Skip to main content

Thanks Dad


`​ကျေးဇူးပါ ​ဖေ​ဖေ´
•••

My Father gave me the greatest gift anyone could give anothe person, he believed in me. 
• Author Unknown•



ကျွန်တော် ခြောက်နှစ်သားတုန်းကပေါ့ ။

ကျွန်တော်တို့မိသားစုတွေနေထိုင်တဲ့နာနာ(အဘွား)အိမ်နဲ့ ဘေးကပ်ရပ်မှာရှိတဲ့ ရထားသံလမ်းတစ်လျှောက် ကျွန်တော် အပြေးလျှောက်လာခဲ့တယ်။ မျက်လုံးမှာမျက်ရည်တွေဝေေ၀၀ါးဝါးနဲ့ ကိုက်သုံးရာလောက်အဝေးက ကျွန်တော်တို့ အစိမ်းရောင်အိမ်အိုကြီးကို လှမ်းမြင်နေရတယ်။ လက်တွေဟာနာကျင်နေပြီး ခြေထောက်တွေက ဒယိမ်းဒယိုင်ဖြစ်နေတယ်။ ဒါပေမယ့် ငိုနေရင်းနဲ့ပဲ အိမ်ဆီကို ဆက်လျှောက်လာခဲ့တယ်။ ကျွန်တော်ဟာ တောအုပ်ထဲလျှောက်သွားတဲ့လမ်းမှာ မြက်ပင်နဲ့သစ်ရွက်တွေဖုံးနေတဲ့ သတ္တုအရာဝတ္တုတစ်ခုကို စူးစမ်းမိတယ်။ အဲဒီမှာ သတ္တုအရာဝတ္ထုဟာ ကျွန်တော့်လက်ကို ဆတ်ခနဲဖမ်းညှပ်လိုက်တယ် ။ အဲဒါက မြေခွေး ဒါမှမဟုတ်  ရက်ကွန်းကောင်တွေရဲ့ခြေထောက်ကို ဖမ်းဖို့ထောင်ထားတဲ့ ထောင်ချောက်တစ်ခုပါ ။

လက်ချောင်းတွေကို ထောင်ချောက်ထဲကဆွဲထုတ်ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် မရဘူး။ နောက်ဆုံးမှာ ထောင်ချောက်သံကွင်းတွေတော့ ချောင်သွားအောင်လုပ်နိုင်ခဲ့ပြီး၊ လက်ညှပ်မိနေတဲ့ထောင်ချောက်ကိုကိုင်၊ အိမ်ဆီ အမြန်ဆုံးဦးတည်ပြေးလာခဲ့တယ်။ မျက်နှာပေါ်မှာတော့ မျက်ရည်တွေစီးကျလို့ ။

အိမ်ကိုရောက်တဲ့အခါ ပေါက်ပြားတစ်လက်နဲ့ ခြံထဲကပေါင်းမြက်တွေကိုရှင်းနေတဲ့ အဖေ့ကိုတွေ့ရတယ်။ ကျွန်တော်သည်းသည်းမည်းမည်းပိုငိုကြွေးပြီး အဖေ့ဆီကိုပြေးသွားလိုက်တယ်။ ချက်ချင်းပဲ အဖေဟာ ထောင်ချောက်ကို တစ်စက္ကန့်အတွင်းမှာပဲ ဖြုတ်ပေးလိုက်တယ်။ ပြီးတော့ ဒူးထောက်ထိုင်ချလိုက်ပြီး ကျွန်တော့်လက်ချောင်းတွေမှာ ဒဏ်ရာကြီးကြီးမားမားရ/မရ အကြာကြီးသေချာကြည့်တယ်။ ကျွန်တော်ဘာမှမဖြစ်တာသေချာမှ ကျေနပ်သွားပြီး ကျွန်တော့်ကို ပြုံးပြတယ်။ နောက်တော့ ပခုံးကိုညင်သာစွာပုတ်ပြီး နှစ်သိမ့်တယ်။ ဒီ့နောက် ကျွန်တော့်လက်ကိုဆွဲ၊ နှစ်ယောက်သား တောအုပ်ထဲကို လမ်းပြန်လျှောက်သွားပြီး အစကဒီထောင်ချောက်ရှိခဲ့တဲ့နေရာကို ပြခိုင်းတယ် ။ ထောင်ချောက်ကိုပိတ်ပြီး အဲသည်နေရာမှာပဲ အဖေက ပြန်ထားခဲ့ပါတယ်။

