိသားစုဘ၀လေးကို အသီးသီးအလေးအမြတ်ပြုကြမယ့်
မိသားစုနေ့လေးတစ်နေ့ပါ’ လို့ ဆိုပါတယ်။
အန်နာဟာ
‘အမေနေ့’ တည်ထောင်ခြင်းမှာ အောင်မြင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဒီနေ့လေးအပေါ်မှာ စီးပွားအမြတ်ထုတ်မှုတွေနဲ့ တစ်ချို့သောကုမ္ပဏီတစ်ချို့ရဲ့
ကိုယ်ကျိုးရှာမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာရပါတယ်။ (၁၉၂၀)ခုနှစ်များရဲ့ အစောပိုင်းမှာ
ဟောမတ်ခ်နဲ့ တခြားကုမ္ပဏီတွေမှာ Mother’s Day ကတ်တွေကို ရောင်းချလာကြပါတယ်။ အစပထမပိုင်းမှာ
လူတွေဟာ အမေများနေ့ကိုရောက်ရင် ဘုရားကျောင်းတက်တယ်။ မိခင်ဆီ စာတွေရေးကြတယ်။ နောက် ကတ်တွေ၊
လက်ဆောင်တွေနဲ့ ပန်းတွေ လည်း ပို့ကြတယ်။ လက်ဆောင်ပေးတဲ့အလေ့အထ ကျယ်ပြန့်လာတဲ့အခါ စီးပွားရေးဆန်လာခဲ့ပါတယ်။ ဂျားဗစ်စ်ဟာ ဒီနေ့လေးအပေါ်မှာ သူမအပြင်းအထန်ကန့်ကွက်ခဲ့တဲ့
စီးပွားရေးခေါင်းပုံဖြတ်မှုနဲ့ တလွဲအဓိပ္ပါယ်ကောက်မှုတွေကြောင့် တော်တော် ခါးသီးလာပြီး
'အမေနေ့'ဆိုတာကိုတောင် ရပ်ဆိုင်းထုတ်ပယ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
( ပြည်တွင်းစစ်လည်း
ဖြစ်ခဲ့တော့ စစ်ဖြစ်တဲ့အခါ တစ်ခုခုဆို ခွင်ရှာပြီး ကိုယ့်အိတ်ထဲကိုယ် နည်းအမျိုးမျိုးနဲ့ပစ်ထည့်တတ်တဲ
့ ကော်ဇောအိတ်သမားတွေလည်း ရှိခဲ့မှာပါ။ အဲဒါကြောင့်မို့လည်း ပရဟိတလုပ်ငန်းတွေလိုမျိုးကို
ကြိုးစားပမ်းစားလုပ်နေခဲ့တဲ့ အန်နာဂျားဗစ်စ်အတွက် အစကတည်းက ကိုယ့်တစ်ဘို့တည်းကြည့်ပြီး
အမြတ်ထုတ်မှု၊ ခေါင်းပုံဖြတ်မှုတွေနဲ့ စီးပွားရေးသမားတွေ ဒီ'အမေနေ့'လေးကို ခုတုံးလုပ်မှုကို
မခံမရပ်နိုင်ဖြစ်ခဲ့တာ လို့ ထင်မြင်မိပါတယ်။ /စကားချပ် )
‘အမေနေ့’အပေါ်မှာ
သူမကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဟာ စိတ်ခံစားမှုအရ မိဘနှင့်သားသမီးကြားမှာ သိမ်မွေ့နက်ရှိုင်းတဲ့မေတ္တာတရားကို
လက်တွေ့ဖော်ကျူးဖို့ဖြစ်ပြီး ဒီလိုနေ့လေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာဖို့အတွက်
မဟုတ်ခဲ့ပါဘူး ။သူမဟာ ဒီကိစ္စတွေကို
သပိတ်မှောက်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပြီး တရားစွဲဆိုဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ စီးပွားရေးအမြတ်ထုတ်မှုတွေကို
ဒီနည်းနဲ့ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။ (၁၉၂၃)ခုနှစ်၊ ဖိလစ်ဒဲဖီးယားမှာ ချိုချဉ်ပြုလုပ်သူများကွန်ဗန်းရှင်းကို
ဆန့်ကျင်တားဆီးခဲ့ပါတယ်။
နောက်ထပ်နှစ်နှစ်အကြာမှာ
ကာနေရှင်းပန်းတွေ၊ မိခင်များနေ့နှင့်ဆက်နွယ်သည့်ပန်းတွေရောင်းချခြင်းနဲ့ ငွေတိုးပွားအောင်
