ဆရာမဒွန်နာ၏
စတုတ္ထတန်းစာသင်ခန်းလေးမှာ မြင်နေကျ အခြားစာသင်ခန်းများနှင့် မခြားလှ။ ကလေးတွေ စာရေးစားပွဲကိုယ်စီနှင့်
ထိုင်နေကြသည်။ ခုံတန်း ငါးတန်း။ တစ်တန်းမှာ ခြောက်ခုံ။ ဆရာမစားပွဲက အတန်းရှေ့မှာ။ ကျောင်းသားတွေနှင့်
မျက်နှာချင်းဆိုင်လျက်။ မှတ်တမ်းဘုတ်မှာ ကလေးတွေ ဆောင်ရွက်နေသည့် ကျောင်းသင်ခန်းစာ
အမည်ကို ဖော်ပြထားသည်။
ခြုံကြည့်လိုက်လျှင်
သမားရိုးကျ မူလတန်းစာသင်ခန်းတစ်ခန်းလိုပင် ထင်ရသည်။ သို့သော် သည်အခန်းထဲ ၀င်သည်နှင့်ပင် တစ်ခုခုတော့
ထူးခြားသည်ဆိုတာ ကျွန်တော်ခံစားမိလိုက်သည်။ အပေါ်ယံက ငြိမ်သက်နေသော်လည်း ကလေးတွေအားလုံး
စိတ်လှုပ်ရှားတက်ကြွနေကြသည်ပဲ။
ဒွန်နာက
လုပ်သက်ရင့်ဆရာမကြီးတစ်ယောက် ဖြစ်သည်။ အငြိမ်းစားယူရန် နှစ်နှစ်မျှသာလိုတော့သည်။ သူက
ပုံမှန်သင်ကြားရေးအလုပ်အပြင် ကျွန်တော်စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးမွမ်းမံသင်တန်းသို့လည်း
ဆန္ဒအလျောက် တက်ရောက်နေသူ ဖြစ်သည်။ သည်သင်တန်း၏ အဓိက ဦးတည်ချက်က ကျောင်းသားကျောင်းသူလေးများအား
ကိုယ့်အားကိုယ်ကိုးစိတ် အပါအ၀င် စိတ်ထားကောင်းများ ကိန်းအောင်းလာအောင် ပျိုးထောင်လေ့ကျင့်ပေးရေး
ဖြစ်သည်။ ဒွန်နာ့အလုပ်က သင်တန်းတက်ရန်နှင့် သင်တန်းကပို့ချပေးလိုက်သည့် သဘောတရားများကို
စာသင်ခန်းအတွင်းမှာ လက်တွေ့အသုံးချကြည့်ရန် ဖြစ်ပြီး ကျွန်တော်က စာသင်ခန်းတွေ လှည့်လည်ကြည့်ရှုကာ
စိတ်ဓါတ်ရေးရာသင်ခန်းစာများ လက်တွေ့အသုံးချမှု ထိရောက်အောင်မြင်အောင် အားပေးကူညီရန်
ဖြစ်သည်။
စာသင်ခန်း
နောက်ပိုင်းရှိ ထိုင်ခုံလွတ်တစ်လုံးမှာ ၀င်ထိုင်ကာ အတန်းကို ကျွန်တော် အကဲခတ်ကြည့်နေသည်။
ကျောင်းသားအားလုံးပင် ဆရာမပေးထားသော အလုပ်တွင် အာရုံစူးစိုက်နေကြသည်။
သူတို့စိတ်ကူး၍
ရသမျှကို ဗလာစာရွက်တစ်ခုတွင် ချရေးနေကြခြင်းပင်။ ဘာစိတ်ကူးတွေလဲ။
ကျွန်တော့်အနီးရှိ
ဆယ်နှစ်အရွယ် ကျောင်းသူလေးက သူမ၏ စာရွက်တွင် “ကျွန်မ မလုပ်နိုင်သောအရာများ” ဟူသည်ကို
တစ်ခုပြီးတစ်ခု ရေးချနေသည်။
“
ဘောလုံးကို အလယ်တန်းကစားသူများထက် ကျော်အောင် ကျွန်မ မကန်နိုင်”
“
ဒက်ဘီ ကျွန်မကို ခင်လာအောင် ကျွန်မ မလုပ်နိုင်”
သူမ၏
စာရွက်မှာ တစ်ဝက်ခန့် ပြည့်နေပြီ။ သို့သော် ရပ်မည့်အရိပ်လက္ခဏာ လုံးဝမပြ။ ဆက်ပြီးသာ
