Skip to main content

`မ​နေ့က ကျွန်​မသစ်​ရွက်​က​လေးနဲ့ စကား​ပြောဖြစ်​ခဲ့တယ်​ ... ဒီလို´

`ချစ်လှစွာသော သစ်ရွက်လေးရေ ...´

                   နှင်းမှုန်တွေ မင်းကျောပေါ်မှာ သိပ်သိပ်သည်းသည်း ဖုံးနေတုန်း လား။ ခိုက်ခိုက်တုန်နေမှာပေါ့နော်။ မနက်ခင်းဆို ငါတို့စောင်ခြုံထဲ ကွေးနေတုန်း မင်းကတော့ စောစောထအစာချက်ပြီး သစ်ပင်ထိပ်ဖျားကနေ နေရောင်ခြည်ကိုမျှော်နေတတ်ပြီ။ နေခြည်ဖြာကျလာတော့ ဟော ...မင်းနွေးထွေးသွားပြီ။ နေ့လည်ကျတော့လည်း ဆောင်းလေညင်းက မြောက်ဘက်ကနေ တဖြူးဖြူးလွင့်ခတ်လာတာမို့ နေရောင်ထဲလည်း `ဆောင်း´က မင်းကို လတ်ဆတ်စေတုန်းပါပဲ။ မင်း ခဏခဏညည်းနေတတ်တဲ့ `ညနေခင်းက တိုလိုက်တာ၊ ဆည်းဆာက ခဏလေးပဲ´ ဆိုတာ ဟုတ်သားပဲ။ ဒီညနေတော့ ဒီညနေခင်းကို သတိတရ စိတ်လိုလက်ရ ငါငေးဖြစ်တယ်။

                 သစ်ရွက်လေးရေ ... မင်းသိရဲ့လား။ ငါတို့ လက်ထဲမှာ ဆုပ်ကိုင်မထားနိုင်ဘဲ သိပ်မကြာတော့တဲ့ အချိန်ကလေးအတွင်းမှာ ဆုံးရှုံးရတော့မယ်ဆိုတာ သိနေရတဲ့အရာတွေဟာ အလှဆုံး၊ ငါ့တို့စိတ်ကို အကိုင်လှုပ်နိုင်ဆုံးပဲ။ ဆည်းဆာလည်း ဒီလိုပဲပေါ့။ ညဆီရောက်သွားတဲ့အခါ ကောင်းကင်အမိုးခုံးပေါ် ပြန့်ကျဲနေတဲ့ကြယ်တွေနဲ့ အပြာရောင်လဝန်းက ငြိမ်းအေးသာယာမှုကိုညှို့ငင်ဆွဲဆောင်နိုင်မှာ အသေအချာပဲပေါ့။ ညနက်လေ အရိုးစိမ့်အောင်အေးလေ။ `ဆောင်း´ဆိုတာ နဂိုကအေးစိမ့်ရတဲ့အထဲ နှုတ်ဆက်ရခြင်းတွေက ခိုက်ခိုက်တုန်စေတယ်။ ဘာပဲဖြစ်ဖြစ် ညကိုဖြတ်ပြီး မနက်ခင်းတစ်ခုကို ထပ်ပြီးရောက်ဦးမယ်။ ဒီလိုနဲ့တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာခဲ့တယ်။ ဒီဇင်ဘာနေ့ရက်တွေက ပြက္ခဒိန်ကိုရေခဲစိမ်ထားတဲ့နေ့ရက်တွေပါပဲ။

                  ဒါပေမယ့် ပြက္ခဒိန်စာရွက်တွေက တစ်နေ့ချင်း စည်းချက်ကျကျ ကြွေကျနေတုန်းပဲ။ သက္ကရာဇ်တွေကို တစ်ချပ်ချင်းခြွေချနေလိုက်တာ လူသားတွေနဲ့ သဘာဝတရားကြီးရဲ့မှတ်ဥာဏ်မှာ နှစ်,နှစ်ထောင်ကျော်ခဲ့ပြီ။ သေသေချာချာဆိုရမယ်ဆိုရင် (၁၅)နှစ်တောင် ပိုစွန်းခဲ့ပြီပေါ့။ သိပ်မကြာခင် ၂၀၁၆ ဆိုတဲ့ ကိန်းဂဏန်းတစ်ခုကို ရင်ဆိုင်ရတော့မှာ ။

