သို့
“ မေမေ” …
“မေမေ ...ထာဝရပျော်ရွှင်ငြိမ်းချမ်းပါစေ … ။”
“ လေပြည်ချမ်းချမ်း ”
[၂၀၁၃ - ခုနှစ်၊ မေလ (၁၂)ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတကာအမေများနေ့အမှတ်တရ - "သို့မေမေ " ကဏ္ဍတွင် ရွေးချယ်ခံခဲ့ရသည့် စာလွှာငါးစောင်မှ " မေမေ့အတွက်အမှတ်တရ ဆောင်းပါး"၊ ပတ္တမြား FM ]
“ မေမေ” …
သစ်ပင်လေးတွေက မှီခိုကုပ်တွယ်အားထားစရာ မြေကြီးရဲ့ ရင်ခွင်လိုအပ်တယ်။
ပြုစုယုယမယ့် ဥယျာဉ်မှူးရဲ့ လက်တစ်စုံ လိုအပ်တယ်။ အေးမြတဲ့ ရင်ခွင်ရိပ်၊
နူးညံ့ကြင်နာတဲ့ အပြုံးတစ်ပွင့်၊ သိမ်မွေ့တဲ့ နှုတ်ခမ်းတစ်စုံ...
နဲ့ အားမာန်တွေ ဖြည့်ပေးတတ်တဲ့ မေမေ့ရဲ့တလက်လက် မျက်ဝန်းတွေ …
ဒီရပ်ဝန်းလေးထဲက ထာဝရ ပျောက်ကွယ်သွားခဲ့တာ မနေ့တစ်နေ့ကလိုပါပဲ … ။
မုန်တိုင်းနဲ့တူတဲ့ လောကဓံအလယ်မှာ နှလုံးသားနုနုတွေက ယိမ်းယိုင်လွယ်ဆဲ ၊
တွေဝေငေးမောတတ်ဆဲ ၊ ဆုံးဖြတ်ချက် မှားတတ်ဆဲ … ။ အမှားတိုင်းအတွက် အပြစ်မယူ
ခွင့်လွှတ်ပေးမယ့်သူ ၊ နာကျင်ခြင်းတွေ ဖြေသိမ့်လို့ လဲကျတိုင်း ပြန်ထဖို့
လက်ကမ်းပေးမယ့်သူ ၊ ဒီကမ္ဘာမှာနှလုံးသားချင်း အနွေးထွေးအနီးကပ်ဆုံး
ရင်းနှီးတဲ့သူ ၊ လူတိုင်းအတွက် နှစ်ယောက်မရှိခဲ့ပါဘူး ။ တည်ရှိနေခိုက်
ဆိုးနွဲ့ဖို့သာသိခဲ့ပြီး ထာဝရဆုံးရှုံးမှ တန်ဖိုးကို သိနားလည်ခဲ့ရတယ် ။
မေမေက ဘ၀ပေးပြီး ချစ်ခဲ့တယ် ။ ပေးဆပ်ဖို့သက်သက် တည်ဆောက်ခဲ့တဲ့
မေမေ့အတ္တတွေရဲ့ဖြစ်တည်မှုမှာ … ပီတိအပြုံးလေးတွေခမ်းနားအောင်
ခြွေယူမပေးနိုင်ခဲ့တဲ့ မသိနားမလည်ခဲ့သူကို ခွင့်လွှတ်ပေးနိုင်ခဲ့မှာလား။
လမ်းလျှောက်တတ်သွားတဲ့ ခြေလှမ်းတွေမှာလည်း အထိန်းအညှိကြိုး
လိုအပ်နေပါသေးတယ် မေမေ ။
မေမေက … ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ကနေ နွေးထွေးကြင်နာမှု အပြည့်နဲ့ လူလားမြောက်အောင် ဖေးမပြုစုယုယပေးခဲ့တယ်။ အလုပ်လုပ်လို့ လက်တွေဘယ်လောက်ကြမ်းကြမ်း သားသမီးတွေအပေါ်မှာ ယုယစွာ ထွေးပွေ့နှစ်သိမ့်ပေးတတ်တဲ့ မေတ္တာဓါတ်နဲ့အနူးညံ့ဆုံး မေမေရဲ့လက်တွေလောက် ဒီကမ္ဘာပေါ်မှာ ဘယ်လက်တွေက နူးညံ့နိုင်ဦးမှာလဲမေမေ ။ မေမေ့ရဲ့သစ်ပင်ကလေးဟာ သူဆက်လက်အသက်ရှင်သန်ဖို့ နွေးထွေးတဲ့ နေရောင်ခြည်ရဲ့ အလင်းတန်း တွေ လိုအပ်တယ်။ နေခြည်အလင်းမရှိတဲ့ ညဘက်မှာ လရောင်ချိုရဲ့ အလင်းဓါတ်နဲ့ အေးမြမှုကို လိုအပ်တယ်။ သားသမီးရဲ့လစ်ဟာနေတဲ့ ကွက်လပ်တိုင်းကို ဖွင့်ပြောစရာမလိုဘဲ အကဲခတ်သိရှိနိုင်ပြီး ကွက်လပ်တွေကို အပေးအယူမရှိတဲ့ မေတ္တာနဲ့ ဖြည့်စွမ်းပေးနိုင်သူဟာ ဒီကမ္ဘာပေါ်မှာ သားသမီးတွေအတွက် “စိတ်ဖတ်ပါရဂူ”တစ်ယောက်ဖြစ်တဲ့ “မိခင်” ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်ပါတယ် မေမေ။ အနာဂတ်ကို ထုဆစ်ပုံဖေါ်သူထဲမှာ “ မိခင်” ဆိုတာ အပြောင်မြောက်ဆုံး လက်ရာရှင်ပါ ။ ပျိုးပင်ပေါက်ကလေးဘ၀ကနေ အကိုင်း၊ အခက်၊ အလက်၊ အရွက်တွေနဲ့ ဝေဆာတင့်လန်းနိုင်ဖို့၊ ကမ္ဘာမြေကို အရိပ်ပေးနိုင်တဲ့ သစ်ပင်ကြီးတွေဖြစ်လာဖို့၊ အောင်မြင်မှု ပန်းပွင့်တွေနဲ့ ကိုယ့်ရဲ့ဘ၀သစ်ပင်ကို အလှဆင်နိုင်ဖို့ အပင်ကလေးကို အမြစ်ကနေ အားဖြည့်ပေးခဲ့တယ်။ ကိုယ့်ပိုင်ဆိုင်တဲ့ မြေသြဇာအာဟာရတွေကို ရင်ဘတ်ထဲကနေ ထုတ်ကျွေးခဲ့တယ်။ သူရဲ့ ကန္တာရနှလုံးသားကနေ သားသမီးအတွက် “အိုအေစစ်” ဆိုတာတွေ ဖြစ်ထွန်းလာခဲ့တယ်။ သစ်ပင်လေး ကမ္ဘာမြေပေါ်မှာ တစ်နေရာ ခြေကုပ်မြဲမြဲတွယ်နိုင်တဲ့အခါ … သူ့အသွေးအသားထဲက မြေဆီမြေသားတွေဟာ အသက်အရွယ်အချိန်ကာလအရ ခန်းခြောက်အက်ကွဲလာခဲ့ပြီ။ သဘာဝတရားရဲ့မိုးရေစက်တွေ မရနိုင်တော့တဲ့အခါ သူရဲ့အပြုံးတွေ ကမ္ဘာမြေပေါ်ကနေ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက်ကတော့ သစ်ပင်ကလေးရဲ့ ရင်ထဲမှာ ထာဝရထင်ကျန်ရစ်ဆဲပါပဲ ။
ဒီကမ္ဘာကို အရိပ်ပေးမယ့် အဲဒီသစ်ပင်ငယ်ကလေးကတော့ မေမေရဲ့အဝေးမှာ သူ့ကိုယ်သူ ရုန်းကန်ကြိုးစားတုန်းပဲပေါ့ ။ အခုဆို … ဒီရင်မှာ နောင်တတရားနဲ့၊ မရင့်ကျက်ခဲ့တဲ့ အပြစ်တွေကို လက်ခံယူရင်း ရင့်ကျက်တတ်ဖို့ ကြိုးစားတတ်လာပြီ မေမေ။ ဘ၀မှာ ရွေးချယ်လိုက်တဲ့လမ်းတွေက သူများထက် ပိုခက်ခဲတဲ့လမ်းချည်း ဖြစ်နေတုန်းပါ… ။ ဒါပေမယ့် ဒီလမ်း ဘယ်လောက်ကြမ်းကြမ်း အရှုံး မပေးဖြစ်ခဲ့တာ … ၊ အားတင်းတတ်ခဲ့တာဟာ ... နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း စွဲဝင်နေတဲ့ မေမေ့ရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေကြောင့် ဖြစ်ခဲ့တယ်။ အခုဆို ဒီည… မိသားစုကောင်းကင်ထက်မှာ ကြယ်ကလေးတွေ စုံစုံညီညီ တလက်လက်ဝေနေခဲ့ပြီ … ။ တည်ရှိခဲ့ဖူးတဲ့လရောင်ဆမ်းတဲ့ ညတွေကိုလွမ်းဆွတ်ရင်း၊ ကောင်းကင်တော်တစ်နေရာက“မေမေ” ရဲ့အပြုံးတွေကို မှန်းမျှော်ရင်း၊ ငေးမော တမ်းဆွတ်ဆဲပါ… မေမေ ။ ဒီလရောင်ချိုဟာ အမြင်အာရုံမှာ ကွယ်ပျောက်သွားခဲ့ပေမယ့် သမီးရဲ့ရင်မှာတော့ ချိုမြိန်နွေးထွေးဆဲပါ။ မေမေ့ရဲ့ အနှိုင်းမဲ့လင်းဖြာဆဲ မေတ္တာနဲ့ အားမာန်အငွေ့အသက်တွေက နှလုံးသားထဲမှာ ထာဝရရစ်ပတ်လွှမ်းခြုံထားဆဲပါ။ ဘယ်တော့မှ လွင့်ပါးပျောက်ကွယ်သွားမယ်မဟုတ်တော့ပါဘူး ။

Comments
Post a Comment