`နီးနီးဝေးဝေး
ရိပ်တကြည့်ကြည့်၊ လေးထားဘိသည်
တုလွတ်နှိုင်းမဲ့
ကိုယ့်ပေါ်ချစ်ခင်၊ မေတ္တာပင်ကို
အချိန်လေးတော့ပေးစေချင်´
[1]
ဟိုးငယ်ငယ်တုန်းကပေါ့ ။
ကျွန်မမှတ်မိသေးတယ်။ ခြံထဲမှာ ဖေဖေဟာ ဟောင်းနွမ်းကျိုးပဲ့နေတဲ့ ပရိဘောဂပစ္စည်းတွေ ပြန်ပြင်တာ၊ ပေါလစ်လို့ခေါ်တဲ့ အရောင်တင်ဆေးပြန်တင်တာ ၊ ဒါမှမဟုတ် ဟောင်းနွမ်းနေတဲ့ခြံစည်းရိုးဖြူဖြူတွေကို ဆေးပြန်သုတ်တာ၊ ဒါတွေတစ်ခုမဟုတ်တစ်ခု ခြံထဲမှာ ပြုပြင်ပြင်ဆင်တိုင်း ကျွန်မကို အမြဲလိုလို `ဆေးပုံးတွေ´ ၊`တူ´တွေ ကိုင်ထားခိုင်းတတ်တယ်။ အဲဒီတစ်လျှောက်လုံး ကျွန်မနဲ့ဖေဖေဟာ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင် စကားတွေအကြာကြီး ပြောဖြစ်ကြတယ်။
ကျောင်းမှာ ကျွန်မကြုံရတဲ့အဖြစ်အပျက်တွေ၊ မီးဖိုခန်းထဲမှာအလုပ်များနေတဲ့မေမေ့ကို မကူညီလို့ ဗျစ်တောက်ဗျစ်တောက်နဲ့ မေမေ့အဆူခံရတာတွေ နောက် ဖေဖေ့ဆီကနေ မေးမှသိတတ်တဲ့ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲ၊ ဘက်စကတ်ဘောအနိုင်အရှုံးသတင်းတွေ၊ လက်ရှိကမ္ဘာ့အဖြစ်အပျက်သတင်းတွေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေနဲ့ သမိုင်းအကြောင်းတွေ၊ အို စုံလို့ပါပဲ။ ဖေဖေနဲ့စကားစမြည်ပြောရင်း ကျားကွက်ရွှေ့သင်ခဲ့ဖူးတယ်။ စစ်တုရင်ကစားနည်းလည်း ဖေဖေ့ဆီကနေ ကျွန်မတတ်မြောက်ခဲ့ပါတယ်။
ကျွန်မသိရသလောက် ဖေဖေဟာ မသောက်မစားမမူးမယစ် ၊ အလုပ်ကနေပြန်လာတဲ့အချိန်တိုင်းလည်း ဘယ်အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းနဲ့မှ လျှောက်မသွားတတ်ဘဲ မိသားစုဆီကို တန်းတန်းမတ်မတ်ပြန်လာပြီး ကျွန်မတို့ သားသမီးတွေနဲ့အတူ ပျော်ပျော်ပါးပါး မေမေ့လက်ရာညစာသုံးဆောင်ရင်း မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်တတ်တယ်။ ဖေဖေဟာ မိသားစုအပေါ်တကယ်ချစ်ခင်အလေးထားဂရုစိုက်တတ်တဲ့သူ တစ်ယောက်ပေါ့။
ကျွန်မကောလိပ်ကျောင်းတက်တဲ့အရွယ်ရောက်လာတဲ့အခါ အိမ်ကနေခွာပြီး ကျောင်းသွားတက်ရတယ်။ အဲဒီကတည်းက ဖေဖေက ကျွန်မဆီကို တနင်္ဂနွေနေ့မနက်တိုင်း ဖုန်းဆက်လေ့ရှိတယ်။ ဘာအကြောင်းပဲရှိရှိ ဖေဖေကတော့ သူ့အစဉ်အလာ ဓလေ့အတိုင်း တနင်္ဂနွေမနက်တိုင်း ဘယ်တော့မှ ဖုန်းဆက်မပြတ်ခဲ့ပါဘူး။
အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ကျွန်မ အိမ်တစ်လုံးဝယ်ယူခဲ့တယ်။ ဖေဖေဟာ သုံးရက်ဆက်တိုက် ဒီဂရီဆဲလ်စီးရပ်စ် ၄၀ နားနီးတဲ့ နွေရာသီအပူဒဏ်အောက်မှာ ကျွန်မအိမ်လေးကို သူ့တစ်ကိုယ်တော် ပြီးစီ်းအောင် ဆေးသုတ်ပေးခဲ့တယ်။ သူ အမြဲမေးတာကတော့ သူ့ဆေးပုံးကို ကျွန်မကိုင်ပေးထားမလား စကားအတူတူပြောရအောင် သမီး...တဲ့။ ဒါပေမယ့် အဲဒီရက်တွေမှာ ကျွန်မအလုပ်တွေ သိပ်ရှုပ်နေခဲ့ပြီး ဖေဖေနဲ့ စကားပြောဖို့ အချိန်မပေးနိုင်ခဲ့ဘူး။