အိမ်ပြန်လာတဲ့လမ်းမှာတော့ အဖေဘာကြောင့်ကျွန်တော့်ကို အပြစ်မပေးသလဲ ၊ “မင်းတော့ ဆတ်ဆတ်ဆော့ဆော့နဲ့ တော်တော်မိုက်မဲတာပဲ”လို့ ငေါက်ရုံကလေးတောင် မငေါက်ရသလဲဆိုတာ ကျွန်တော်အံသြနေမိတယ်။ အဖေကတော့ ကျွန်တော့်ကို ငေါက်ဖို့နေနေသာသာ စကားတစ်လုံးတောင် မပြောခဲ့ပါဘူး။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဟာ နောက်ဆို ဒီလိုထောင်ချောက်မျိုးကို ဘယ်တော့မှ (ဘယ်တော့မှ) သွားထိတို့ကစားတော့မယ်မဟုတ်ဘူးဆိုတာ အဖေ ခန့်မှန်းမိပြီးသားဖြစ်ပါလိမ့်မယ် ။ အဲဒီနေ့ကို ပြန်စဉ်းစားရင်း နောင်တရမိတာက အဲဒီနေ့က ကျွန်တော်အဖေ့ကို “ကျေးဇူးပါ အဖေ” လို့ပြောဖို့ ဘာကြောင့် အမှတ်မရခဲ့တာလဲ ဆိုတာပါပဲ ။

တဖြည်းဖြည်း အတိတ်ကိုပြန်ပြောင်းကြည့်ရင်း ကျွန်တော်သိလာရတာက ကျေးဇူးတင်စကားဆိုဖို့လိုအပ်တာအတွက် ကျေးဇူးစကားဆိုဖို့ ဘယ်တော့မှနောက်မကျဘူးဆိုတာပါပဲ။ အဖေဟာ အခုတော့ အမေရယ်၊ နာနာ(အဘွား)ရယ်နဲ့အတူ ကောင်းကင်ဘုံမှာရောက်နေပေမယ့်လည်း ကျွန်တော်ပြောနေတာကို ကြားမယ်လို့ ထင်ပါတယ်။

“အဲဒီနေ့က အဖေရဲ့ သန်မာကြံ့ခိုင်မှု၊ ပညာဥာဏ်ကြီးမှုနဲ့ ကျွန်တော့်အပေါ်ကို ကြင်နာခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။”

“ကျွန်တော့်ကို အားတင်းထားစေ၊ အမှားတွေလုပ်မိတာကိုလည်းခွင့်ပြုပြီး ဒီကမ္ဘာကြီးမှာ ကျွန်တော့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ကျွန်တော့်အပေါ်သင်ကြားပေးခဲ့တဲ့အရာတွေနဲ့ ကျွန်တော့်ကို ချစ်ခြင်းမေတ္တာတွေပေးဝေခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

“ဒီကမ္ဘာပေါ်မှာ အတူတူရှိစဉ်တုန်းက ကျွန်တော့်ကို စောင့်ကြည့်ဂရုစိုက်ခဲ့ပြီး ကောင်းကင်ဘုံကိုရောက်တဲ့အခါမှာလည်း ဆက်ပြီး စောင့်ကြည့်ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။”

နောက်ထပ်နှစ်ပေါင်းများစွာမှာ အဲဒီနေ့ကအဖြစ်အပျက်ထက်ပိုတဲ့ ရူးသွပ်ဆတ်ဆော့မှုတွေကို ကျွန်တော်လုပ်ခဲ့မိတယ် ။ ဒါပေမယ့် အဖေကတော့ အပြစ်ပေးမယ့်အစား ကျွန်တော့်ကို အမှားတွေကနေ သင်ခန်းစာတွေ သင်ယူစေပြီး သူ့လက်မောင်းထဲကို ငိုယိုပြေးဝင်တိုင်တည်တိုင်း ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းကိုသာ ပေးအပ်ခဲ့တယ်။ ကမ္ဘာမြေပေါ်မှာ ကျွန်တော်နဲ့အတူ ရှင်သန်နေထိုင်စဉ်ကလိုပဲ ကောင်းကင်ဘုံကအဖေဟာလည်း ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ အမြဲတမ်းကျွန်တော့်အတွက် သူ့ဆီပြန်ပြေးလာဖို့ တံခါးဖွင့်ထားလိမ့်မယ်ဆိုတာ သေချာပါတယ် ။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ် ဖေဖေ ။

ဒါဟာ ဒီနေ့ “ကျွန်တော်ဟာ ဘာကြောင့်ကျွန်တော်ဖြစ်နေရသလဲ”ဆိုတဲ့ အကြောင်းရင်းပါပဲ ။

ကျေးဇူးပါ ဖေဖေ ။

#လေပြည်ချမ်းချမ်း
Source : Thanks Dad By Joseph J. Mazzella
www.sunnyskyz.com/feel-good-story/2297/Thanks-Dad
<3 Happy Father's Day to All <3

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”