ကြယ်ငေးသူတစ်ယောက်ရဲ့ ည
ဘယ်တော့မှ မတောင်းခဲ့ဖူးတဲ့ ဆုတစ်ဆု ပျောက်ရှအက်ကွဲသွားတဲ့အခါ
...
ဝမ်းနည်းပက်လက်ငိုကြွေးနေရမလား ။ ဘ၀ ဆိုတာ ရှုထောင့်အမျိုးမျိုးရှိတယ်။
ကြွေကျသွားတဲ့သစ်သီးတစ်လုံးအပေါ် တစ်ချို့ကငိုကြွေးနေချိန်မှာ နယူတန်ကတော့ ကမ္ဘာမြေကြီးရဲ့ဆွဲအားကို
ရှာဖွေတွေ့ရှိခဲ့တယ်လေ ။ နှမြောမိတာက ထာဝရမတည်မြဲခဲ့တဲ့ အဲဒီဆုတစ်ဆုဟာ စစ်မှန်ခြင်းမရှိခဲ့ဘူးဆိုတာ
သိခွင့်ရခဲ့တဲ့အတွက် သက်သက်ပဲ ။ ဒါပေမယ့် ကျေးဇူးတင်ပါတယ် ။ အရာအားလုံးအတွက်ပေါ့ ။
လမ်းလျှောက်ရင်းနဲ့တွေ့သမျှမြင်သမျှဖြတ်သန်းသွားရသမျှဟာ ဦးနှောက်ထဲ စကဲန်ဖတ်သွားတဲ့
ခံစားချက်ရှုခင်းတွေသာရယ် ။ ကြယ်ကလေး၊ … ဘယ်လောက်အရောင်မှိန်ပါစေကွယ်။ ကိုယ်ပိုင်တဲ့အလင်းရောင်ဟာ
ကိုယ့်အတွက်တော့ ကိုယ်ပိုင်ဂြိုလ်တစ်လုံးကို ကိုယ်စားပြုပါတယ်။
+++++++++++++++++++++++++++++++++++++++++
အခန်းတံခါးဖွင့် ၀ရံတာမှာသွားရပ် … ကြယ်ငေးမိတဲ့ ရာထောင်ချီညမျက်နှာစာတွေထဲက
တစ်ည။
မီးမှိတ်နေမှ ကြယ်ကလေးတွေကို သေသေချာချာရှင်းရှင်းလင်းလင်းမြင်ရတယ်။
အနီးက အားကောင်းတဲ့မီးလုံးကြည်ပြာထိန်ထိန်ထက် ဟိုးဝေးဝေးက သေးငယ်မှိန်ဖျော့တဲ့ ကြယ်ကလေးတွေကို
ပိုသဘောကျမိတာ ကိုယ်ပါပဲ။ တစ်ခါတစ်ရံတော့ မီးမှောင်တဲ့ညတွေကို ကိုယ်က ပိုပျော်တတ်တယ်။
၂၀၁၂ ကစ ကိုယ်တို့မြို့မှာ နေ့တိုင်းမီးလာတယ်။ အရင်တုန်းကတော့ တစ်ရက်ခြားတစ်ခါမှ မီးပေးတတ်တာ
။ မီးမှောင်တဲ့နွေညတွေဆို ကိုယ်တို့တစ်အိမ်လုံး ဆက်တီခုံတွေချ … ကွန်ကရစ်မချောတချောခင်းထားတဲ့
အိမ်ရှေ့မှာ ၀ိုင်းဖွဲ့ထိုင်ဖြစ်ကြတယ်။ စကားနည်းတဲ့ကိုယ်ဟာ နားထောင်သမား ။ မျက်လုံးကတော့
နက်ပြာရောင်ကောင်းကင်ကြီးရယ် ၊ တစ်ခါတစ်ရံ ခုံးမျက်စလို လခြမ်းကွေးခပ်ရိပ်ရိပ် ဒါမှမဟုတ်တစ်ဝက်တိတိလခြမ်း ဒါမှမဟုတ်
ပြည့်ရွှန်းဝင်းပတဲ့ ငွေသော်တာလနတ်သမီးအပါးမှာ တောက်တောက်ပပခစားနေကြတဲ့ ကြယ်ကလေးတွေရဲ့ညီလာခံကို
ငေးမောမိမြဲ ။
ကလေးဆန်ဆန်ပဲ
ငေးမောနေတုန်း ကြယ်တစ်ပွင့်ကြွေသွားရင် ဟန်မဆောင်နိုင် ပန်မဆောင်နိုင် မျက်လုံးမှိတ်၊
