Skip to main content

Beyond Deception


•[ မပိုင်ဆိုင်ခြင်းများ၏ အလွန်၌ ]•
💭💭💭💭💭💭💭💭💭💭
[၁]
အို ... လှလိုက်​တာ။
သိပ်​လှတာပဲ။
အပြုံး​လေးက ငါးကန်​ထဲက​ရေစိမ်းစိမ်း​လေးလို ကြည်​လို့ ။
ဒီ​လောက်​ အားမာန်​ပြည့်ပြီး ဖြူစင်​တဲ့ အပြုံး​လေးကို မမြင်​ဖူးဘူးကွယ်​။
ကြည်​လင်​လတ်​ဆတ်​သော အဖြူလွလွဂွမ်းစ​လေးလို နုညက်​လှိုက်​လှဲစွာ ဝင်းပ​သောအပြုံး​လေးသည်​ ကျွန်​မကို ဖြား​ယောင်း​နေသည်​။

[၂]
`ဒါဘယ်​​လောက်​လဲ ရှင့်​။´

ပြခန်းထဲက လူကြီးက ​နေရာကထလာသည်​။ ကျွန်မညွှန်​ပြတာကို ​သေချာကြည့်​သည်​။
ပြီးတာ့ ​ခေါင်းယမ်းပြသည်​။ `ဒါ ​ရောင်းဖို့မဟုတ်​ဘူး။´

ပြခန်းထဲမှာ `ဟာ´ ဆိုသည့်အသံတွေ ​နေရာတိုင်းမှ ခပ်​အုပ်​အုပ်​ထွက်​လာ၏ ။

ကျွန်မဝမ်းနည်းသွားသည်​။

`ဘာလို့လဲ ။ ဘယ်​​လောက်​ပဲ​ပေးရ​ပေးရပါ။ ကျွန်​မ သ​ဘောကျလို့ပါ။´

အဘိုးကြီးက တစ်​ချက်​စဉ်းစားသည်​။

`​နေဦး ငါ ​မေးစမ်းပါရ​စေဦး။ မင်းက ဘာလုပ်​ဖို့ ဝယ်​ချင်​ရတာလဲ´

`ကျွန်​မ ... ဧည့်​ခန်းထဲမှာ ချိတ်​ထားမယ်။ ´

အဘိုးကြီးမျက်​ခုံး​တွေ မြင့်​တက်​သွား၏ ။

`ဒါဆို မရဘူး။ ပြန်​ပါကွယ်​။ ´

`ဟင်​ ဘာလို့လဲ။ ဒါ​တွေက ​ရောင်းဖို့ချိတ်​ထားတာ မဟုတ်​ဘူးလား။´

`​ရောင်းဖို့ပါပဲ။ ဧည့်​ခန်းထဲမှာချိတ်​လို့​တော့ မသင့်​​တော်​ပါဘူး´

`အို ဒီ​လောက်​ကျက်​သ​ရေရှိတဲ့ အပြုံးကားချပ်​ကို​လေ။´

`မင်း ​သေချာကြည့်​ပါဦး။ သူ ပြုံး​နေတာလား။ မဲ့​နေတာလားဆိုတာ ​သေချာကြည့်​။´

ကျွန်​မ ဇ​ဝေဇဝါနှင့် ​သေချာစိုက်​ကြည့်​လိုက်​ပြန်​သည်​။
 ဒီတုန်းမှာပဲ လှောင်​သံလိုလို ညာသံလိုလို တီးတိုးအသံရှည်​​တွေ နားဝဆီ အုပ်​မိုးလာပြန်သည်​။

