ပြတင်းပေါက်ကို ဖွင့်လိုက်တော့
အိမ်အပြင်ဘက်မှာ မနက်ခင်းပန်းတွေ။ လေကလေးတဖြူးဖြူးမှာ မိတ်ကပ်လိမ်းလို့ ။ ပျိုမြစ်နုနယ်တဲ့မနက်ခင်းအသစ်တစ်ခု ရောက်ပြန်ပြီ။ မနက်ခင်းဟာ ပန်းအငုံလိုပဲ နေ့တိုင်း ဖူး...လို့။ တစ်နေ့စာ ပွင့်ဝေတဲ့ခရီးမှာ သူ ကျွန်တော်တို့ကို အမြဲတမ်းသရော်တယ်။
မနက်ခင်းကော်ဖီမသောက်ခင် မနက်စာအရင်ပြင်ရသလို တစ်နေ့တာ မစ,ခင်သွားတိုက်မျက်နှာသစ်ပြီးမှ ဖြစ်မှာပေါ့။ နေ့စဉ်ရက်ဆက်ဆိုတော့လည်း မနက်ခင်းရဲ့နုပျိုမှုဟာ လူတွေအတွက် ငြီးငွေ့စရာ။ လန်းဆန်းမှုရဲ့နောက်မှာ တာဝန်ဝတ္တရားတွေ တစ်သီကြီးနဲ့ဗျ။ နာရီသံ `တစ်-တောက် .. တစ်-တောက်´ဟာ အမြဲ `အချိန်မီ-အချိန်မီ´လို့ ဦးနှောက်ကို ထုနှက်နေတော့တာပဲ။ ခေါက်ရိုးကျိုးနေတဲ့ ဖြတ်သန်းမှုနဲ့ မနက်ခင်းရဲ့ရင့်မှည့်မှုဖြစ်စဉ်မှာ ကျွန်တော်တို့ တစ်နေ့ချင်းခေါက်တုံ့ခေါက်ပြန်ပေါ့။ ကြာတော့လည်း အသက်ကြီးလာတာကလွဲလို့ ဒီ`နေ့ရက်´တွေဟာ မက်မောစရာမကောင်းတော့ပါဘူး။
ကျွန်တော်တို့ နေထိုင်နေကြတာ ဒီအတိုင်းပဲ။ ဘဝက တည်ငြိမ်သွားလေ ပျင်းစရာကောင်းလေပဲ။ မတည်ငြိမ်ခင်တော့ ဘဝရဲ့ဘက်တံတွေနဲ့ တင်းနစ်ဘောလုံးတစ်လုံးလို အထက်ကို မြှောက်ပင့်လိုက်၊ လိုချင်တဲ့ အမြင့်အကွာအဝေးရောက်ရင် ရိုက်ချခံရလိုက်။ `လောကဓံ´ဆိုတာ လူတွေကို `တင်းနစ်ဘောလုံး´တွေများ မှတ်နေလားမသိဘူး။ ဘောလုံးတစ်လုံးလို့ မမှတ်တာပဲ တော်လှပြီ။ အုပ်စုဖွဲ့၊ ဝိုင်းကန်၊ အကျဉ်းအကြပ်ထဲပို့၊ အချိတ်အဆက်နဲ့လှည့်စားပြီး ပိုက်ကွန်ထဲကန်ထည့်၊ ပြီးတော့ `ဂိုး´ဆိုပြီး သူတို့ခြေထောက်တွေအတွက် ဝိုင်းဖွဲ့အောင်ပွဲခံကြတာပါကလား။
