Skip to main content

[A Letter to August]


[A Letter to August] 

 

ပရစ်ဆီလာနဲ့ ကျွန်တော်တို့ဟာ ဒီနေ့မှာ မွေးဖွားလာတဲ့ သမီးလေး August ကို ကြိုဆိုဖို့ သိပ်ကိုပျော်ရွှင်နေကြပါတယ်။ သူရှင်သန်ကြီးပြင်းလာမယ့်လောကကမ္ဘာကြီးအကြောင်း သူ့ဆီ ကျွန်တော်တို့ စာတစ်စောင်ရေးခဲ့ကြတယ်။ ပြီးတော့ သူ ခပ်မြန်မြန်ကြီး ကြီးပြင်းမသွားစေဖို့လည်း မျှော်လင့်ပါတယ်။

ချစ်လှစွာသော August ရေ...

ကမ္ဘာကြီးကနေ ကြိုဆိုပါတယ်။ သမီးရဲ့မေမေနဲ့ ဖေဖေကတော့ သမီးလေး ဘယ်လိုလူတစ်ယောက်ဖြစ်လာလိမ့်မလဲဆိုတာ စိတ်လှုပ်ရှားနေမိတယ်။

သမီးမမမွေးဖွားလာတဲ့အခါ ဖေဖေတို့မျှော်လင့်တဲ့ ကမ္ဘာကြီးအကြောင်း စာတစ်စောင်ရေးဖြစ်ကြသလိုပဲ ခု သမီးလေး မွေးဖွားကြီးပြင်းလာမယ့် ကမ္ဘာကြီးမှာ ပိုကောင်းတဲ့ ပညာရေးစနစ်တွေ ပိုင်ဆိုင်နိုင်ဖို့၊ ရောဂါဘယတွေ လျော့နည်းကျဖို့၊ ပိုမိုခိုင်မာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြစ်ထွန်းဖို့၊  လူသားတိုင်းအတွက် ပိုပြည့်ဝတဲ့ တန်းတူညီမျှမှုတွေရရှိစေဖို့ မျှော်လင့်ပါတယ်။ သိပ္ပံပညာနဲ့ နည်းပညာရပ်တွေရဲ့အကျိုးကျေးဇူးတွေနဲ့ သမီးတို့အနာဂတ်ကလေးငယ်တွေဟာ ဖေဖေတို့ခေတ်ထက် ရင်သပ်ရှုမောဖွယ်ရာ ပိုမိုကောင်းမွန်တဲ့ရှင်သန်နေထိုင်မှုတွေမှာ နေထိုင်ရသင့်တယ်။ အဲဒီအတွက် ကိုယ်ကျရာနေရာကနေ ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာအောင် လုပ်ဆောင်ဖို့ ဖေဖေတို့မှာ တာဝန်ရှိပါတယ်။ ဒီလိုဖော်ဆောင်ဖို့ရာ 'ဘာတွေများမှားယွင်းနေကြလဲ' ဆိုတာကို တခါတရံများမှာ အဓိကခေါင်းစီးအဖြစ် ခေါင်းစဉ်တွေတပ်နေခဲ့ကြရပေမယ့်  ဖေဖေတို့ယုံကြည်နေသေးတယ်။ ဖေဖေတို့ရဲ့ အကောင်းမြင်တဲ့အတွေးစီးကြောင်းတွေကပဲ အနိုင်ရရှိလိမ့်မယ်လို့ပေါ့။

ဖေဖေတို့ဟာ သမီးတို့မျိုးဆက်ခေတ်နဲ့ အနာဂတ်ကမ္ဘာကြီးအတွက် အကောင်းမြင်သူများဖြစ်ကြတယ်။

သမီးရေ ... အခု ကြီးပြင်းတဲ့အကြောင်း အသာထားကြစို့။ အဲဒီထက် ငယ်စဉ်ကလေးဘဝအကြောင်းကို ဆက်ပြောကြမယ်။ ကမ္ဘာကြီးဟာ သိပ်ကို မလွယ်ကူတဲ၊့ ခက်ခဲတဲ့ နေရာတစ်ခု။ ဒါဟာလည်း ဘာကြောင့်သမီးတို့ အချိန်ပေးပြီး အပြင်ထွက် ကစားသင့်သလဲဆိုတာပဲ။