စဉ်းစားလိုက် ချရေးလိုက်နှင့် စိတ်ပါလက်ပါ လုပ်ကိုင်နေသည်။
ကျွန်တော်
ခုံတန်းတွေကြား လျှောက်သွားကာ ဟိုသည် ငဲ့စောင်းကြည့်သည်။ အားလုံးပင် သူတို့မလုပ်နိုင်သော
အရာတွေချည်း တစ်ကြောင်းပြီး တစ်ကြောင်း ရေးချနေကြသည်။
“
ကျွန်တော် ဆယ်ကြိမ်ပြည့်အောင် ဒိုက်(ဗ)ထိုး၍ မရ”
“
ဘေ့စ်ဘောကို ဘယ်ဘက်ကွင်းစည်းကျော်အောင် ကျွန်တော် မရိုက်နိုင်”
“
ကျွန်တော် ကွတ်ကီစားရလျှင် တစ်ခုတည်းနှင့် ဘယ်တော့မှ မတင်းတိမ်နိုင်”
သည်ဟာတွေ
လိုက်ကြည့်ပြီး ကျွန်တော် သိချင်လာသည်။ ဘာအဓိပ္ပ္ပါယ်လဲ
၊ ဘာအတွက် ဒါတွေ ရေးနေကြသလဲ။ သည်ကိစ္စ ဆရာမကို မေးကြည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။
သို့သော် ဆရာမအနီး ရောက်လာတော့ သူလည်း ဒါတွေပဲ သည်းသည်းမည်းမည်း ရေးနေတာ တွေ့ရသည်။
အနှောင့်အယှက် မပေးတာ ကောင်းပါတယ်ဟု တွေးမိပြီး
တစ်စေ့တစ်စောင်းသာ လှမ်းကြည့်မိသည်။
“ဂျွန်၏ မိခင်ကို ဆရာမနှင့် လာတွေ့ရန် ကျွန်မခေါ်၍
မရ”
“သမီးအား ကားဓါတ်ဆီဖြည့်ရန် ကျွန်မ ခိုင်း၍
မရ”
“အလန်အား လက်သီးအစား စကားကို အသုံးပြုရန် ကျွန်မ
ပြော၍မရ”
ဘာကြောင့် ကလေးတွေရော ဆရာမပါ အပြုသဘောဆောင်သည့်
“ကျွန်တော်၊ကျွန်မ လုပ်နိုင်သောအရာများ” ကို မရေးဘဲ အပျက်သဘောဖြစ်သည့် “မလုပ်နိုင်သောအရာများ”
ဆိုသည်ကို ရေးနေရသနည်း ဆိုတာ မေးချင်လှသည်။ သို့သော် လတ်တလော အခြေအနေမပေးသည်နှင့် နောက်ဘက်ပိုင်းရှိ
စောစောက ခုံမှာပင် အသာပြန်ထိုင်ကာ ဆက်၍ အကဲခတ်နေမိသည်။
နောက်ထပ် ဆယ်မိနစ်ခန့် သူတို့ရေးနေကြသည်။ အတော်များများပင်
စာတစ်မျက်နှာ ပြည့်သွားကြသည်။ အချို့က နောက်တစ်မျက်နှာ ဆက်ရေးနေသည်။
“အခု ရေးနေတဲ့ တစ်ခုပြီးရင် တော်ပြီ၊ နောက်ထပ်
ဆက်မရေးနဲ့တော့” ဒွန်နာက ကလေးတွေကို ရပ်နားခိုင်းလိုက်သည်။ ပြီးလျှင် မိမိတို့ရေးပြီးသား
စာရွက်များကို ခေါက်ပြီး ယူလာကြရန် ညွှန်ကြားသည်။ အဲသည်နောက် ကလေးများအားလုံး “ ကျွန်တော်၊ကျွန်မ
မလုပ်နိုင်သည့် အရာများ” ရေးမှတ်ထားသည့် စာရွက်ခေါက်အသီးသီးကို ဆရာမအနီးရှိ ဖိနပ်ဘူးခွံထဲသို့ ထည့်ကြသည်။
ကလေးများ၏ စာရွက်တွေ စုံပြီးသည့်နောက် ဒွန်နာက
သူမ၏ မှတ်တမ်းစာရွက်ကို ထည့်သည်။ ထို့နောက် ဘူးခွံကို အဖုံးပိတ်လိုက်ပြီး ချိုင်းကြားမှာ
