Skip to main content

" အက်စကီးမိုး ထံမှ သင်ခန်းစာ "




လမ်းခရီးမှာ ကျွန်တော်တို့ ရက်ပေါင်းသုံးဆယ်မျှ ကြာခဲ့ပြီဖြစ်သည်။

ကျွန်တော်ရယ်၊ ကျွန်တော်နှင့်အတူ ခရီးသွားနေသည့် အက်စကီးမိုး မိသားစုရယ် ။

အအေးချိန်က သုညအောက် ငါးဆယ်မှာ ရောက်နေသည်။ သည်ကြားထဲ လေပြင်းကတိုက်လိုက်သေးသည်။ ပြီးတော့ သည်အက်စကီးမိုးတွေ လုပ်နေကိုင်နေပုံနှင့် … ။

ကျွန်တော့်အတွက် သည်ခရီးက အပင်ပန်းဆုံးခရီး၊ စိတ်ပျက်စရာအကောင်းဆုံးခရီး ဖြစ်နေသည်။

ကျွန်တော့်စိတ်မှာ ကံကြမ္မာက တမင်တကာပဲ ကျွန်တော့်ကို နှောင့်နှေးအောင် လုပ်နေသလား အောက်မေ့မိလာသည်။ သည်တစ်နေ့ ဆီးနှင်းမုန်တိုင်းကြောင့် အစ်ဂလူးရေခဲအိမ်ထဲ ငုတ်တုတ်ထိုင်နေရမည်။ နောက်တစ်နေ့ကျတော့ ကျွန်တော့်လမ်းပြလုပ်သည့် ဒေသခံပုဂ္ဂိုလ်တွေက ဘယ်လိုအူကြောင်ကြောင်စိတ်ကူးမှန်းမသိ၊ ရာသီဥတု သာသာယာယာ ရှိနေပါလျက် ရှေ့ခရီးမဆက်ဘဲ အစ်ဂလူးအသစ်တစ်လုံး ဆောက်ကာ စတည်းချဖို့ ပြင်ပြန်သည်။

“ ဘုရင်ဝီလျံကုန်းမြေကိုရောက်ဖို့ နောက်ထပ် ဘယ်နှစ်ရက်သွားရဦးမှာလဲ  ” ဆိုသော အမေးကို သူတို့မိသားစု အကြီးအကဲပုဂ္ဂိုလ်အား ကျွန်တော်မေးတာ အကြိမ်ပေါင်း မနည်းတော့ပြီ ။

သူက ဘယ်တော့မှ တည့်တည့်မဖြေ။ သည်အက်စကီးမိုးတွေက မေးမြန်းတာကိုပင် မကြိုက်ချင်။ ရိုင်းသည်ဟု သဘောထားသည်။ လူဖြူတွေမို့ ဒီလိုမေးမြန်းကြတာပဲ ဟု သူတို့မြင်သည်။ ပြီး သူတို့အက်စကီးမိုးတွေက တိတိကျကျ တာဝန်ခံပြီး ပြောရမှာမျိုးကို လုံးဝမလိုလား။ မနက်ဖြန် ရာသီဥတု ဘယ်လိုရှိမလဲ  သင်က မေးမည်။ အက်စကီးမိုးတွေ သိတန်သလောက် သိကြသည်ပဲ။ သို့သော် “ ကျွန်တော် မသိပါဘူးဗျာ ” ဟူ၍ပဲ ယဉ်ကျေးစွာ ဆိုမည်။ ပြီးတော့ ခွေးတွေနှင့် အလုပ်ရှုပ်နေသလို ၊ဘာလို လုပ်နေမည်။ အဓိပ္ပါယ်က “ ဖြေလို့ ဘာအကျိုးထူးမလဲဗျာ၊ မှန်ရင်လည်း ‘မှန်းသားပဲ’ ပေါ့ ။ ဒီအပြင် ဘာရှိမလဲ၊ မမှန်တဲ့အခါကျတော့ ကျွန်တော်ပဲ အရူးဖြစ်မယ် ” ဟု ပြောချင်သည့် သဘော။
အဲသည်နေ့က ကျွန်တော်တို့ တစ်မနက်လုံး တစ်နေ့လည်လုံး ခရီးနှင်သည်။ ကျွန်တော်တို့သည် လုံးဝအေးခဲနေသည့် ပင်လယ်ပြင်ကို ဖြတ်သန်းသွားနေကြခြင်း ဖြစ်သည်။ ခွေးတွေကို စွပ်ဖားလှည်းမှာ တွဲချည်ထားသည့်ကြိုးများ ရှုပ်သွားသဖြင့် ပြန်ဖြည်ပေးရသောအချိန်နှင့် တစ်ခါတစ်ရံ ဆေးတံမီးညှိချိန်မှအပ ရပ်နားခြင်း မရှိခဲ့။