                  သစ်ရွက်လေးရေ ... နွေဦးမရောက်ခင် ကြွေကျတော့မယ့်ဆဲဆဲ မင်းရင်ခုန်သံက ဘယ်လိုများလဲ။ ဒီဇင်ဘာရဲ့သက်တမ်းကုန်လုမျဉ်းမတ်တွေပေါ် မတ်မတ်ရပ်ရင်း ငါကတော့ နောက်ကိုပြန်လှည့်ကြည့်မိတယ်။ ၂၀၁၅-ဟာ နွေးထွေးခဲ့ပါတယ်။ ကောင်းကင်မှာ တိမ်ညိုတိမ်မည်းတွေပြည့်နေရင်တောင် အနားသတ်ငွေရောင်လိုင်းလေးတွေကို ငါ မြင်ခဲ့ရတာပဲ။ (၂၀၁၅)မိုးရာသီကတော့ သိပ်လှတဲ့အပျိုစင်မလေး ခြေတစ်ချောင်းနဲ့ရပ်နေသလိုကိုယ်ဟန်နဲ့ ကမ္ဘာ့မြေပုံပေါ်က သိပ်လှတဲ့ပန်းချီပုံလေးဖြစ်တဲ့ မြန်မာနိုင်ငံကို နည်းနည်းရက်စက်ခဲ့တယ်။

                  တစ်ပတ်လုံးလုံး မရပ်မနားစတမ်းမိုးရွာတယ်။ မြို့တွေ ရွာတွေ အိမ်တွေ ရေမြုပ်ကုန်တယ်။ လူတွေရဲ့ အသက်တစ်ချို့ ဆုံးရှုံးခဲ့ရတယ်။ ရေပြင်ပတ်လည်ဝိုင်းနေသလို မထင်မှတ်ဘဲ အိုးမဲ့ အိမ်မဲ့ ချစ်ခင်သူတွေပျောက်ရှဆုံးရှုံးခဲ့ရတဲ့ စိတ်ဒုက္ခတွေ ပတ်လည်ဝိုင်းခဲ့ရတယ်။ ကမ္ဘာပေါ်မှာ စိတ်ထားအကောင်းဆုံး၊ ဘာသာတရားအကိုင်းရှိုင်းဆုံး၊ မကောင်းတဲ့စိတ်ထားတွေ ကင်းစင်ပြီး ကုသိုလ်တရားနဲ့ ဗြမစိုရ်တရားအထွန်းကားဆုံးမို့ ဘယ်ဘေးအန္တရာယ်ပဲမဆို ရှောင်ကွင်းသွားတတ်တယ်လို့ ရှေးကတည်းကဂုဏ်ယူတတ်တဲ့ မြန်မာပြည်သူပြည်သားတွေပါ။ ဒီတစ်ခါတော့ ဖောက်ပြန်ယိုယွင်းလာတဲ့ သဘာဝတရားကြီးဟာ မျက်နှာ မလိုက်နိုင်ခဲ့ဘူး။

                  ဒါပေမယ့် အဆိုးထဲက အကောင်းကိုရှာဖွေတတ်တဲ့ ဒီမြေပေါ်က ကရုဏာစိတ်နဲ့ ကူညီတတ်တဲ့လက်တွေ၊ သဒ္ဓါတရားတွေ စုပေါင်းလို့ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေး၊ စိတ်ဓာတ်ပြန်လည်ကုစားရေး စတာတွေကို မရပ်မနား လုပ်ဆောင်ခဲ့ကြတယ်။