တစ်ချို့ အားနည်းသူတွေအတွက်တော့ ဘဝဟာ `ဘောလုံး´သိပ်ဆန်လိမ့်မယ်။ ကန်နေတဲ့ခြေထောက်တွေ မကျိုးခင်ထိတော့ လှိမ့်ပိမ့်ခံပေတော့ ။ ဒါမှမဟုတ် ဟက်ထရစ်သွင်းပြီး သူ့ကို အပိုင်သိမ်းယူကယ်ဆယ်မယ့်သူ ရှိအောင်စောင့်။ ဘောလုံးလေးလည်း ပျင်းရိနေလို့မဖြစ်ဘူး။ သူ့ကိုယ်သူ ခပ်သွက်သွက်ပြေးနေအောင် လေအပြည့်တင်းနေဖို့ ကြိုးစားမှဖြစ်မယ်။ ဒါမှ ကန်မယ့်ခြေထောက်တွေရဲ့အောင်မြင်မှုနဲ့ သူ့ကိုယ်သူ ကယ်ဆယ်နိုင်လိမ့်မယ်။ ဘဝဆိုတာ အပေးအယူဆန်တာလား ။ အဖြည့်ခံဆန်တာလား ။ ခင်ဗျားတို့ပဲ ဖြေပေးကြပါဦးဗျာ ။
ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ဘဝတစ်ခုကိုတီးခတ်တဲ့အခါ ထွက်လာတဲ့ ကိုယ်ပိုင်တီးလုံးသံအတွက် ခင်ဗျားပျော်လား မပျော်ဘူးလား။ ကျွန်တော် သိပ်သိချင်သဗျ။ အုမ်းန်ကျူး မှ အထင်ကြီးကြသတဲ့။ သူ့တီးလုံးသံနဲ့ ကိုယ့်တီးလုံးသံကို ခင်မင်မှုထည့်နားထောင်ရင်တော့ လူမှုရေးညက်တဲ့သူက စူပါစတားပါဗျာ။ အဲဒီစူပါစတားတွေရဲ့ ကလိတိတိ ရိတိတိ လှောင်ရယ်သံတွေကတော့ နားခါးသဗျ။ အိပ်မက်တစ်ထမ်းနဲ့ ရင်ဘတ်တစ်ခြမ်းနာနေဆဲ နားကိုက်နေလို့ ကိုယ့်အပေါ်ကောင်းတဲ့သူကို ရေရေရာရာ ပြုံးရယ်မပြနိုင်တာ ခွင့်လွှတ်။ နောက်ကျောဓားဒဏ်ရာတွေ များလွန်းတော့လည်း နေထိုင်မှုမှာ သံသယငရုတ်သီးစပ်စပ်နဲ့ပေါ့။ ရေခဲရေချည်းလှိမ့်သောက်နေမိတာပဲ။ ဘယ်အချိန်မှာ ဖြေဆေးကြောင့် အပူကြီးပြီး အဖျားတက်မလဲ မသိဘူး။
ဒီလိုနဲ့ ဘဝက ကိုယ့်ကို တင်းနစ်ရိုက်လိုက်၊ ဘောလုံးကန်လိုက်။ တကယ်တော့ ဘဝမှာ ကိုယ် ဖြစ်ချင်နေခဲ့တဲ့ ဖြစ်တည်မှုက ဂေါ့ဖ်သီးလေးတစ်လုံးပါဗျာ ။ ကိုယ့်တိုင်သင်ယူမယ်။ ကိုယ်တိုင်ကြိုးစားမယ်။ ကိုယ့်အားထုတ်မှုနဲ့ ကိုယ့်အတွေးအခေါ်ကိုယ် ချပြမယ်။ ကိုယ်ကိုယ်တိုင်ကိုယ့်ဦးနှောက်ကို ဂေါ့ဖ်သီးတစ်လုံးလို ရိုက်ထုတ်လိုက်တဲ့အခါ တစ်ခါတစ်လေတော့ တစ်ချက်တည်းကျင်းဝင်သဗျ။ ကိုယ့်ကိုကိုယ်တော့ ကျေနပ်အားရစရာကြီး။ အခါများစွာတော့ ကြိုးစားရိုက်နေတာပဲ။ ပြီးရင်တော့ အနီရောင်နဲ့အပြာရောင်စပ်ထားတဲ့ လေယာဉ်ပျံခိုကလေးတွေနဲ့ ကမ္ဘာ့ဂေါ့ဖ်ကွင်းတွေဆီ ဝင်ခွင့်လျှောက်တယ်ပေါ့။ အဆင်ပြေပါတယ်။ တစ်ချို့ကိုယ်လေးစားရတဲ့ နာမည်ကျော် ဂေါ့ဖ်ကွင်းကြီးတွေရဲ့စာမျက်နှာမှာ ကျွန်တော့်လက်ရာတွေ ပါလာရင် ကျေနပ်ပျော်ရွှင်မိတယ်ပေါ့။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ကိုကိုယ်အားပေးဖို့ အားတွေပြန်ရတယ်ပေါ့။