လက်နှစ်ဖက်ထွေးဆုပ် ဆုတောင်းမိမြဲ ။ အမှတ်တရကိုယ့်ရဲ့ကြယ်ငေးညများမှာ ကြယ်တွေတော်တော်ကြွေခဲ့ဖူးပါတယ်
။ ကြယ်ကြွေတိုင်းလည်း မြင်မိတိုင်း ဆုတောင်းခဲ့မိတယ်။
ဆုတောင်းပြည့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်မဟုတ်ခဲ့ဘူး
။ ကိုယ့်ဆန္ဒတွေကို အလေးအနက်ပြုလှစ်ဟတိုင်တည်တဲ့ သဘောတရားပဲပေါ့ ။ ဘာလို့လဲဆိုတော့ မပြည့်ဝခဲ့တဲ့ဆုတွေ
တစ်သီတစ်သန်းကြီး ကိုယ့်မှာ ရှိနေခဲ့လို့ပါပဲ ။ ဒါပေမယ့်လည်း ခုထိ ကြယ်ကြွေတာမြင်တိုင်း
ခပ်ပျော်ပျော် ဆုတောင်းမိတဲ့ကလေးဟာ ကိုယ်ပဲ ။ ကြယ်တွေကြွေသွားတိုင်း ဘယ်များရောက်သွားလဲလို့
တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး ။ ကောင်းကင်ကြီးကို ခွဲခွာသွားရလို့ သူဝမ်းနည်းမလားလို့လည်း
မတွေးမိခဲ့ဘူး ။ သြော် ကိုယ်တို့ဆန္ဒတွေကို ဖော်ထုတ်လှစ်ဟနိုင်ဖို့ သူ နာနာကျင်ကျင်ကြွေပေးတာလို့
တွေးမိရင် ကြယ်ကြွေကလေးအတွက် ၀မ်းနည်းအားနာမိတယ်။
ဒါပေမယ့်
ကောင်းကင်ဟာ ကြယ်တွေကြွေမြဲဖြစ်သလို အားနာမိလို့ မကြွေပါနဲ့လို့ ကိုယ် တားလို့မရနိုင်ခဲ့ဘူး။
အခုထိလည်း ကောင်းကင်မှာ ကိုယ်မမြင်မိလိုက်တဲ့ ကြယ်ကလေးတွေ ကောင်းကင်ကနေ ကြွေဆင်းနေမြဲပါပဲ
။ ကံကောင်းမှုတစ်ခုကတော့ ကိုယ်ငေးနေတဲ့ကြယ်ကလေးတွေ တစ်ခါမှ မကြွေဖူးသေးဘူး ။ ထမ်းပိုးကြယ်သုံးလုံးခြားနေတဲ့
မောင်ရင်ဆိုင်းထမ်းကြယ်ပွင့်ကလေးနှစ်လုံးရယ်၊ တောက်ပရွှန်းလက်တဲ့ သောကြာကြယ်စင်အကြီးကြီးရယ်၊
ဟော ဟို မြောက်ဘက်က ကြယ်စဉ်ညီနောင်ခုနစ်လုံးရယ် … သူတို့ကတော့ ကောင်းကင်မှာ အစဉ်အမြဲချိတ်ဆွဲတွဲခို
ကမ္ဘာမြေက ကြယ်ငေးသူကိုယ့်ကို ငုံ့ကြည့်နေဆဲပဲ ။
+++++++++++++++++++++++++++++++++++++++
မဟူရာလမိုက်ညမှာ
ကြယ်ကလေးတွေက ကိုယ်ရောင်ပိုလင်းတယ်။ လနတ်သမီး တခြားကမ္ဘာကိုအလည်သွားနေလည်း ကြယ်ကလေးတွေကတော့
လွှတ်တော်ညီလာခံတက်မြဲပါပဲ ။ ကမ္ဘာမြေက ညလေညင်းကို ခံစားမယ်။ ကမ္ဘာမြေရဲ့ကွေ့ကွေ့ကောက်ကောက်လမ်းတွေပေါ်က
တွန့်လိမ်နေတဲ့နီယွန်မီးရောင်စုံကို ငေးမယ်။ နက်မှောင်တဲ့ကတ္တရာလမ်းမရှည်ကြီးဟာ ဒီနေ့ညလို