ကုန်းမြေကို ကျွန်တော်တို့ လှမ်းမြင်နေရပြီ။ သည်နေ့ပင် ရောက်ချင်ရောက်သွားနိုင်သည့် အနေအထား။ သို့သော် အဲသည်လို မျှော်လင့်ချက်ရှိနေရာမှ ရုတ်တရက် လေပြင်းထလာသည်။ ဆီးနှင်းတွေ ဝေ့လာပြီးနောက် ကုန်းမြေက တဖြည်းဖြည်းမှုန်ဝါးကာ စိတ်ပျက်ဖွယ်ရာ ပျောက်ဆုံးသွားပြန်ပါသည်။

ကျွန်တော်တို့ ရပ်နားကြရပြန်သည်။ အက်စကီးမိုးကြီး အူဒလပ်ကတော့ ပူပင်ကြောင့်ကြသည့် လက္ခဏာမပြ။ ဖြစ်သမျှအကြောင်း အကောင်းဟု ခံယူပုံရသည့် အက်စကီးမိုး သဘာဝအတိုင်း တည်ငြိမ်အေးဆေးသော အမူအရာနှင့်ပင် သူ့ဇနီးရယ်၊ သမီးငယ်လေးရယ်ကို စကားပြောနေသည်။ ကျွန်တော့်ဇာတိ ပြင်သစ်ပြည်က လယ်သမားတွေ လယ်ထွန်ရင်း မိုးသက်မုန်တိုင်းကျလာသည့်အခါ ချက်ချင်းအလုပ်ရပ်နားကာ ထွန်တုံးထွန်တံတွေပဲ ပြန်လည်စစ်ဆေးနေတတ်သည့် ပုံစံမျိုး။ လုံးဝ အေးတိအေးစက်။

ကျွန်တော်ကတော့ စိတ်ပျက်မှုကို မျိုသိပ်မထားနိုင်တော့။ “ ဒီအတိုင်းဆိုရင် ဘုရင်ဝီလျံကုန်းမြေကို ကျွန်တော်တို့ ဘယ်တော့ရောက်ကြမလဲဗျာ ” အဘိုးကြီးကို မေးမိပြန်သည်။

သည်တစ်ကြိမ်မှာတော့ သူလည်း စိတ်မရှည်တော့ဘူး ထင်သည်။ ဒါမှမဟုတ် သူလည်း တကယ်ပဲ မြန်မြန်ရောက်စေချင်နေတာ ဖြစ်နိုင်သည်။ ကျွန်တော် အတိအကျတော့ မပြောနိုင်။ သူက မိန်းမဘက် လှည့်ကြည့်သည်။ တစ်ယောက်ကို တစ်ယောက် ဘာစကားတစ်ခွန်းမျှတော့ မပြော။ သို့သော် အပြန်အလှန် နားလည်လိုက်ကြပုံတော့ ရသည်။