နောက်လေးနှစ်ကြာတဲ့အခါ ဖေဖေ ကျွန်မဆီ အလည်ရောက်လာတယ်။ ကျွန်မသမီးငယ်နဲ့အတူတူ စကားတွေပြောလို့၊ အတူတူကစားလို့ လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်ပြီး ပျော်ရွှင်နေကြပြန်တယ်။ ဖေဖေက ကျွန်မကို သူ့အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်လာခိုင်းပြီး စကားအတူတူဝိုင်းဖွဲ့ပြောကြစို့လို့ ပြောတယ်။ သီတင်းပတ်ကုန်ရက်မှာ ကျွန်မ အလုပ်ခရီးစဉ်တစ်ခု နဲ့ အဲဒီအတွက် ပြင်ဆင်စရာတွေ တောင်ပုံရာပုံရှိနေတယ်။ ဒါ့ကြောင့် ဖေဖေနဲ့ကျွန်မ စကားအကြာကြီးပြောဖို့ အချိန်မရှိခဲ့ဘူး။
တနင်္ဂနွေမနက်ခင်းတစ်ရက်မှာ ထုံးစံအတိုင်း ဖေဖေ ကျွန်မဆီကို ဖုန်းဆက်တယ်။ ကျွန်မသတိထားမိတာက ဖေဖေက ကျွန်မတို့အရင်ဆွေးနွေးတိုင်ပင်ထားဖူးတဲ့ အကြောင်းအရာတချို့ကို မေ့နေတယ်။ ကျွန်မလည်း အလျင်လိုနေတာနဲ့ ဖေဖေ့ကို စကားတိုတိုပြတ်ပြတ်ပဲ နှုတ်ဆက်နိုင်ပြီး ဖုန်းချလိုက်တယ်။ နာရီအနည်းငယ်အကြာမှာ ကျွန်မဆီ ဖုန်းထပ်ဝင်လာတယ်။
အို ဖေဖေ ဆေးရုံကို ရောက်နေတယ်တဲ့။
ကျွန်မ လေယာဉ်လက်မှတ်တန်းဝယ်ပြ်ီး ဖေ့ဖေ့ဆီ အမြန်ဆုံးထွက်လာခဲ့တယ်။ လမ်းမှာ ဖေဖေနဲ့ အေးအေးဆေးဆေး စကားလက်ဆုံကျဖို့ ကျွန်မလွဲချော်ခဲ့မှုတွေအကြောင်းပဲ တနုံ့နုံ့တွေးနေမိတယ်။
ဆေးရုံကို ရောက်တဲ့အချိန်မှာတော့ ဖေဖေဟာ မျက်လုံးမှိတ်သွားရှာပါပြီ။ ဒီတစ်ခါတော့ ကျွန်မနဲ့ စကားပြောဖို့ အချိန်မပေးနိုင်ခဲ့တဲ့သူဟာ ဖေဖေ ဖြစ်လို့သွားပါပြီ။ အဲဒီအချိန်မှာပဲ ကျွန်မ ဖေဖေ့ရဲ့နက်ရှိုင်းတဲ့အတွေးတွေ၊ ဖေဖေ့ဆန္ဒအိပ်မက်တွေနဲ့ ဖေဖေ့အကြောင်းတွေ ကျွန်မဘာမှသေချာသိပ်မသိခဲ့ဘူးဆိုတာကို နှမြောတ,သစွာ နားလည်လာခဲ့တယ်။
ဖေဖေ မရှိတော့တဲ့နောက်မှာ ကျွန်မ ဖေဖေ့အကြောင်းတွေ ပိုစဉ်းစားမိ သိရှိလာခဲ့ပြီး ကျွန်မကိုယ်ကိုယ်တိုင်ရဲ့အကြောင်းကိုပါ ဝေဖန်စီစစ်နားလည်သဘောပေါက်လာခဲ့ပါတယ်။ ဖေဖေဟာ ကျွန်မဆီကနေ အမြဲတမ်းသူနဲ့စကားပြောဖို့ အချိန်ပေးဖို့ အမြဲတောင်းဆိုခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့ အတွေးတွေ အချိန်တွေ အားလုံးကို တစ်နေ့ချင်းစီတိုင်း သူရရှိပိုင်ဆိုင်နေပါပြီ။ ဖေဖေ ....ကျွန်မတို့နဲ့ဘယ်လိုမှ အတူတူမရှိနိုင်တော့တဲ့အချိန်မှာပေါ့ ။ ။
"လေပြည်ချမ်းချမ်း"
21:33 PM/2015/Nov 1/Sun.
[Ref: Inspirational Stories Via Internet ]
Comments
Post a Comment