ကောင်းကင်နက်နက်နဲ့ ဘာတော်လဲဆိုတာ သူတို့စဉ်းစားကြမယ်။ ကောင်းကင်ရဲ့သီအိုရီက အုပ်မိုးခြင်း
။ လွှမ်းမိုးခြင်းတစ်မျိုး ။ ပေတရာလမ်းမကတော့ အနင်းခံ ။ အဖြည့်ခံ ဖိနပ်တွေ၊ တာယာဘီးတွေ
လိုချင်တဲ့ခရီးရောက်အောင် အနာခံပြီး ပို့ဆောင်ပေးတယ်။ အပြုံးမပျက် ညည်းညူသံမကြားရတာတော့
သူတို့နှစ်ယောက်စလုံးဆီကပဲ။ ဘ၀ဆိုတာက ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် တစ်ခါတစ်ရံ ကြယ်ကလေးတွေလို
ကိုယ်လည်း ငေးမောကြည့်နေရုံပဲ ။ ဘာများတတ်နိုင်ဦးမှာလဲ ။ လောကသီအိုရီပုစ္ဆာခပ်ဆန်းဆန်းတွေမှာ
တစ်ခါတစ်ရံအဖြေတွေဟာ တစ်ဖက်စောင်းနင်းဆန်တတ်တယ် ။
ဥပမာ
… နာမည်ကြီးတဲ့ တစ်ချို့ကြယ်တွေဟာ ဘယ်တော့မှမကြွေကျသလိုပေါ့ ။
တစ်ချို့ကြယ်ကလေးတွေကတော့
ကြွေသွားမှပဲ သူတို့တည်ရှိခြင်းကို အသိအမှတ်ပြုလိုက်ကြတာမျိုး ။ ဗင်းဆင့်ဗန်ဂိုးရဲ့
နှလုံးသားဆီ အချိန်ပြောင်းပြန်ခရီးဆန့်ပြီးများ ၀င်ကြည့်ရင် ဘယ်လိုများနေမလဲ ။ သူကတော့
သူချစ်တဲ့အမျိုးသမီးအတွက် တောင့်တတဲ့အရာဝတ္ထုတိုင်း ဖြည့်စွမ်းနိုင်ရုံနဲ့ပဲ သူ့ဘ၀၊
သူ့အနုပညာကို ကျေနပ်သွားခဲ့သလား ။ သူရဲ့အင်စပီရေးရှင်းမှာ အဲသည်မိန်းမဟာ လောင်စာဆီလား
ဒါမှမဟုတ် အဖျက်သမားသက်သက်လားဆိုတာ ကိုယ် ခွဲခြမ်းစိပ်ဖြာနေမိတယ်။ ဆိုက်ပရပ်စ်လမ်းဟာ
အုတ်ဂူပေါ်ကျမှ ရွှေစာလုံးတင်ပေးလိုက်တဲ့ အံမခန်းနာမည်ကျော်အကြောင်းကို သမိုင်းအဆက်ဆက်
သီချင်းတစ်ပုဒ်တီးတိုးညည်းဆိုနေဆဲပေါ့။
++++++++++++++++++++++++++++++++++++++
ညတွေဟာ
ကြယ်တွေရှိမှ ပြည့်စုံတယ်။ အဲသည်အတွက် မိုးညတွေကို မုန်းသလားဆိုတော့ ကိုယ် မုန်းလို့မရတတ်ဘူး။
မိုးညရဲ့အေးစိမ့်မှုနဲ့ ရေခိုးတွေကပ်တွယ်နေတဲ့ စိုထိုင်းထိုင်းလေအေးအေးဟာ အခန်းထဲမှာ
တစ်ယောက်တည်းတွေးလို့၊ ကွေးလို့သိပ်ကောင်းပေါ့။ စိတ်ကူးတွေလည်း မိုးရေဆွတ်လို့ လန်းဆန်းနေတတ်တယ်။
လျှပ်စီးမိုးကြိုးနဲ့ ဆူညံတဲ့အခါ ငြိမ်သက်စွာလွင့်မျောတဲ့ ကြယ်အစုံနဲ့ညကလေးတွေကို လွမ်းမိတယ်။
တိမ်ခိုးထူထူနဲ့ မိုးညတွေမှာတော့ ကောင်းကင်ကိုမော့ကြည့်ရင်း ဘယ်နေရာကတော့ ဘယ်ကြယ်ကလေးလို့