သူ ကျွန်တော့်ဘက် လှည့်လာသည်။ ကျွန်တော့်မျက်နှာကို မော်ကြည့်သည်။ ထို့နောက် သူတို့လူမျိုးတွေ တစ်ဖက်လူကို စိုးရွံ့မှုရှိချိန် သတိထားဆက်ဆံနေသည့် အချိန်မျိုးတွင် ပြောတတ်သည့် ဝေ့လည်ကြောင်ပတ် ပေါ့တိပေါ့ဆလေသံဖြင့် စကားပြောသည် ။

“ ခွေးတွေက ခင်ဗျားသွားစေချင်သလောက် ကောင်းကောင်းသွားမပေးကြလို့လား ”

သည်နောက်တော့ အားလုံးတိတ်ဆိတ်နေကြသည်။ ခွေးတွေက စွပ်ဖားလှည်း ရပ်လိုက်သည့်အခါ ကြည့်နေကျပုံစံအတိုင်း ကျွန်တော့်ဘက် လှည့်ကြည့်နေကြသည်။ မိန်းမနှင့်ကလေးတွေက ကိုယ့်ဘာသာ အလုပ်များချင်ယောင် ဆောင်နေသည်။ သို့သော် တကယ်စင်စစ် သူတို့အားလုံး ကျွန်တော့်ကို အာရုံစူးစိုက်နေကြကြောင်း ကျွန်တော်သိသည်။ အခိုက်အတန့်အဖို့ အရာအားလုံးပင် လုံးဝရပ်တန့်ငြိမ်သက်သွားသည်ဟု ထင်ရသည်။ အက်စကီးမိုးတွေ အကျပ်ရိုက်သည့်အခါမျိုးမှာ တစ်ဖက်လူကို အဲသည်လို ခံစားမှုမျိုး ဖြစ်ပေါ်အောင် ဖန်တီးတတ်လေ့ရှိသည်။ တိတ်ဆိတ်ငြိမ်သက်မှုက ပို၍ လေးလံဖိစီးအောင် သူတို့ လုပ်တတ်ကြသည်။

အဲသည်လောက်တင်ပဲလား။ မဟုတ်ပါ။ အဲသည်လောက်နှင့် မပြီးပါ။ ယခုကိစ္စက အတော်လေး လွန်သွားခဲ့ပြီ။

အဘိုးကြီးက ထပ်၍ ဆိုသည်။

“ စွပ်ဖားလှည်းက မကောင်းလို့လား၊ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်လုံး ပင်လယ်ပြင်ပေါ်မှာ ဆီးနှင်းတွေ ကျနေတာ ခင်ဗျား မကြိုက်လို့လား ”

သူက အတော်ပင် စိတ်အနှောင့်အယှက်ဖြစ်နေရသည့် မျက်လုံးမျိုးနှင့် ကျွန်တော့်ကို ကြည့်နေသည်။ ကျောက်ခေတ်လူသား၏ ရိုးစင်းမှုနှင့် အရှေ့တိုင်းသား၏ ဥာဏ်အမြင် ပေါင်းစပ်ထားသည့် အကြည့်မျိုး ။

သူ ကျွန်တော့်ကို နားလည်နိုင်ဖို့ ကြိုးစားနေလေသည်လား .. ။

ရုတ်တရက် ၊ အဘိုးကြီးမျက်လုံးတွေက ပြောနေသော စကားကို ကျွန်တော်သဘောပေါက်သွားသည်။

“ မောင်ရင် ဘာ့အတွက် ဒါလောက် အလျင်လိုနေရတာလဲ၊ မောင်ရင့်ကြည့်ရတာ အမြဲသွားမယ် သွားမယ်နဲ့၊ ဘယ်တွေကိုများ သွားချင်နေရတာလဲ၊ ဒါလောက် ကြီးကျယ်ခမ်းနားတဲ့ လက်ရှိပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး အနာဂတ်အတွက် ဘာကြောင့် ပျာယာခတ်နေရတာလဲ ” ဟူ၍ သူပြောနေခြင်းဖြစ်သည်။