ညှပ်ကာ အခန်းအပြင်ဘက် ထွက်လာသည်။ အပြင်ခန်းမအတိုင်း လျှောက်ထွက်သွားရာ တပည့်တွေ သူ့နောက်က
တန်းစီ၍ လိုက်ကြသည်။ ကျွန်တော်လည်း သူတို့နောက်က။
ခန်းမကြီး အလယ်ပိုင်းနားလောက်တွင် စတိုခန်းရှိသည်။
ဒွန်နာက စတိုခန်းထဲ ၀င်ရောက်ရှာဖွေပြီး ဂေါ်ပြားတစ်လက်နှင့် ပြန်ထွက်လာသည်။ ဂေါ်ပြားကို
လက်တစ်ဖက်ကကိုင်၊ ဖိနပ်ဘူးကို နောက်တစ်ဖက်က ကိုင်ကာ တပည့်များကို ဦးဆောင်လျက် ကျောင်းကစားကွင်း၏
ဟိုးအဝေးဆုံး ထောင့်ဘက်ဆီသို့ ဒွန်နာချီတက်သွားသည်။
အဲသည်နားမှာ သူတို့ တွင်းတူးကြသည်။
လက်စသတ်တော့ သူတို့ “မလုပ်နိုင်သော အရာများ”ကို
မြေမြှပ်သဂြိင်္ုဟ်ရန် စီမံနေကြခြင်းပဲကိုး။
ကလေးတိုင်းလိုလိုက တစ်ချက်လောက်တော့ ၀င်တူးချင်ကြသဖြင့်
သူတို့ကို အလှည့်ပေးနေရသည်ဖြစ်ရာ တွင်းတူးချိန် ဆယ်မိနစ်ကျော်လောက် ကြာသွားသည်။ သုံးပေအနက်လောက်မှာ
တွင်းတူးရပ်သည်။ “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ” ကို တွင်းအောက်ခြေမှာ နေရာချပြီးနောက်တွင်
အလျင်အမြန် မြေပြန်ဖို့ကြသည်။
၁၀ နှစ်၊ ၁၁ နှစ်အရွယ် ကျောင်းသား ကျောင်းသူ
သုံးဆယ့်တစ်ဦး လတ်လတ်ဆတ်ဆတ် သင်္ချိုင်းမြေပုံနံဘေးမှာ ရပ်ကြသည်။ သူတို့အသီးသီး၏ စာတစ်မျက်နှာ
အပြည့်မျှစီရှိသည့် “မလုပ်နိုင်သောအရာ” တွေသည် မြေကြီးအောက်ရှိ ဖိနပ်ဘူးထဲတွင် ရောက်ရှိနေပြီ။
သူတို့သာ မဟုတ်၊ ဆရာမ၏ မလုပ်နိုင်သောအရာများလည်း အဲသည်ထဲမှာ ပါသည်။
သည်အချိန် ဆရာမက ကြေညာသည်။
“ သားတို့ သမီးတို့ … တစ်ယောက်နဲ့တစ်ယောက်
လက်ချင်းချိတ်ကြ၊ အားလုံး ဦးညွှတ်ကြ”
ချက်ချင်းပင် ကလေးများအားလုံး သင်္ချိုင်းမြေပုံကို
ပတ်ဝိုင်းကာ လက်ချင်းချိတ်တွဲလိုက်ကြသည်။ သည်နောက် ခေါင်းတွေငုံ့ကာ ဆရာမအသံကို နားစွင့်နေကြသည်။
ဆရာမဒွန်နာက သေဆုံးသူအတွက် နှုတ်ဆက်စကား ပြောကြားသည်။
“ မိတ်ဆွေများ … ဒီကနေ့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ
မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံးနှုတ်ဆက်စကားဆိုဖို့ စုဝေးရောက်ရှိနေကြခြင်း
ဖြစ်ပါတယ်။ သူဟာ ဒီကမ္ဘာမြေမှာ ကျွန်ုပ်တို့နှင့်အတူ အသက်ထင်ရှားရှိစဉ်က ကျွန်ုပ်တို့၏
ဘ၀များအပေါ် ရိုက်ခတ်လွှမ်းမိုးမှု ရှိခဲ့ပါတယ်၊ တချို့လူများအပေါ်မှာဆိုရင် ပိုလို့တောင်