ဘဝဆိုတာ လိုချင်တာကို တောင်းဆိုတတ်မှတဲ့။ တောင်းဆိုမှရမယ်ဆို ဘဝက အပေး-အယူဆန်ပါတယ်။ မတောင်းဆိုဘဲ ကိုယ့်ဆွဲငင်မှုနဲ့ကိုယ် သက်ဆင်းကြွေကျလာတဲ့ ကြယ်ကလေးတစ်ပွင့်ကိုပဲ ထိုက်ထိုက်တန်တန် ပန်ပါရစေလား။ သူတစ်ပါးက အားနာပါးနာပေးရင် ကိုယ်ကလည်း ကြောင့်ကြအားနာမှုနဲ့ သိမ်ငယ်ရတာပါပဲ။ ကျွန်တော်တော့ ဟန်ဆောင်မှုတွေကို လုံးဝမကြိုက်ပါဘူး။ ကျွန်တော့်နှလုံးသားအစစ်ကို ဖတ်နိုင်တဲ့ မိတ်ဆွေစစ်ရဲ့ အားပေးဖေးမမှုကိုပဲ မတောင်းဆိုရဘဲ လိုချင်ခဲ့မိတာပါ။ ကိုယ်ရသလောက်ပြန်ပေးဖို့လည်း ကျွန်တော် အမြဲအဆင်သင့်ရှိပါတယ်။ တောင်းဆိုရမှာကို အားငယ်တဲ့ ကျွန်တော့်အတွက် နှုတ်ဆိတ်နေခြင်းက စိတ်ပိုကျေနပ်စေတယ်။ ဒုံးပျံခေတ်မှာ ဘတ်စ်ကားတစ်စင်းဖြစ်ပါစေဦး။ နေ့ရက်တွေတိုင်းမှာ ကျွန်တော် ကြိုးစားရွေ့နေတယ်ဆိုရင် . . . ဘယ်သူတွေ လက်ခုပ်တီးပေးနေဦးမှာလဲ။
`ဆန္ဒ´ဆိုတာ မြောက်အရပ်မှာအမြဲတည်ရှိတဲ့ ဓူဝံကြယ်နဲ့တူတယ်။ ခင်ဗျားရဲ့ဆန္ဒလား ။ ကျွန်တော့်ရဲ့ဆန္ဒလား ။ ဘယ်သူရဲ့ဆန္ဒကိုမဆို သူက လမ်းပြပေးမှာပါပဲ။ အရေးကြီးတာက ခင်ဗျားရဲ့ဆန္ဒတွေ အတောင်ပံပေါက်ဖို့ပဲ လိုပါတယ်။
ကဲ ဘဝကို ခင်ဗျားတို့ ဘယ်လိုနေထိုင်နေခဲ့ကြသလဲ။ မနက်ခင်းအငုံအဖူးကို ရုန်းကန်လှုပ်ရှားမှုနဲ့ ရင့်ကျက်ပွင့်ဖူးစေတဲ့ နေ့ရက်တွေတိုင်းမှာ လူတိုင်းက အနုပညာသည်ချည်းပါပဲ။ ကိုယ့်နေထိုင်မှုကို ကိုယ့်စိတ်ကြိုက်ပုံသွင်းပြီး ကျေနပ်စွာနဲ့ လျှောက်လှမ်းနေတယ်ဆိုရင် တကယ်ပါ ... ခင်ဗျားရဲ့စိတ်ကျေနပ်မှုတွေနဲ့ထုဆစ်နေတဲ့ ရှင်သန်မှုကိုက အနုပညာတစ်ရပ်ပါပဲ ။
။
`လေပြည်ချမ်းချမ်း´
15:59 PM/ Jan 23rd /2016 /Sat.
Comments
Post a Comment