စူးစိုက်​ကြည့်​ရင်း အပြုံးက မဲ့လာသလို ​ကျောထဲစိမ့်​လာ၏ ။ ​ဇ​ဝေ​ဇဝါစိတ်​အ​တွေးများဖြင့်​ ​နောက်​ထပ်​ ထပ်​ခါထပ်​ခါစူးစိုက်​ကြည့်​မိသည်​။ မူမမှန်​မှုဟု ယူဆစရာကား အပြုံးသည်​ နားရွက်​ဖျားအစွန်းဆီထိ ရှည်​လျားလွန်း​နေ၏ ။ ကြည့်​ရင်းကြည့်​ရင်း ကိုယ့်​ကို​နောက်ပြောင်​​နေသလို ခံစားလာရသည်​။ ကျွန်​မစိတ်​ထဲ ပထမဆုံး ထိုအပြုံးကို မသင်္ကာဖြစ်​လာသည်​။ ပြုံးလိုက်​ ​လှောင်​လိုက်​ ကျွန်​မနှင့် နီးလာလိုက်​ ​ဝေးသွားလိုက်​။

ထပ်​ခါထပ်​ခါ ကြည့်​​လေ ပြုံးလိုက်​၊မဲ့လိုက်​ ဆန့်​ကျင်​ဘက်​ဒွိဟအ​တွေးက ပိုကြီးမားလာ​လေ​လေ။
ဖြူစင်​​သောအပြုံးချိုချိုချိုကို မြတ်​နိုးစိတ်​နှင့်​ ​လှောင်​ပြောင်​ပြက်​ရယ်​ပြုမှုကို ရွံမုန်း​သောစိတ်​။ သူတို့နှစ်​စိတ်​အားပြိုင်​ပြီး ကျွန်မဦး​နှောက်​ထဲ ဗ​လောင်​ဆူကာ ရှုပ်​​ထွေး​နေသည်​။

"အို ​တော်​ပါပြီ။ မပိုင်​ရလည်း​နေ​စေ​တော့။ အလှည့်​စား​တော့ မခံနိုင်​ဘူး။"

ဆုံးဖြတ်​ချက်​နှင့်​ ကျွန်မ လှည့်​ထွက်​ဖို့ ပြင်​သည်​။ ပန်းချီကားကို နှ​မြောတသစွာ ​ငေးကြည့်​မိ​တော့ အပြုံးချိုချိုက ကျွန်မကို ညှို့အားပြင်းစွာ ထပ်​မံဆွဲ​ဆောင်​နေပြန်​သည်​။ တကယ်​စစ်​မှန်​​သော အပြုံးဆိုလျှင်​​ရော။ စစ်​မှန်​စွာမက်​​မော​သော ကျွန်​မ အဆုံးရှုံးကြီးမား​ပေတာပဲ။

ကျွန်​မ​တွေ​ဝေစွာ ပန်းချီကားကို ငေးကြည့်​ရင်း ရပ်​တန့်​​နေမိသည်​။
ထို့နောက် ခြေ​တွေလက်​​တွေတုန်​လာသည်​။ ​ ​ညောင်းညာလာသည်​။ ​ချွေး​တွေ ရွှဲလာသည်​။

ဆန္ဒနှင့်​ သံသယ၏ကြားမှာ ​ရှေ့တိုးရခက်​ ​နောက်​ဆုတ်​ရခက်​ ပိတ်​မိ​နေ​သောအချိန်​သည်​ ကိုယ့်​စိတ်​နှင့်​ကိုယ်​ ​လောကငရဲ​ကျ​​နေချိန်​ဖြစ်​သည်​။

ဒါ​ပေမယ့်​ ​နောက်​ဆုံး .... ။

[၃]
သက်​ပြင်းတစ်​ချက်​မှုတ်​ထုတ်​ရင်း ကျွန်​မ ပြခန်းအပြင်​ဘက်​လမ်းမ​ပေါ် ​ရောက်​လာသည်​။
စီး​မျောလွင့်​ခတ်​လာ​သော ​လေပြည်​နုနုက ကျွန်​မကို ယပ်​ခတ်​​ပေးရင်း သူ့ ဦးတည်​ရာအတိုင်း ​ဖြတ်​​ကျော်​ရွေ့လျားသွားသည်​။