                   ဒါအရှုံးထဲက အမြတ်ပါပဲ။ စည်းလုံးခြင်းရဲ့အင်အားကို လူကြီးလူငယ်အတူတူ လက်တွဲဖော်ဆောင်ခဲ့ကြပြီး ပရဟိတရဲ့ ခက်ဆစ်ကို လက်တွေ့အဓိပ္ပာယ်အစစ် ဖွင့်ပေးခဲ့ကြတယ်။ ကဲ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ။

                   (၂၀၁၅)ဟာ မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တဲ့ မှတ်ဥာဏ်တွေနဲ့ ပြည့်နေတယ်။ တံခါးပိတ်ဝါဒကို ဖြိုချပြီး `ပြည်သူသာအဓိက´ဆိုတဲ့ ဒီမိုကရေစီရဲ့ ဒုတိယအဆစ်အပိုင်းကို စိတ်ကြိုက်ဖော်ဆောင်နိုင်ခဲ့ကြတာ ဂုဏ်ယူပီတိဖြစ်စရာသိပ်ကောင်းပါတယ်။ အနာဂတ်ကို ငါတို့ ပုံဖော်နိုင်ခဲ့ကြပြီလား။ စုစည်းညီညွတ်မှုတစ်ခုရဲ့ ရလဒ်ကို ရင်ခုန်စွာမျှော်လင့်နေမိကြတယ်။

                  (၂၀၁၆)မှာတော့ အသက်ဝင်လာတော့မှာပါ။ ကမ္ဘာကသိတဲ့ သူမနဲ့ သူမလက်ထဲကနေ ကမ္ဘာကသိလာမယ့် မြန်မာ။ (၂၀၁၆)ဟာ ငါတို့အတွက် ရွှေရောင်နယ်နမိတ်အစပါလို့ ငါ ရင်ခုန်နေမိတာပေါ့ သစ်ရွက်ကလေးရေ။ တစ်ခါတစ်လေတော့တွေးမိတယ်။ ငါတို့လူ့ဘောင်က ရှုပ်ထွေးပွေလီလွန်းလှတယ်။ ငါတို့လူသားတွေထက် မင်းတို့သစ်ရွက်လေးတွေက ပိုကံကောင်းတယ်လို့။

                  သစ်ပင်ကြီးတွေကနေ မင်းတို့မွေးဖွားလာကြတယ်။ ပင်စည်ရဲ့ချက်ကြိုးကတစ်ဆင့် အာဟာရ ရယူစားသုံးတယ်။ နွေဆို နေပူဆာလှုံတယ်။ မိုးကျရင်တော့ အစွမ်းကုန်စိမ်းလန်းပြကြ။ မိုးဆမ်းပန်းကလေးတွေကို ကမ္ဘာမြေအတွက် လက်ဆောင်ပေးကြနဲ့ ။ နှင်းမှုန်သခင်မရဲ့ဆောင်းမှာတော့ နှင်းပွင့်တွေကို အင်္ကျီရက်လုပ်ဝတ်ဆင်ကြပြန်ရော။ စိမ်းမြနုဖတ်တဲ့နဂိုအသားရောင်မှာ အဖြူရောင်ဝတ်ရုံခြုံထားတဲ့ မင်းသဏ္ဍာန်ဟာ အိပ်မက်တွေကို ခပ်ကြာကြာနွေးထွေးစေတာ အမှန်အကန်ပဲ။ ဆောင်းဟာ ညတာရှည်စမြဲပဲလေ။ အိပ်မက်တွေကို ယက်လုပ်ရတာ သူသိပ်ကြိုက်တယ်။

