Skip to main content

Loot Myout Chin


`လွတ်​​မြောက်ခြင်း´




နံရံလေးဘက်အခန်းထဲကထွက်မယ်

တံခါးပိတ်ဝါဒကိုယ့်ကိုကိုယ်ရှုပ်ချ

နံရံတွေဖြိုချခဲ့တယ်

အို ကျယ်ပြန်သောလေ ...

ကြည်စိမသောကောင်းကင်

လဲ့မှုန်​​သောရှုခင်

ရိုးတံထိပ်ဖျားမှာဒန်းစီးနေတဲ့ပန်းပွင်

အသင်တို့ကို ကျွန်ုပ်ချစ်တယ်

တဖျပ်ဖျပ်လက်​​သော အပြုံးရိုင်းများ

တမြိမြိချိုသော စကားလုံးဆန်းများ

နူးညံ့ထွေးအိသည့် တွန်းချတတ်သည့်လက်များ

ကြမ်းရှအေးစက်သည့် တွဲထူသည့်လက်များ

နောက်​​ကျောဘက်က ချိန်ရွယ်ထားသောဓားများ

ချိုမြိန်သည့်မျက်နှာဖုံးများနှင့် ခါးသက်မှုများ

အုပ်စုဖွဲ့တတ်​​သော အားနည်းသူများ

ကျဉ်မြောင်းသည့်အယူဝါဒနှင့် ကျယ်ပြန့်သည့်အရောင်အယူအဆများ

ရေများရာမျှောစီးသည့် လူတစ်ပိုင်းငါးတစ်ပိုင်းများ

မြေနိမ့်ရာလှံစိုက်သည်ရေပေါ်ဆီသတ္တိခဲများ

မှားယွင်နေသည့်အမှန်တရားများ

ပုံသေနည်းမဖော်ထုတ်နိုင်​​သေးသော ကိုယ်​​တွေ့အသိများ

ကျယ်​​လောင်စွာမြည်ဟီးသည့် မျိုသိပ်မှုများ

တွေ​​ဝေနေဆဲ ယုံကြည်ချက်များ

နောက်ကျသည့် လက်ခံကြိုဆိုမှုများ

ဖောရှောရိုက်အဖွဲ့ကျခြင်းများ

အားနည်းချက်​​များသူ၏ ကြွားဝါမှုများ

ရနံ့မွှေးသောမျှော်လင့်ချက်၏ စိမ်မှောင်​​သောအကြည့်များ

စိတ်ကူးဖျက်ပိုး မတော်တဆကြီးကြီးမားမားတိုက်ဆိုင်မှုများ

............................................................

မျက်လုံးမှိတ်ပြီး အရောင်​​တွေသင်ယူတဲ့အခါ

ငယ်စိတ်ဝိညာဉ်ဆိုတာ ဗီဇမရွေးဖြူစင်ပါသလား

သက်တန်ရောင်ကို ခဏခဏခလုတ်တိုက်ပြီး

ကိုယ့်မိုးကုပ်စက်ဝိုင်းကိုယ်ပြန်ရှာတော့

ဟိုး အသိဥာဏ်အဆုံးစွန်တစ်ဖက်မှာ

ပေးအယူဆိုတာ ဝဋ်​​ကြွေးတစ်မျိုး

သံသရာဆိုတာ တစ်​​ယောက်တည်းတည်ရှိတဲ့အခါ

ရပ်တန့်သွားတတ်တဲ့ အဆင့်မြင့်စက်ဝိုင်းပါ

ငါ့ကိုယ်ငါ အလုံပိတ်လိုက်ပြီ ။


#လေပြည်ချမ်းချမ်
[ ရတီမဂ္ဂဇင်း ၊ ဇွန်လ ၊ ၂၀၁၆ ]


Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´