Skip to main content

The Lovely Shoes For My Lovely One



[ "ချစ်တဲ့သူအတွက် ဖိနပ်လေးတစ်ရံ" ]
---- -- ---- -- ---- -- -- -- ---- --


“ Personality … ”
“ ကိုယ်ရည်ကိုယ်သွေး ” ဟူသော အဲသည်အင်္ဂလိပ်စာလုံးလေးသည် ကျွန်မဘ၀မှာ ဦးနှောက်ထဲ မကြာခဏရောက်လာတတ်သည် ။
ငယ်ငယ်လေးကတည်းက ကျွန်မက … အရာရာမှာ ခမ်းနားလှပမှ ကျေနပ်တတ်သူ။ ကျွန်မရည်မှန်းချက်ကလည်း မြင့်မြင့်မားမား ။
အမှတ်အမြင့်ဆုံးရမှ တက်ရောက်ရမည့် ဆေးကျောင်းဆိုတာကိုလည်း .. ကျွန်မ အလွန်တက်ရောက်ချင်ခဲ့သည်။ “ ၀ါသနာ ”ဆိုတာကို ထည့်မတွေးတတ်သေးသော ကလေးအတွေးမှာ အမြင့်ဆုံး၊ အကောင်းဆုံး ဆိုတာတွေကိုပဲ အိပ်မက်မက်ခဲ့ဖူးသည်။
လိုချင်တာအတွက် ကြိုးစားရကောင်းမှန်းလည်း သိနားလည်ခဲ့ရသည်။
တကယ်တမ်း လက်တွေ့ဘ၀မှာ ကြိုးစားတိုင်း ခရီးမရောက်တာမျိုး ကြုံလာရသည့်အခါ “ ကံတရား ” ဆိုတာကိုလည်း ကျွန်မသဘောပေါက်လာခဲ့သည်။ သို့တိုင် ကျွန်မကြိုးစားမှု မလျော့အောင် ကိုယ့်ကိုကိုယ် သံပတ်တင်းရသည်။ တစ်ခါတစ်လေ စိတ်ဓါတ်က ဟိုးချောက်နက်ထဲထိ ထိုးစိုက်ကျသွားသောအခါ … ကျွန်မ မျက်ရည်ကျခြင်းနှင့် အဆုံးသတ်သည်။
ကျွန်မ၏ ချို့ယွင်းချက်က “ စိတ်ဓါတ်ပျော့ညံ့တတ်မှု” ဖြစ်သည်။ ကျွန်မက အရာရာမှာ ခံစားတတ်လွန်းကာ မျက်ရည်လွယ်တတ်သူဖြစ်သည်။ ပြီးတော့ အစွဲအလမ်းကြီးတတ်သည်။ သူငယ်ချင်းအပေါင်းအသင်းနှင့် ပတ်သက်လျှင် လူတိုင်းကို လိုက်လျောညီထွေ ရောနှောပေါင်းသင်းတတ်သူတစ်ယောက် မဟုတ်ခဲ့ပါ။
ကျွန်မက အလွယ်တကူ ရင်းနှီးကျွမ်းဝင်မှု မရှိတော့ တစ်ချို့သူငယ်ချင်းတွေက မာနကြီးသူ ၊ သွေးကြီးသူအဖြစ်အလိုလိုသတ်မှတ်သည်။ သူတို့ ထိုသို့ကောက်ချက်ချသည့် ကျွန်မက ခင်မင်တွယ်တာမိသည့်သူတွေကျတော့ ဘာအကြောင်းနှင့်မှ အလွယ်တကူစိတ်မဆိုးတတ်ခဲ့ ။ တစ်ခါတစ်ရံ ဘယ်လောက်စိတ်ဆိုးမိသည်ဖြစ်စေ ကိုယ့်ကိုလာချော့သည့်အခါ သိပ်မကြာခင်ဘဲ … အလွယ်တကူ… အပြုံးလေးနှင့် စိတ်ပြေသွားတတ်သူဖြစ်သည်။
ထို့ကြောင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကလွဲ၍ ဘယ်သူမှ ကျွန်မအပေါ် အလုံးစုံ နားလည်မပေးနိုင်ခဲ့။ ကျွန်မသည် သူတို့အတွက် ခင်မင်နှစ်လိုဖွယ်ကောင်းသော သူငယ်ချင်းတစ်ယောက်မဟုတ်သလို ကျွန်မအတွက်လည်း သူတို့သည် သူစိမ်းအဖြစ် ပို၍ပို၍ ဝေးကွာသွားခဲ့ရသည်။