                 ငါလည်း အိပ်မက်တွေကို ချစ်မြတ်နိုးသူပါ။ အိပ်မက်လှလှတွေဆို မနက်မိုးလင်းသည်အထိ လက်တွေ့ဘဝထဲ ပျော်ရွှင်စွာ ဆွဲခေါ်ဖမ်းဆုပ်ထားတတ်ခဲ့တယ်။ အိပ်မက်ဆိုးမက်ရင်လည်း အဲဒီတစ်နေ့လုံး ခေါင်းတွေကိုက် စိတ်တွေမှိုင်းဝေနေတတ်ခဲ့တယ်။ တစ်ချို့ ငါမြတ်နိုးရတဲ့အရာတွေဟာ အိပ်မက်ထဲမှာ ရှိတယ်။ တစ်ချို့ ငါမုန်းတီးရတဲ့အရာတွေဟာလည်း အတွေးတွေထဲမှာရှိတယ်။ ငါက ငါ့အပေါ်ကောင်းရင် အဆပေါင်းများပိုကောင်းဖို့ ကြိုးစားတတ်တယ်။ အခါများစွာ နှုတ်ဆိတ်တိုးတိတ်စိတ်ခံစားချက်ကိုမဖော်ပြတတ်လို့ တစ်ခါတစ်ရံ တုံ့ပြန်လှိုက်လှဲဖို့ ကြိုးစားတဲ့အခါ သိပ်ရယ်စရာကောင်းတာတွေ ဖြစ်တတ်တယ်။ အခြေအနေအချိန်အခါမကိုက်တာနဲ့ တစ်ဖက်လူ အမ်းလောက်အောင် ငါ ကောင်းပြမိတာကြောင့်ပေါ့။

                  ဘဝမှာ အစွန်းတစ်ဖက်ဖက်ကို ရပ်လိုက်ဖို့လွယ်ပါတယ်။ ဗုဒ္ဓဘုရားရှင်တော်မြတ် ဟောကြားတော် မူတဲ့အတိုင်း မဇ္ဈိမပဋိပဍာ အလယ်တည့်တည့်ကို တိတိကျကျရပ်ဖို့ အခက်ခဲဆုံးပါပဲ။ ဘဝဆိုတာ စီးဆောဘုတ်ကြီးလိုပဲ။ အလယ်ခေါင်မှာ Balance ဖြစ်အောင် ရပ်နိုင်မှ ဘဝက ထောင့်မှန်ကျကျ ရပ်တည်အဆင်ပြေနိုင်ပါတယ်။ ငါကတော့ ကြိုးစားရဦးမယ် သစ်ရွက်ကလေးရေ။ မင်းလိုပဲ ဘယ်လိုရာသီဥတုအခြေအနေမျိုးမဆို လိုက်လျောညီထွေ ရပ်တည်နိုင်အောင် ငါ ကြိုးစားရဦးမယ်။

                  (၂၀၁၆ )ဆီချီတက်ဖို့ မင်းရော အဆင်သင့်ဖြစ်နေပြီလား။ ဧည့်ခန်းစားပွဲခုံပေါ်က သဲနာရီကတော့ အချိန်ကုန်ဆုံးဖို့နီးကပ်လာပါပြီ။ (၂၀၁၆) ဆီ မသွားခင် (၂၀၁၅ )ဆီမှာ ချန်ထားရစ်ခဲ့ဖို့တွေ ငါ့မှာရှိတယ်။ အဲဒီထဲကတစ်ချို့ဟာ ငါမြတ်နိုးမိတဲ့ အရာတွေပေါ့။ ဒါပေမယ့် သူရော ကိုယ်ရော အကျိုးမရှိမယ့် ဝေဒနာတွေဆိုရင် ငါ လွှတ်ချထားခဲ့ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ နောက်ထပ်က ငါ မုန်းတီးတဲ့အရာတွေ။ မုန်းတီးမှုဟာ ခါးသီးစေပါတယ်။ တစ်ယောက်ယောက်ကို မင်းရော မုန်းခဲ့ဖူးသလား သစ်ရွက်လေးရေ။ မမုန်းနဲ့လို့ ငါ မတိုက်တွန်းဘူးနော်။ အဲဒီမုန်းတီးတဲ့အရာကိုပဲ ပစ်ချထားခဲ့လိုက်ပါ။ မင်းရဲ့အတွေးထဲတောင် ခေါ်မလာမိစေနဲ့။ ကိုယ့်မျက်နှာရှေ့ရောက်လာရင်တောင် အသိအမှတ်မပြုဘဲ မျက်နှာလွှဲဥပေက္ခာပြုလိုက်ပါ။ မုန်းတီးမှုဟာ မုန်းနေတဲ့သူကိုလည်း စိတ်ဒဏ်ဖြစ်စေတယ်။ အမုန်းခံရတဲ့သူကိုလည်း ထပ်တူခါးသီးစေတာပါပဲ။

