Skip to main content

Happy Father's Day Poem


အ​ဖေ (သို့) ဓူဝံကြယ်​ (သို့) ပင်​လယ်​တစ်​စင်းရဲ့ဖြစ်​တည်​မှု




ပင်လယ်ပြင်ဟာ
ကျယ်ပြောခြင်းနဲ့အတူ
အလွန်တရာ တည်ငြိမ်အေးစက်သတဲ့ ။
သူ့ရင်ထဲက မေတ္တာဓါတ်ရဲ့ အနက်အရှိုင်းကိုတော့
ဘယ်လိုမှ အလွယ်တကူ မမြင်သာပေဘူး ။

ဘ၀ဓါးချက်တွေမှာ
သွေးနီရင့်သလောက်
သားသမီးမျက်ရည်တစ်စက်မှာ
ဖော့ဖယောင်းလို ပျော့ပျောင်းသွားတတ်တာ
ဘယ်သူများပါလဲ ။

ဘ၀ရိပ်မြုံ
 “မိသားစု” ဆိုတဲ့ အိမ်ကလေးမှာ
အဖေဟာ အိမ်ခေါင်မိုး ၊ အဖေဟာ ခြံစည်းရိုး ၊
အဖေဟာ စစ်သူကြီး ၊
အဖေဟာ မဟာတံတိုင်း ။

မိသားစုအပြုံးကို
ချွေးစက်တွေနဲ့ လဲလှယ်သူ ၊
လောကဓံလှိုင်းလှေမှာ မိသားစုအတွက် ပဲ့ကိုင်သူ ။
ဘ၀သင်ခန်းစာ ကို လက်တွေ့သင်ပြပေးပြီး
အမှားအမှန် ကို ကိုယ်တိုင်စံပြုလမ်းပြသူ ။

“အဖေ” ဆိုတာ …
အခါများစွာ နံဘေးမှာ
လမ်းတူတူ လျှောက်မပေးခဲ့နိုင်လည်း
လျှောက်ရမယ့်လမ်းကလေးကို နောက်ကွယ်က
ကိုယ်တိုင်ကိုယ်ကျ ဖောက်ထားပေးတတ်သူ ။

အဆင်းအတက်  အချိုးအကွေ့
ဘ၀ရဲ့ ရှုပ်ရှုပ်ထွေးထွေး လမ်းတွေမှာ
အတွေးတိမ်တိမ်နဲ့ ခြေချော်ကျတိုင်းလည်း
ကောင်းကင်ထက်က ဓူဝံကြယ်လို
လမ်းပြညွှန်ဖို့  အစဉ်အမြဲရှိနေတတ်သူ ။

“ဘ၀” ဆိုတာ …
အမှောင်ဝင်္ကပါလမ်းတွေ ၊ အန္တရာယ်ဓါးသွားတွေ
လှည့်စားတတ်တဲ့ထောင်ချောက်တွေ
အသူရာချောက်တွေနဲ့ ပြည့်နှက်နေခဲ့လည်း
 ရဲရဲရင်ဆိုင် ဖြတ်သန်းဖို့ … ၊

ကမ္ဘာကို အလင်းပေးတဲ့ “နေမင်းကြီး”လို ၊
ဘ၀အလင်းတွေ ထွန်းညှိပေးမယ့်
သူရဲကောင်းအဖေ့ရဲ့ လက်တစ်စုံကို
ပိုင်ဆိုင်နေခဲ့မှတော့ …
ဘာကိုမှ  မကြောက်တတ်တော့ပါဘူး အဖေ ။   ။

“ လေပြည်ချမ်းချမ်း”
May 26th, 2013!
4:39 pm: Sunday!

( ၂၀၁၃ - ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့၊ နိုင်ငံတကာ အဖေများနေ့အမှတ်တရ … ပတ္တမြားFM ။

ကဗျာအပုဒ်ရေ (၁၇၀)ကျော်မှာ နံပါတ်(၄)ချိတ်တဲ့ကဗျာလေးပါ ။ ဆရာ “သစ္စာနီ” က ကဗျာတွေကို ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ် ။
ဆရာနဲ့တကွ ပတ္တမြားFM ကိုလည်း ကျေးဇူးအများကြီးတင်မိပါတယ်။ ။ ကြိုးစားဖို့ အများကြီးလိုသေးတယ်ဆိုတာ ဆရာက သတိပေးလိုက်သလိုပါပဲ။

ဘာပဲဖြစ်ဖြစ် … အဖေများနေ့မှာ “ ဖေ့ဖေ့” အတွက် အမှတ်တရ ကဗျာလေးအဖြစ် အသိအမှတ်ပြုခံရတဲ့အတွက်၊ “ဖေဖေ့” ကျေးဇူးကို ထုတ်ဖေါ်ပြသခွင့်ရခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်။  သူငယ်ချင်းများအားလုံးလည်း ဒီလိုနေ့လေးမှာတင်မကဘဲ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖခင်ရဲ့ကျေးဇူးကို အမှတ်တရရှိပြီး တစ်နည်းနည်းနဲ့  ဖခင်ကိုစိတ်ချမ်းသာပျော်ရွှင်အောင် တစ်စုံတစ်ရာ တုံ့ပြန်ကျေးဇူး ပေးဆပ်နိုင်ပါစေ … ။)

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´