အသက်ကြီးလာတာနဲ့အမျှ သမီးမှာလုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်များပြားလာလိမ့်မယ်။ ဒါကြောင့် ငယ်တုန်းမှာ ပန်းပွင့်ကလေးတွေအားလုံးရဲ့ရနံ့တွေကို ခံစားသင့်တယ်။ သစ်ရွက်တွေအားလုံးကို သမီးရဲ့ရေပုံးထဲ ခြွေယူထည့်ချင်ထည့်ထား။ ပြီးတော့ သမီးကြိုက်တဲ့ Dr Seuss ရဲ့ စာအုပ်တွေကို ကြိမ်ဖန်များစွာဖတ်ရင်း သမီးရဲ့ကိုယ်ပိုင်ပုံပြင်ဇာတ်လမ်းတွေကို တီထွင်လာနိုင်လိမ့်မယ်။

ဖေဖေတို့ရဲ့ဧည့်ခန်းထဲမှာ၊ ရှေ့ /နောက် ခြံဝန်းထဲမှာ  သမီးကြိမ်ဖန်များစွာ လှည့်ပတ်ပြေးလွှားရယ်မောနေတာကို ဖေဖေတို့တွေ့ကြရလိမ့်မယ်။ ပြီးတော့ သမီးဟာ နှစ်နှစ်ခြိုက်ခြိုက် သိပ်ကိုအိပ်မောကျတဲ့ကလေးတစ်ယောက် ဖြစ်စေချင်ပြီး အိပ်မက်ထဲမှာတောင် သမီးဖေဖေနဲ့မေမေဟာ သမီးကို ဘယ်လောက်ချစ်ကြောင်း သမီး ခံစားမိစေချင်တယ်။

ကလေးဘဝဆိုတာ သိပ်ကို ဆန်းပြားအံ့သြဖွယ်ရာကောင်းပါတယ်။ ဘဝမှာ ကလေးဘဝဆိုတာကို သမီးတစ်ကြိမ်ပဲရလိမ့်မယ်။ အဲဒီအတွက် အနာဂတ်ကိုတွေးရင်းနဲ့ အချိန်တွေ မကုန်ပါစေနဲ့။ သမီးလေး ဖေဖေတို့ဘဝထဲ ဝင်ရောက်လာခြင်းဟာ ဖေဖေတို့အတွက် သမီးနဲ့အတူ သမီးတို့မျိုးဆက်ခေတ်က ကလေးတွေ အားလုံးအတွက် ဖြစ်နိုင်သလောက် ကမ္ဘာကြီးကို ဒီထက်ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာစေဖို့ သေချာဆက်ဆက်ကြိုးစားလုပ်ဆောင်နိုင်ပါလိမ့်မယ်။

August ရေ...

သမီးကို ဖေဖေတို့ သိပ်ချစ်ပါတယ်ကွယ်။ သမီးနဲ့အတူ ကမ္ဘာကြီးထဲ စွန့်စားခန်းတစ်ခုကိုစတင်ဖို့ သိပ်ကိုစိတ်လှုပ်ရှားနေမိတယ် ။ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေး သမီး ပိုင်ဆိုင်ပါစေ။ သမီးဘဝမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်လျှမ်းနေပါစေ။ ဖေဖေတို့ကို သမီး မျှော်လင့်ချက်တွေ ပေးခဲ့သလို သမီးဘဝမှာလည်း အလားတူမျှော်လင့်ချက်တွေ တောက်ပနေပါစေ။

ချစ်တဲ့
မေမေနဲ့ ဖေဖေ

P.S
ဒီလိုပေးစာသဘောမျိုးလေးတွေကို သိပ်ချစ်လို့ ဘာသာပြန်မိပါတယ်။ Mark နဲ့ Priscilla ရဲ့စာဟာ ကမ္ဘာပေါ်က ဖတ်မိတဲ့ကလေးတိုင်းရဲ့ ရင်ကို ထိရှနွေးထွေးစေမှာပါ။ ကိုယ့်ကိုအဲဒီလို ကဗျာဆန်ဆန်ရေးပေးဖို့ မိဘတွေ မအားတောင် (သို့မဟုတ်) အနားမှာမရှိခဲ့ရင်တောင် ကလေးတွေအားလုံးအတွက် လူကောင်းသူကောင်းဖြစ်လာဖို့ အတုယူစရာ၊ အားတက်စရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့ဟာ အကောင်းမြင်ဝါဒီများပါ။ ဒီလိုမှပဲ ကျွန်မတို့ကမ္ဘာကြီး လှပနွေးထွေးမှုတွေ အသက်ဝင်လာပါလိမ့်မယ်။

[ချစ်ခြင်းအားဖြင့်]

#လေပြည်ချမ်းချမ်း
22:08 PM/ Aug 30th/ 2017 / Wed.

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”