                   တစ်ချို့ အနိုင် အရှုံးကို ယှဉ်ပြိုင်ရင်း နိုင်ချင်ဇောအားကြီးပြီး သူများနောက်ကျောကို အလစ်မှာ ဓားနဲ့ ထိုးစိုက်တတ်ကြတယ်။ စကားချိုတတ်လွန်းသူကို သတိထား။ သွေးအေးတဲ့သူတွေဟာ တခြားသူတွေထက် ပိုကောက်ကျစ်တတ်တယ်။ ရှေ့မှာ ဟန်ဆောင်ကောင်းသူတွေပေါ့။ လူတစ်ယောက်ကိုကြည့်ရင် သူ့မျက်နှာကိုပဲ မကြည့်ပါနဲ့။ သူ့စိတ်ထဲကို မြင်အောင်ကြည့်ပါ။ ကိုယ့်ရဲ့ အလိုအလျောက်သိစိတ် (Sixth Sense)ကို ယုံကြည်ပါ။

                    ဖြစ်နိုင်ရင်တော့ ဘဝထဲမှာ အနိုင်-အရှုံးကို ဘယ်သူနဲ့မှ မယှဉ်ပြိုင်ပါနဲ့။ ဘဝဆိုတာ တမင် အနိုင်-အရှုံးယှဉ်ပြိုင်ပြီး အနိုင်ယူရတဲ့ ဘောလုံးပွဲလို  တင်းနစ်ပွဲလို ကစားပွဲတိုလေးမှမဟုတ်တာ။ ကိုယ့်ကိုကိုယ်သာပြိုင်ပါ။ `၂၀၁၄ က ငါ´နဲ့ `၂၀၁၅ က ငါ´၊ `၂၀၁၅ က ငါ´နဲ့ ၂၀၁၆ က ငါ´ ဘာတွေပိုတိုးတက်လာသလဲ ဆိုတာကိုပဲ ပြိုင်ပါ။

                   သူ့ပန်းတိုင်နဲ့ ကိုယ့်ပန်းတိုင် လူတိုင်းကတော့ မတူညီနိုင်ပါဘူး။ အဓိကက ကိုယ့်ဘာသာ အကောင်းဆုံးကြိုးစားတယ်လို့ ယုံကြည်ရင် စိတ်ကျေနပ်လိုက်ပါ။ စိတ်ချမ်းသာလိုက်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ ကိုယ့်ကိုကိုယ်အတွက် ကိုယ်က အထင်သေးစရာမဖြစ်ဖို့ ဂရုပြုပါ။ သေချာတာက ကိုယ့်ကိုကိုယ်လေးစားမှ ကိုယ့်ကိုကိုယ် ချစ်လာလိမ့်မယ်။ ကိုယ့်ကိုကိုယ်ချစ်မှ ကိုယ့်ကိုကိုယ်ကြိုးစားတတ်လာမယ်။ ကိုယ့်ကိုကိုယ် ကြိုးစားမှ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာမှ အောင်မြင်မှုပန်းတိုင်ဆီကို ခပ်သွက်သွက်လှမ်းတက်နိုင်လိမ့်မယ်။