စိတ်ဓါတ်ပျော့ညံ့တတ်သောကျွန်မမှာ… ထူးဆန်းတာက … တစ်ခါတစ်ရံ ခေါင်းမာတတ်တာ ဖြစ်သည်။ ကိုယ်မှန်သည်ထင်သည့် ကိစ္စရပ်တွေမှာ အလျော့မပေးတတ်မှုကြောင့် ပျော့ညံ့သောစိတ်မှာ အကာအရံအခွံမာ ဖုံးလွှမ်းကာ ကိုယ့်ကိုကိုယ် “ စိတ်ဓါတ်ခိုင်မာသူ ” အဖြစ် တွေးယူလို့ရခဲ့သည်။
ကျွန်မသည် ငယ်ငယ်လေးကတည်းက စာအုပ်များနှင့် ရင်နှီးကျွမ်းဝင်ခဲ့ရသည် ။ သုတ ၊ ရသ ၊ ရယ်စရာ အစရှိသဖြင့် စာအုပ်တွေ ဖတ်ရင်း ဖတ်ရင်း ကဗျာနှင့်လည်း မစိမ်းသက်တော့။ အလှအပကို တန်ဖိုးထားသော ကျွန်မက ပန်းချီပုံလေးတွေ ကြည့်ရင်း တစ်ခါတစ်ရံ စာရွက်ဖြူတစ်ရွက်ပေါ်မှာ ပန်းချီတွေ ဆွဲတတ်လာသည်။ စိတ်မှာမွန်းကြပ်စွာ ခံစားရလေတိုင်း … စာရွက်ဖြူတစ်ရွက် ၊ ခဲတံတစ်ချောင်း၊ခဲဖျက်တစ်တုံးနှင့် ရောင်စုံခဲတံကလေးတွေက ကျွန်မစိတ်ကို ကူညီဖွင့်ဟပေးကြသည်။ အဲသည်လိုနှင့် ကျွန်မမှာ ကဗျာလေးတွေ၊ ကာတွန်းရုပ်ပြောင်ကလေးတွေ ၊ ပန်းချီပုံကလေးတွေ တဖြည်းဖြည်း စုမိလာသည် ။
အရွယ်ရောက်လာတော့ ကျွန်မအရူးအမူးစွဲလမ်းတတ်လာသည်က … ဖိနပ်လှလှလေးများ ဖြစ်သည်။ Accessories ကလေးတွေနှင့် လှလှပပ ဒီဇိုင်းဆင်ထားသော ဖိနပ်ကလေးတွေ၊ ခဲတံဒေါက်ချွန်ချွန်ကလေးတွေ ၊ ကြိုးသိုင်းဖိနပ်မြင့်မြင့်ကလေးတွေ ၊ Slipper ဆိုလျှင် ကွင်းထိုးကလေးတွေ … အစရှိသဖြင့် ကျွန်မ ၀ယ်စုတတ်သည် ။ ကျွန်မအိပ်ခန်းရှိ ဖိနပ်စင်ကလေးမှာ အရောင်စုံ၊ ဒီဇိုင်းစုံ ၊ အနိမ့်အမြင့်စုံ ဖိနပ်ကလေးတွေ များစွာရှိသည် ။
ထိုစင်ကလေးပေါ်မှ Crystal ကျောက်ကလေးတွေ ၊ hand-made ကြိုးကလေးတွေဖြင့် တန်ဆာဆင်ထားသော Accessories အပြည့် ချစ်စဖွယ်ဖိနပ်ကလေးတွေကို ကျွန်မ နှစ်ခြိုက်စွာ စီးလေ့ရှိသည်။ သို့သော် ကျွန်မ၏ ဖိနပ်လေးတွေကို ကျွန်မ သုံးလေးငါးလထက် ပို၍ စီးခွင့်မရခဲ့ပါ။ အထိအရှမခံသော Accessories လေးတွေက တစ်ခုပြီးတစ်ခု ပြုတ်ထွက်ကျွတ်ကျကာ ကျွန်မနှစ်သက်သော ဒီဇိုင်းမဟုတ်တော့ဘဲ ဖိနပ်စင်ကလေး၏ အောက်ဆုံးထပ်သို့ Reject အဖြစ် ရောက်သွားရတော့သည် ။
ခဲတံဒေါက်ချွန်ချွန်ကလေးတွေကိုတော့ ကျွန်မ ပွဲလမ်းတွေ သွားမှသာ ကြော့ကြော့မော့မော့ စီးသွားလေ့ရှိသည်။ သူတို့က ထသွားထလာ ပေါ့ပေါ့ပါးပါးစီးရန် သိပ်အဆင်မပြေသည့်အပြင် အင်မတန်မြင့်ပြီး ချွန်ထက်သေးငယ်သော ဒေါက်တွေက ကျွန်မ၏ လုပ်ငန်းဆောင်တာတွေကို နှေးကွေးလေးလံစေသည်။ အင်မတန် စမတ်ကျ၍ ကျွန်မသိပ်သဘောကျရသော်လည်း ခဲတံဒေါက်ချွန်ဖိနပ်ကလေးတွေကို အခါများစွာအတွက် ကျွန်မရွေးချယ်လေ့မရှိခဲ့ပါ ။