လွှမ်းမိုးခဲ့ပါတယ်၊ သူ့ရဲ့အမည်နာမကို စာသင်ကျောင်းတွေ၊ မြို့တော်ခန်းမတွေ၊ ပြည်နယ်လွှတ်တော်ရုံးတွေသာမက
သမ္မတအိမ်တော်အထိအပါအ၀င်ဖြစ်တဲ့ အများပြည်သူဆိုင်ရာ နေရာဋ္ဌာနတိုင်းမှာ ပြောဆိုနေခဲ့ကြရကြောင်း
ဝမ်းနည်းစွာ ပြောကြားလိုပါတယ်။
“ … ယခု သည်ကနေ့မှာတော့ ကျွန်ုပ်တို့ဟာ “ကျွန်တော်/ကျွန်မ
မလုပ်နိုင်သော အရာများ” အတွက် နောက်ဆုံးလဲလျောင်းရာ နေရာကို သတ်မှတ်ပေးလိုက်ပါပြီ၊
သူ့အတွက် ကမ္ပ္ပည်းကျောက်စာတိုင် တစ်တိုင်လဲ အဆင်သင့်ရှိနေပါပြီ၊
သူ ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူ့ရဲ့မောင်၊ ညီ၊ ညီမများ ဖြစ်တဲ့ “ကျွန်တော်/ကျွန်မ
လုပ်နိုင်ပါတယ်” “ ကျွန်တော်/ ကျွန်မ လုပ်ပါ့မယ်” “ အခုချက်ချင်း ကျွန်တော်/ကျွန်မ
ထ လုပ်မယ်” တို့ ကျန်ရစ်ပါတယ်။ သူတို့ကတော့ ကွယ်လွန်သူလောက် လူသိမများ မထင်ရှားကြပါဘူး၊
သူ့လောက်လဲ တန်ခိုးစွမ်းအားမကြီးမားကြပါဘူး၊ သို့သော် တစ်နေ့မှာတော့ သူတို့ဟာ မိတ်ဆွေတို့ရဲ့
အကူအညီနဲ့ တန်ခိုးစွမ်းအားထက်လာပါလိမ့်မယ်၊ သူတို့ရဲ့ကွယ်လွန်သူ သားချင်းထက်တောင် ပိုကြီးကျယ်
ထင်ရှားတဲ့ လုပ်ရပ်တွေ ဒီကမ္ဘာမှာ ထင်ရှားပြသလာပါလိမ့်မယ်။
“…ကျွန်တော်/ကျွန်မ မလုပ်နိုင်သော အရာများ
သည် ထာဝရ ငြိမ်းချမ်းစွာ နားနေအိပ်စက်နိုင်ပါစေသတည်း၊ သူမရှိသည့်နောက်၌ လူအားလုံးတို့ပင် မိမိတို့ဘ၀ကို မိမိတို့ထူထောင်ကာ
ရှေ့သို့တက်လှမ်းနိုင်ကြပါစေသတည်း ”
ထိုနေ့က ဈာပနအခမ်းအနားတွင် ဆရာမဒွန်နာ ပြောကြားခဲ့သည့်
စကားများကို နားထောင်ရင်း သူမ၏ တပည့်ကျောင်းသူ ကျောင်းသားလေးများအဖို့ သည်ကနေ့၏ အတွေ့အကြုံကို
ဘယ်သောအခါမျှ မေ့ပျောက်နိုင်ကြလိမ့်မည်မဟုတ်ဟု ကျွန်တော်သဘောပေါက်နေမိခဲ့သည်။ ထိုနေ့က
သူတို့လုပ်ရပ်သည် ဘ၀အတွက် အလွန်တန်ဖိုးရှိသည့် အနက်အဓိပ္ပ္ပါယ်တွေ
အများကြီးပါသော ‘ သင်္ကေတ’ လုပ်ရပ်တစ်ခု ဖြစ်သည်။ အဲသည်နေ့ အတွေ့အကြုံသည် သူတို့၏
သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ထာဝရ စွဲကပ်ကိန်းအောင်းသွားမည့်
လက်ယာ ဦးနှောက်ခြမ်း အတွေ့အကြုံတစ်ရပ်ပင် ဖြစ်သည်။
‘မလုပ်နိုင်သော အရာများ’ ကို ရေးသားခြင်း၊
၎င်းတို့ကို မြှပ်နှံသဂြိင်္ုဟ်ခြင်း၊ ကွယ်လွန်သူအတွက် နှုတ်ဆက်စကားပြောကြားခြင်း စသည့် လုပ်ရိုးလုပ်စဉ်