စိတ်ကူးထက်အရုပ်ရေးနေခဲ့တယ်။ တိမ်ထူထူအုံ့ဆိုင်းနေတဲ့ညမှာတော့ ကြယ်ကလေးတွေကို ဘယ်မြင်တွေ့ခွင့်ရှိပါ့မလဲ
။
တိမ်ထူတဲ့ကိုယ့်ညတွေဟာ
မတောင်းခဲ့ဖူးတဲ့ဆုတစ်ဆုပါပဲ ။ မမျှော်လင့်ဘဲရောက်လာတော့လည်း အုံ့မှိုင်းမှုမှာ နေသားတကျ
ပျော်ရွှင်တတ်အောင် သင်ယူခဲ့တယ်။ မိုးသားမိုးရိပ်တွေနဲ့ ကမ္ဘာမြေမိုးရေစက်တွေနဲ့အေးမြဖို့
မည်းမှောင်ညိုရီတဲ့တိမ်ထုတွေဟာ ကမ္ဘာမြေအတွက် တကယ့်လိုအပ်ချက်တစ်ရပ်ပါပဲ။ ငွေ့ရည်ဖွဲ့တဲ့တိမ်ခိုးတွေပျောက်ကွယ်သွားဖို့
ကိုယ့်ညတွေ ခပ်စိပ်စိပ်ကျဲပက်ကျတဲ့ မိုးရေစက်ခပ်စိမ့်စိမ့်တွေ စွတ်စိုခဲ့ရတယ်။
မြောက်လေညင်းက
နှင်းမှုန်တွေဖြန့်ဝေပြီး ရောက်လာတဲ့အခါ တိမ်ထူတဲ့ညတွေ ပြေးထွက်သွားခဲ့ပြန်တယ်။ ကြယ်တွေကတော့
ဒီအတိုင်းပဲ။ ကောင်းကင်မျက်နှာပြင်မှာ အရင်အတိုင်း ပြန်လည်တွဲခိုတောက်ပနေပြီ။ အရိုးကွဲအောင်
မအေးဘဲ ကဗျာဆန်ဆန်အေးစိမ့်တဲ့ရသဖြည့်စွမ်းတဲ့ တိမ်ထူတဲ့ညကလေးကတော့ ကျောခိုင်းထွက်သွားပါပြီ။
အုံ့မှိုင်းတဲ့ဂီတနဲ့ အစိမ်းရင့်ရောင်ကမ္ဘာကြီးဟာ လတ်လတ်ဆတ်ဆတ်ခံစားချက်ကို ရေးခြယ်တုန်းပဲ
။ မိုးညလွန်မြောက်သွားတော့ ကိုယ့်ကြယ်ကလေး ကိုယ့်အရောင်ကိုယ် ပြန်မြင်ရပြန်ပြီပေါ့။
ကြယ်ကလေး … ဘယ်လောက်အရောင်မှိန်ပါစေကွယ်။ ကိုယ်ပိုင်တဲ့အလင်းရောင်ဟာ
ကိုယ့်အတွက်တော့ ကိုယ်ပိုင်ဂြိုလ်တစ်လုံးကို ကိုယ်စားပြုပါတယ်။ နွေ မိုး ဆောင်း ဘယ်လိုပဲ
ညရဲ့ရသတွေ ပြောင်းပါစေ။ ကြယ်ကလေးကတော့ ညတွေမှာ ကောင်းကင်ရိုလာကိုစတာပေါ် ခိုစီးရင်း
ကြွေကျမယ့်အချိန်ကို စောင့်ဦးမယ်။ အလင်းနှစ်သန်းပေါင်းများစွာအဝေးက ဖွင့်ထားတဲ့ရင်ဘတ်နဲ့
ခံစားချက်တွေဝှက်မထားတတ်တဲ့ ကြယ်ကလေးတွေရဲ့ သက်တမ်းဟာ ကမ္ဘာမြေကလူသားတွေထက် ပိုပြီးကြာရှည်တည်မြဲတာပဲ
။
ကိုယ့်ရဲ့ကြယ် … ညတွေ ဘယ်လိုပြောင်းပြောင်း သူ လင်းလက်နေဦးမှာပါပဲ
။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ညတွေရဲ့တည်ရှိခြင်းကို
တီးတိုးကျေးဇူးစကားဆိုရင်းနဲ့ပေါ့ … ။ ကိုယ့်ညတွေမှာ ကြယ်တွေဟာ … ကိုယ့်အပေါ် လင်းလက်နေဆဲပါပဲ
။ ။
“လေပြည်ချမ်းချမ်း”
Comments
Post a Comment