ကျောင်းနှင့်ကျူရှင် အပြေးအလွှားတက်ရသည့် အချိန်တွေတုန်းကတော့ ကျွန်မအရူးအမူးစွဲလမ်းသည့် ဒီဇိုင်းပုံစံမျိုး မဟုတ်ပေမယ့် အင်မတန်ခိုင်ခံ့သော ဖိနပ်မျိုးကို ရွေးချယ်စီးခဲ့ရသည်။ နှစ်သောင်းခွဲ ၊ သုံးသောင်းပေးရသော ဖိနပ် Brand မျိုးတွေက ပုံမဆန်းပေမယ့် အတော့်ကို သက်တောင့်သက်သာနှင့် သွားလာလှုပ်ရှားမှုတွေမှာ တစ်သားတည်းထပ်တူကျကာ ကျွန်မကို ၀န်မပိုစေခဲ့တာတော့ သေချာသည်။
ခံစားတတ်သော နှလုံးသားနှင့်ကျွန်မ တစ်ခါတစ်ရံ တွေးမိသည်။
“ အချစ် ”ဆိုတာ ကျွန်မ မက်မောခုံမင်ခဲ့သော ဖိနပ်ကလေးတွေလိုပဲလား … ။
တစ်ခါက … အရောင်အသွေး၊ ဒီဇိုင်းပုံစံ အလွန်စမတ်ကျကျ လှပခမ်းနားသော ဖိနပ်ကလေးတစ်ရံကို ကျွန်မ ကုန်တိုက်တစ်ခုက ဖိနပ်Show Room ကောင်တာ တစ်ခုမှာ တွေ့ရှိခဲ့သည်။ ဖိနပ်ကလေးက ဈေးနှုန်းလည်းမြင့်မားကာ ခိုင်ခံ့မှုလည်း ရှိမည့်ပုံစံမျိုး ။ ဖိနပ်တင်သည့် စင်ကလေးပေါ်က ဒေါက်နှစ်ဖက်ပေါ်မှာ ထိုဖိနပ်ကလေးတစ်ရံကို ဘယ်လိုကြည့်ကြည့် ကျွန်မ ငေးလို့မ၀။ ဘယ်လောက်ဈေးကြီးကြီး ကျွန်မ၀ယ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည် ။
ဒီလိုနှင့် ကျွန်မ … ဆိုင်က အရောင်းဝန်ထမ်းကောင်မလေးကို လှမ်းပြကာ… အစမ်းစီးကြည့်ဖို့ ပြင်သည်။ ကျွန်မလက်ထဲ ထိုဖိနပ်ကလေးကို စီးကြည့်ဖို့ မြှောက်ကိုင်ယူလိုက်သောအခါ ကျွန်မ၏ဆုံးဖြတ်ချက်တွေ ပိုခိုင်မာသွားသယောင် ။ ထိုဖိနပ်ကလေးကို ကျွန်မအရမ်းနှစ်ခြိုက်နေတာ ပိုလို့ သေချာသွားရသည်။
သို့သော် ကျွန်မ ကတ္တီပါအခင်းလေးပေါ် ဖိနပ်ကလေးကို အကျအနချကာ ညာဘက်ခြေထောက်တစ်ဖက် လျှိုဝင်လိုက်သောအခါ … ခြေဖ၀ါးအလယ်လောက်မှာ အထာမကျမှုကို ကျွန်မ ခံစားလိုက်ရသည်။ ဖိနပ်၏ ဒေါက်က ဖိနပ်ဦးရှေ့ထက် အရမ်းမြင့်မားနေခြင်းဖြစ်သည်။ ကြာရှည်စီးလျှင် ခါးကို နာကျင်ဒဏ်ထိစေမှာ သေချာနေပြီ။ ဖိနပ်ကလေးက ချောမွတ်ပြောင်လက်နေကာ ခြေဖ၀ါးအောက် အထိအတွေ့ကမူ နုမွအိညက်နေသည်။