အဲသည်နေ့က ကျွန်တော့်အား တစ်သက်မမေ့စရာ သင်ခန်းစာတစ်ခု အက်စကီးမိုးကြီး ပေးသွားခဲ့ခြင်းဖြစ်သည်။ မနက်ဖြန်ကိစ္စကိုပဲ အသည်းအသန်ဖြစ်နေသဖြင့် ယနေ့၏ တန်ဖိုးကို ကျွန်တော်မေ့လျော့ခဲ့သည်။ အဘိုးကြီးကို ကြည့်ရင်း ကျွန်တော့်နားတွင် တစ်စုံတစ်ယောက် ပြောကြားခဲ့ဖူးသည့် စကားတစ်ခွန်းကို ကြားယောင်လာသည်။

“ အတိတ်ကို တွေးတောခြင်းကြောင့် စိတ်ညစ်ညူးမှုသာ ခံစားရလိမ့်မည်၊ အနာဂတ်ကို တွေးတောခြင်းကြောင့် စိုးရိမ်သောကများသာ ပွားများရလိမ့်မည်” တဲ့ ။ မှန်သည်။ ပစ္စုပ္ပန်သည်သာ အဓိက ။ တကယ်တန်ဖိုးရှိသည့် အစစ်အမှန်ဘ၀။

ကမ္ဘာလောကဆိုသည်မှာ မိမိစိတ်မှ ပုံဖော်သည့်အတိုင်း ဖြစ်တတ်သော သဘောရှိသည်။ ကျွန်တော့်အတွက် အာတိတ်ဒေသသည် စိတ်ပျက်စိတ်ညစ်စရာ ပင်ပန်းဆင်းရဲသော နေရာ။ သို့သော် အက်စကီးမိုးတို့အတွက်မူ အာတိတ်သည် သူတို့စိုးစံရာ အင်ပိုင်ယာ။ သူတို့သည် ဤဒေသ၏ အရှင်သခင်များ။ ကျွန်တော့်အတွက် ဆီးနှင်းပြင်သည် အနှောင့်အယှက်။ သို့သော် သူတို့အတွက်ကတော့ ဘုရားပေးသည့် ကောင်းချီးမင်္ဂလာ။ သဘာဝကပေးသည့် အမွန်မြတ်ဆုံးလက်ဆောင် ။

ဘ၀၏ ထောင်ပေါင်းများစွာသော မျက်နှာစာများထဲမှ ကျွန်တော်တို့နှစ်သက်ရာကို ရွေးယူနိုင်ကြပါသည်။ စိတ်ပျက်ဝမ်းနည်းမှုကိုလည်း ယူနိုင်သည်။ မျှော်လင့်ချက် နှင့် တက်ကြွမှုများကို ရွေးချယ်ကလည်း ရနိုင်သည်။

ကျွန်တော်တို့သည် ဘ၀ခရီးလမ်းမကြီးကို တရကြမ်း ဖြတ်သန်းတတ်ကြသည်။ သဘာဝပတ်ဝန်းကျင် အလှအပများကို ရှုကြည့်ခံစားရန် သတိမရကြ။

“ စည်းစိမ်ချမ်းသာဟူသည် အချိန်ပိုရှိမှသာ ခံစားနိုင်သော အရာမျိုးဖြစ်၏” ဟူ၍ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသည်။ ရပ်နားချိန်၊ စဉ်းစားချိန်လေးမရှိဘဲ ချမ်းသာသုခကို ခံစားနိုင်မည် မဟုတ်ပေ ။