လုပ်နေကြတဲ့ American War Mothers ရဲ့ အလွတ်သဘောဆွေးနွေးချက်ကို သူမ ကန့်ကွက်ပယ်ချခဲ့ပြီး၊ အဲဒီနောက်မှာတော့ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်
သူမ၏ကန့်ကွက်မှုကို ရပ်တန့်ခဲ့ရပါတယ်။
(၁၈၇၀) ခုနှစ်များနဲ့
(၁၈၈၀) ခုနှစ်များမှာ မိခင်များကိုသီးသန့်ဂုဏ်ပြုတဲ့
နေ့တစ်နေ့သတ်မှတ်ဖို့ ကြိုးစားခဲ့တဲ့သူတွေလည်း အမေရိကမှာ အများကြီးရှိခဲ့ပါတယ်။ ‘ဂျူလီယာ
ဝထ် ဟိုဝီ’ ဟာ (၁၈၇၀)ခုနှစ်များမှာ ငြိမ်းချမ်းရေးအတွက် 'အမေနေ့'ကို တည်ထောင်ဖို့ ကြိုးစားခဲ့ပြီး
‘ကလေးများနေ့’ပါဝင်တဲ့ ပရိုစတက်တင့် ကျောင်းအထိမ်းအမှတ်ပွဲနဲ့လည်း ‘ အမေနေ့’ ဖြစ်ပေါ်လာဖို့ ဆက်စပ်မှုရှိခဲ့ပါတယ်။ ရိုးရာဓလေ့အတိုင်း မူလအစကရှိခဲ့တဲ့ Mothering
Day ကိုတောင် အခြေပြုခြင်း မရှိဘဲ ဂျားဗစ်စ်ဟာ 'နိုင်ငံတကာအမေနေ့'ကို သူကိုယ်တိုင်
ဦးဆောင်ဖန်တီးတည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျားဗစ်စ်ရဲ့
ဒီ ‘အမေနေ့’ အားလပ်ရက်လေးကို တခြားနိုင်ငံတွေကပါ ဆက်ခံယူခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးမှာ
‘အမေနေ့’ အထိမ်းအမှတ်ရက်ကလေးကို မေလရဲ့ဒုတိယပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပလျက်ရှိပါပြီ။
‘အမေနေ့’ မှာဆိုရင် ကိုယ့်အမေ၊ နောက် .. ကိုယ့်မိဘနဲ့တစ်တန်းတည်းထား ချစ်ခင်လေးစားရတဲ့
ကိုယ့်အဘွား စတဲ့ ပုဂ္ဂိုလ်တွေကို Mother's Day ကတ်ကလေးတွေ၊ ပန်းစည်းလေးတွေ၊ လက်ဆောင်လေးတွေကို
သတိတရ၊ အမှတ်တရ ပေးပို့တဲ့ ယဉ်ကျေးမှုလေးတွေ ထွန်းကားနေပါပြီ။
တည်ထောင်သူရဲ့
စိတ်ရင်းရည်ရွယ်ချက်ဟာ … ဒီလိုအမေများနေ့လေးမှာ လက်တွေ့ဆန်ဆန် မိခင်ဆီကို ကိုယ်တိုင်ရဲ့လက်ရေးလေးနဲ့
ရေးသားပေးပို့နှုတ်ခွန်းဆက်တာမျိုး၊ လူကိုယ်တိုင် မိခင်ကို ပွေ့ဖက်နွေးထွေးစေပြီး (ဥပမာ
- အမေ စားဖို့အတွက် အမေကြိုက်တဲ့ ကိတ်မုန့်၊ ကွတ်ကီးစသဖြင့် အစားတစ်ခုခု ကိုယ်တိုင်လုပ်ကျွေးတာမျိုး
…) ကိုယ့်ရဲ့ဂရုတစိုက်ရှိမှုနဲ့ အမေ့အပေါ် ကျေးဇူးတင်ရှိမှုကို ဖော်ပြတာမျိုးသာ ဖြစ်ပါတယ်
… တဲ့။
ကမ္ဘာပေါ်က
ကလေးတစ်ယောက်တိုင်းနဲ့ မိခင်တစ်ယောက်တိုင်းကို ကိုယ်စားပြုပြီး Mothers’ Day လို့ မရည်ညွှန်းဘဲ Mother’s Day ရယ်လို့
အတည်ပြုသတ်မှတ်ခဲ့ပါတယ်။
[
Ref: Wikipedia, the free
encyclopedia နှင့် 123holiday.net မှ အချက်အလက်များကို
ကောက်နုတ်တင်ပြပါသည်။ ]
“ လေပြည်ချမ်းချမ်း
”
P.S : မြန်မာနိုင်ငံရဲ့
သီးသန့် 'အမေများနေ့'ကတော့ နှစ်တိုင်းနှစ်တိုင်းရဲ့ “ပြာသိုလပြည့်နေ့” ဖြစ်ပါတယ်။
Comments
Post a Comment