ကျွန်မ အနည်းငယ် စိတ်မကောင်းဖြစ်ပြီး တွေဝေသွားရသည်။ ကျွန်မအလွန် နှစ်သက်သော ဒီဇိုင်းကလေးမှ စီးရတာ အဆင်မပြေဖြစ်ရလေခြင်း … ။ ထို့နောက် ဘယ်ဘက်ပါ စုံစီးကြည့်လိုက်သောအခါ လေးလက်မခန့်ရှိသော ဒေါက်ချွန်ချွန်ကြောင့် ကျွန်မအရပ်ပိုမြင့်မားသွားကာ မှန်ရှေ့မှာ ရပ်ကြည့်မိတော့ ဖိနပ်ကလေးနှင့် အလွန်စတိုင်လ်ကျ လှပသော ကျွန်မ၏ ပုံရိပ်ကို မြင်ရသည်။
ကျွန်မ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ထို့နောက် တစ်လှမ်း၊ နှစ်လှမ်း ၊ သုံးလှမ်း … ခြေလှမ်းတွေ လှမ်းကြည့်သည်။ သတိထားကာ ထိန်းလျှောက်ရတာကလွဲလို့ ကျွန်မကို အချိုးကျခမ်းနားလှပစေတာမို့ နောက်ဆုံးမှာတော့ … ကျွန်မ၏ ပြင်းပြသော စိတ်ဆန္ဒအရ ထိုဖိနပ်ကလေးကို ၀ယ်ယူခဲ့မိသည်။ ထိုဖိနပ်လေးကို လိုချင်တပ်မက်စိတ်ဖြင့် ဈေးဆစ်ဖို့ပင် မေ့လျော့နေခဲ့တာ… ထိုဖိနပ်လေးနှင့်ပတ်သက်၍ အမှတ်တရတစ်ခု ဖြစ်ပါသည် ။
နောက်ပိုင်းရက်တွေ ကျွန်မ ထိုဖိနပ်ကလေးကို အိမ်မှာ စီးကြည့်သည်။ အစပိုင်းမို့ စီးရတာ အဆင်မပြေတာ ဖြစ်မှာဟု ဖြေသိမ့်ကာ ကျွန်မ အထပ်ထပ်အခါခါ ကြိုးစားစီးကြည့်သည်။ ဘယ်နှစ်ခါစီးကြည့်ကြည့် ကျွန်မနှင့် ထိုဖိနပ်လေး လုံးဝအထာကျမလာခဲ့သောအခါ ကျွန်မ စိတ်မကောင်းဖြစ်လွန်းစွာ လက်လျှော့လိုက်ရသည်။ သို့သော ကျွန်မလုံးဝမစီးဘဲတော့ မနေနိုင်ခဲ့ပါ ။
တစ်နေ့ … သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပွဲတစ်ခုသို့ ကျွန်မ ထိုဖိနပ်လေးကို ၀တ်ဆင်သွားမိသည်။ ဖိနပ်ကလေးက လှပလွန်းတာမို့ သူငယ်ချင်းတွေကပါ သတိထားမိကာ မေးယူရသည်။ ဖိနပ်ကလေးက တကယ့်ကို လှပလွန်းနေခဲ့ပါသည် ။
သို့သော် အပြန်မှာ သူငယ်ချင်းနှင့် ရယ်မောစကားပြောပြီး လှေကားထစ်တွေမှအဆင်း ကျွန်မ တစ်ချက် သတိလွတ်သွားချိန်မှာ … ခြေခေါက်လဲတော့သည်။ ကျွန်မ၏ ခြေချင်းဝတ်ခေါက်သွားသည့်အပြင် ဖိနပ်ကလေး၏ ဒေါက်တစ်ဖက်ပါ အနည်းငယ် ပွန်းပဲ့အက်ရှသွားခဲ့သည်။
ခြေထောက်မှ နာကျင်သည့်ဒဏ်နှင့်အတူ ကျွန်မ၏ ဖိနပ်ကလေးကို ကျွန်မ နှမြောတသခြင်းကြီးစွာ ဖြစ်ရသည်။ အဲသည်နောက်မှာတော့ … ထိုဖိနပ်ကလေးကို ကျွန်မဖိနပ်စင်၏ အမြင့်ဆုံးထပ်မှာပဲ နေရာချထား ပေးဖြစ်ခဲ့တော့သည်။ ထို့နောက် ဖိနပ်ဒီဇိုင်းမျိုးစုံ အသစ်၊အသစ်တွေ ထပ်မံပေါ်ပေါက်လာခဲ့ပေမယ့် ထိုဖိနပ်ကလေးကို ကျွန်မ မစွန့်ပစ်နိုင်ခဲ့ပါ။ ၀တ်လည်းမ၀တ်ဆင်ဖြစ်ဘဲ အခန်းအ၀င်အထွက်မှာ တစ်နေ့နှစ်ခေါက် သုံးခေါက်လောက်တော့ ငေးကြည့်မိဆဲ ၊ နှစ်ခြိုက်မိဆဲလည်း ဖြစ်လေသည် ။