အက်စကီးမိုးကတော့ သူစိတ်ချမ်းသာသလို ရပ်နားခြင်း ပြုတတ်သူမျိုးဖြစ်သည်။ ကျွန်တော်တို့နည်းတူ သူတို့မှာလည်း မနက်ဖြန်သည် အရေးကြီးသည်ပဲ။ ငတ်သေသွားချင်သွားနိုင်သည့် အန္တရာယ် သူတို့မှာလည်း အမြဲရှိသည်ပဲ။ သို့သော် လာပါစေ။ လာသည့် သေခြင်းတရားသည် သူတို့အား ပစ္စုပ္ပန်၌ ပျော်ရွှင်စွာပင် တွေ့ရလိမ့်မည်။ သေမင်းခေါ်ရာနောက် လိုက်ရမည်ဆိုလျှင်လည်း နှောင့်နှေးဗျာပါ မရှိ၊ သူတို့ လိုက်ကြမည်သာ ဖြစ်သည်။

အာတိတ်ခရီးတစ်လျှောက်လုံး ကျွန်တော့်နှလုံးသား ဆင်းရဲဒုက္ခကြီးမားခဲ့ပါကလား ဟူသည်ကို ကျွန်တော် ပြန်လှန်သဘောပေါက်လိုက်မိသည်။ မနက်ဖြန် ဟူသည် မရှိသည့်အလား ပစ္စက္ခနေ့တိုင်းကို အပြည့်ဝဆုံး ခံစားနေထိုင်သွားသင့်သည်ဆိုတာ ကျွန်တော်နားလည်ခဲ့ပြီ။ မည်သည့်အနာဂတ်ကိစ္စမျိုးသည်လည်း ကျွန်တော့်လက်ငင်းအခြေအနေကို မပြောင်းလဲစေနိုင်တော့။

မျက်လုံးများဖြင့် ပြောလိုက်သော အူဒလပ်၏ စကားမှ ကျွန်တော်သင်ခန်းစာကောင်းကောင်း ရခဲ့ပြီ။

နောက်ဆုံးတွင်တော့ ကျွန်တော့်ခရီးစဉ်အဆုံးဖြစ်သည့် ဗန်ကူးဗာမြို့သို့ ဆိုက်ရောက်သည်။ တစ်ချက်လေးမျှ မဆိုင်းဘဲ ဟိုတယ်ဆီသို့ ကျွန်တော် အလျင်စလို တန်းပြေးမိသည်။ သည်နောက်မှ ရုတ်တရက် သတိရကာ လမ်းခုလတ်မှာ ကျွန်တော် တုံ့ခနဲ ရပ်သွားသည်။ ပတ်ပတ်လည်မှ ဟွန်းတွေ ၀ိုင်းတီးကြသည်။ သို့သော် သည်အသံတွေကို ကျွန်တော်မကြား။ ကျွန်တော့်စိတ်တွင် ကျွန်တော်ရှေ့ လမ်းလယ်ကောင်၌ အက်စကီးမိုးကြီး အူဒလပ် ရပ်ကာ ကျွန်တော့်အား အသိပညာရှိသော ရှေးဆန်သော စူးစမ်းသော စိတ်မသက်သာသော မျက်လုံးများဖြင့် ကြည့်လျက် “ ခွေးတွေက မကောင်းကြဘူးလား၊ ဆီးနှင်းတွေကရော သဘာဝကပေးတဲ့ လက်ဆောင်မွန် မဟုတ်ဘူးလား ” ဟူ၍ မေးမြန်းနေသယောင် ခံစားနေမိသည် ။

နောက်တော့ ကျွန်တော်ဟက်ဟက်ပက်ပက် ရယ်မောမိသည်။ “ တို့မှ တကယ့်ပုထုဇန္နော ဥမ္မတ္တကော အစစ်တွေပဲ” ဟု ကျွန်တော်တွေးမိသည်။

ယနေ့တိုင် သည်အတွေး ကျွန်တော့်ထံမှာ စွဲမြဲနေဆဲပင် ။                

[ မူရင်း : Gontran de Poncins ၏ A Lesson from an Eskimo ]
[ မြန်မာပြန် : ဆရာဖေမြင့် ]

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”