"ဟုတ်​တယ်။ မသိမ်းပိုက်​သူသာ အရာရာကို ​အောင်​နိုင်​တယ်​။ "

စစ်​မှန်​​သောအပြုံး၏ ​ဆေးစက်​မှုန်​တို့ဖြစ်​​စေ၊ မဲ့ရွဲ့​လှောင်​​ပြောင်​ဖို့ အသုံးပြု​သော စုတ်​ချက်​တို့ဖြစ်​​စေ ကျွန်​မ ဘာတစ်​ခုကိုမှ မသိမ်းပိုက်​ မယူငင်​ခဲ့ပါ။ အရှိအတိုင်း​လေးပဲ သူ့​နေရာ​လေးမှာ ကျွန်​မထားရစ်​ခဲ့ပါသည်​။ ပြခန်းထဲမှာ ကျွန်​မ မက်​​မောခဲ့​သော ကြည်​လင်​ချိုမြသည့်​အပြုံး​တွေကို ကျွန်​မ ပြန်​​ခေါ်ခံစားမှုထဲမှာ ခံစားနိုင်​ပါသည်​။

မဲ့ရွဲ့​လှောင်​​ပြောင်​ဖို့အသုံးပြု​သော မျက်​နှာဖုံးဖြစ်​​နေမည်​ဆိုလျှင်​လည်း ထိုပန်းချီကားကို ကျွန်​မ၏ကိုယ်​ပိုင်​ဧည့်​ခန်းထဲ ​ခေါ်ငင်​မလာခဲ့သဖြင့်​ တစိမ့်​စိမ့်​​ငေးကြည့်​ရင်း ဘယ်​​တော့မှ ကျွန်​မတနုံ့နုံ့ခံပြင်း​နေစရာမလို​တော့။

အရာရာအားလုံး၏ သူ့သ​ဘောသူ​ဆောင်​မှုကို လက်​ခံ၍ သူတို့​နေရာမှာပဲ သူတို့ကို ကျွန်​မ ထားခဲ့ပါမည်​။ အပြုံးစစ်​​ရော၊ လှည့်​စားမှုမျက်​နှာဖုံး​ရော ဘာတစ်​ခုကိုမှ ကျွန်​မလက်​ခံမယူခဲ့​သော​ကြောင့်​ ကျွန်​မ ​​ခြေလှမ်း​တွေပေါ့ပါး​​နေသည်​။ ​နောက်​ဆုံး​တော့ ကျွန်​မသည် ကျွန်​မကိုယ်​ကျွန်​မပိုင်​ဆိုင်​သည့်​ မိန်းမငယ်​တစ်​​ယောက်​ဖြစ်​ခဲ့ပြီ။

ကျွန်​မက ရိုးစင်းလှစွာ ကြွယ်​ဝချမ်းသာသူ တစ်​​ယောက်​ပါ။ ကျွန်​မအ​တွေး ကျွန်​မဆန္ဒ ကျွန်​မရပ်​တည်​မှု ကျွန်​မ၏ခံစားမှုအနုပညာ ကျွန်​မကိုယ်​ ကျွန်​မ ပိုင်​သည်​။ ထို ကြီးမြတ်​​သော ခံစားမှုအ​ကြောင်း ​တွေးရင်း လမ်းက​လေးကို ဆက်​​လျှောက်​ရင်းဖြင့်​ ကျွန်​မ ကျေနပ်​​တောက်​ပစွာပြုံး​နေမိသည်​။

အပြုံး​လေးက ငါးကန်​ထဲက​ရေစိမ်းစိမ်း​လေးလို ကြည်​လင်​​အေးမြလို့ . . .ပါ​လေ။ ။

#လေပြည်​ချမ်းချမ်း
လွတ်လပ်လှိုင်းမဂ္ဂဇင်း၊ ဧပရယ်၊ ၂၀၁၈။
www.laypyaychanchan.blogspot.com

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”