မဟုတ်သော အလုပ်များကို တမင်တကာ စီစဉ်လုပ်ကိုင်ရသည်မှာ ဆရာမတစ်ဦးအဖို့ လွယ်ကူမည်မဟုတ်ပါ။
သို့သော် ဒွန်နာကတော့ ထိုမျှနှင့်ပင် မကျေနပ်သေး။ နှုတ်ဆက်စကား ပြောကြားပြီးသည့်နောက်တွင်
တပည့်များကို စာသင်ခန်းဘက်သို့ ပြန်လည်ချီတက်စေပြီး ဈာပန အထိမ်းအမှတ် စားသောက်ပွဲတစ်ရပ်
ကျင်းပသည်။
‘မလုပ်နိုင်သော အရာများ’ ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ်
ကွတ်ကီ၊ ပြောင်းဖူးပေါက်ပေါက် နှင့် သစ်သီးဖျော်ရည်များ သူတို့ စားသောက်ကြသည်။ အထိမ်းအမှတ်ပွဲ၏
အစီအစဉ်တစ်ရပ်အဖြစ် ဒွန်နာက ကတ်ထူစက္ကူချပ်ကြီးတစ်ခုကို ဖြတ်တောက်ကာ ကမ္ပ္ပည်းကျောက်စာတိုင်တစ်ခု
ပြုလုပ်သည်။ “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သော အရာများ” ဟူသော နာမည်စာလုံးကို စာချပ်အထက်ပိုင်းတွင်
ရေးပြီး ကွယ်လွန်သော နေ့ရက်ကို အောက်၌ ရေးထိုးသည်။
စက္ကူကမ္ပ္ပည်းကျောက်စာတိုင်ကို
ဒွန်နာ၏ စာသင်ခန်း၌ တစ်နှစ်လုံး ဆက်လက်ချိတ်ဆွဲထားသည်။ ရှားရှားပါးပါး တစ်ခါတစ်ရံ ကျောင်းသားတစ်ယောက်တစ်လေက
ကျွန်တော်/ကျွန်မ မလုပ်နိုင်ပါ ဟူသောစကားကို ယောင်မှားပြောဆိုမိပါက ဒွန်နာက အဆိုပါ
သင်္ချိုင်းကျောက်စာကို လှမ်း၍ ညွှန်ပြလေ့ရှိသည်။
သည်အခါ တပည့်ဖြစ်သူလည်း ‘မလုပ်နိုင်သော အရာများ’ သေဆုံးသွားခဲ့ပြီဟူသည်ကို ချက်ချင်းပြန်လည်
အမှတ်ရကာ မိမိ၏စကားကို ပြန်ပြင်မိရမြဲ ဖြစ်သည်။
ကျွန်တော်ကား ဒွန်နာ၏ တပည့်တစ်ဦးမဟုတ်ခဲ့ပါ။
သူမသာလျှင် ကျွန်တော်၏ တပည့်ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ထိုနေ့ကမူ တစ်သက်မမေ့နိုင်သည့်
သင်ခန်းစာတစ်ခု သူမထံမှ ကျွန်တော် ရရှိခဲ့ပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့် သည်နေ့ကာလတိုင်အောင်ပင်
‘မလုပ်နိုင်ပါ’ ဆိုသော စကားတစ်ခွန်း ကြားမိတိုင်း စတုတ္ထတန်းကျောင်းသားကျောင်းသူလေးများ၏
ဈာပနအခမ်းအနားကို ကျွန်တော်ပြန်လည် မြင်ယောင်မိရမြဲ ဖြစ်သည်။ ထိုကလေးများနည်းတူပင်
‘မလုပ်နိုင်သော အရာများ’ သေဆုံးခဲ့ပြီးပြီဆိုသည်ကို ကျွန်တော် အမှတ်ရနေမိပါသည်။
[မူရင်း
… “Chick Moorman” ၏ Rest In
Peace: The “I Can’t Funeral ” ]
[ မြန်မာပြန် … “ဆရာဖေမြင့်” ]
Comments
Post a Comment