                   ကိုယ့်ခရီးဘယ်လောက်တော့ ရောက်လာပြီဆိုပြီး နောက်ပြန်လှည့်ကြည့်ဖို့ မရပ်လိုက်ပါနဲ့။ ရှေ့ကို မျှော်ကြည့်ပြီးလည်း စိတ်မောမနေပါနဲ့။ ဒီနေ့အတွက် အကောင်းဆုံးလုပ်ခဲ့တယ်လို့ ယုံကြည်ရင် စိတ်ကိုဖြေလျှော့ထားလိုက်ပါ။ `အောင်မြင်မှု´ဆိုတာ ခွန်အားစိုက်ထုတ်ကြိုးစားမှု (၁၀၀)ရာခိုင်နှုန်းမှာ ကံတရား(၅၀)ရာခိုင်နှုန်းနဲ့ ဇွဲ (၅၀)ရာခိုင်နှုန်း ထပ်ဖြည့်ဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့ ။

                  သစ်ရွက်လေးရေ ... အရာရာတိုင်းဟာ ပြောင်းလဲနေတာပဲနော်။ `ခွဲခွာခြင်း´ကို စာလုံးပေါင်းကြည့်ရင်တော့ လူတိုင်းမျက်ရည်ဝဲတာပေါ့။ သစ်ရွက်လေးရေ ... ကိုယ့်ကိုကိုယ်စိန်ခေါ်ရင်း (၂၀၁၆)နဲ့အတူတူ လက်တွဲရှေ့ဆက်ပြီး သက္ကရာဇ်တွေ စီခြယ်ထားတဲ့လမ်းကို လျှောက်လှမ်သွားကြပါစို့။

                 ကောင်းတာတွေပေးခဲ့တဲ့အတွက် ငါတို့ပျော်ရွှင်ခဲ့ရတယ်။ ပျော်ရွှင်ခြင်းဟာ ရပ်တည်မှုခွန်အားတစ်ရပ်ပါပဲ။ ဆိုးဝါးတဲ့အတွေ့အကြုံတွေ ၊ ခံစားမှုတွေကြုံတွေ့ဖြတ်သန်းစေခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လဲကျဖူးမှ ဘယ်လိုပြန်ထရမယ်ဆိုတဲ့အသိနဲ့ စိတ်ဓာတ်ပိုမိုကြံ့ခိုင်လာစေခဲ့လို့ပါ။
အရာရာ အားလုံးအတွက်တော့ (၂၀၁၅)ကို ကျေးဇူးပါကွယ်။

                  ဒီမှာ (၂၀၁၆ )ရေ ... သစ်ရွက်လေးနဲ့ ငါက ဒီစာရွက်ပေါ်က ခုန်မဆင်းခင် မင်းကို ဒီစကားလေးတစ်ခွန်းတော့တီးတိုးပြောပါရစေ။

                  ကြားခဲ့ဖူးတဲ့ အဆိုလေးတစ်ခုရှိတယ်။ `နှင်းဆီပန်းစည်းကမ်းပေးတဲ့လက်မှာ နှင်းဆီရနံ့လေးတော့ ကျန်နေတတ်စမြဲပဲ။´တဲ့။

                  ပျော်ရွှင်မှုကို ဖန်တီးလို့ရပါတယ်။ ပျော်ရွှင်မှုကို ရေရှည်တည်တံ့စေဖို့နည်းလမ်းက ကိုယ့်ဆီမှာရှိသမျှ ပျော်ရွှင်မှုတွေကို သူများတွေနဲ့အတူ မျှဝေခံစားတတ်ကြဖို့ဖြစ်ပါတယ်။

                   (၂၀၁၆) ရေ ... ကမ္ဘာလောကကြီးကို အကျယ်ကြီးအော်ပြောလိုက်စမ်းပါ။ ပျော်ရွှင်မှုတွေ မရပ်မနား တည်ဆောက်ကြစမ်းပါလို့ပေါ့ကွယ် ။    ။

`​လေပြည်​ချမ်းချမ်း ´
23:49 PM/2015/DEC 29th/Tuesday

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”