ဟိုတစ်နေ့ကတော့ … ကျွန်မ အိပ်မက်တစ်ခုမက်သည် ။ ကျွန်မ၏ စာကြည့်စားပွဲပေါ်မှာ ကျွန်မ ပန်းချီပုံလေးတစ်ပုံ ဆွဲနေမိတုန်း .. ဖိနပ်ကလေး ကျွန်မဆီ ရောက်ရှိလာခဲ့သည်တဲ့ …။ ဖိနပ်ကလေးက ကျွန်မငေးကြည့်နေမိတုန်းမှာပဲ လူသားတစ်ယောက်အသွင် ပြောင်းသွားခဲ့သည်။ သူက …. ကျွန်မဆီ တရွေ့ရွေ့ လှမ်းလျှောက်လာကာ ကျွန်မ၏ ဆွဲလက်စပုံကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် လက်ပိုက်ရင်း ကျွန်မ၏ မျက်ဝန်းတွေထဲကို စိုက်ကြည့်လာသည် ။
သူ့မျက်ဝန်းတွေမှာ ကျွန်မကို မကျေနပ်သည့် အရိပ်အယောင်တွေ ပြည့်နှက်နေသည်ဆိုတာ ကျွန်မ အံ့သြတကြီး မြင်တွေ့လာရသည်။
“ ငါ့ ဒီဇိုင်း နဲ့ ငါ့ အရောင်လေးကို လက်မလွှတ်နိုင်အောင် ၀ယ်ချလာခဲ့ပြီး .. အခုမှ ငါ့ကို လျစ်လျူရှုထားတာ ဘာလို့လဲ ”
ဖိနပ်ကလေးလိုပဲ သန့်ပြန့်စမတ်ကျသော ကောင်ကလေး၏ နှုတ်ခမ်းဖျားလေးတွေမှ ထွက်ကျလာသော စကားသံအချို့ကြောင့် ကျွန်မ ဆတ်ခနဲ တုန်လှုပ်သွားရသည်။
ကျွန်မ ဘာမှပြန်မပြောနိုင်ခင်မှာပင် …
“ ငါ့ကို ချောင်ထိုးထားမယ့်အစား .. မ၀ယ်ခဲ့ရင် ပိုကောင်းမယ် ။ အဲဒါဆို ငါ့ကို တမက်တမော ခုံခုံမင်မင်နဲ့ စီးတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ နေရတာမှ ငါ့ဘ၀ အဓိပ္ပါယ် ရှိလိမ့်ဦးမယ် ။ ဒါမှမဟုတ် … ”
သူက စကားခဏရပ်ပြီး ကျွန်မကို မယုံသင်္ကာမျက်ဝန်းများဖြင့် -
“ ဟိုတုန်းက ပွဲတစ်ခုမှာ ချော်လဲတုန်းက ဖိနပ်လေး ပွန်းပဲ့သွားလို့ မစီးတော့တာလား ။ ငါက အနာအဆာလေး နည်းနည်းနဲ့ ပြီးပြည့်စုံမနေတော့လို့လား”
အို … မဟုတ်တာ ဖိနပ်ကလေးရယ် ။ ငါ အရမ်းကြိုက်လွန်းလို့ ကိုယ်နဲ့မတော်တာ ၊ အဆင်မပြေနိုင်တာ သိရက်နဲ့တောင် ဇွတ်ဝယ်ပြီး အပိုင်သိမ်းခဲ့မိတာပါ။ မွေးနေ့ပွဲမှာလည်း မက်မက်မောမောနဲ့ စီးသွားခဲ့တာပါ ။ ဒါပေမယ့် ရှေ့ဆက်ပြီး မစီးဖြစ်ခဲ့တာက … ငါ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှစ်ပတ်လောက်တောင် လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရတာလေ ။ နင့်မှာ အပွန်းအရှ အပြစ်အနာအဆာရှိလို့ မစီးတော့တာဆိုရင် ငါ့ဖိနပ်စင်ရဲ့ အမြင့်တစ်နေရာမှာ စီးလည်းမစီးဘဲနဲ့.. နင့်ကို ဘာလို့ခုချိန်ထိ တယုတယ နေရာပေးထားပါ့မလဲ။ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေဖြစ်ဦးမလဲ .. ဖိနပ်ကလေးရယ် ။
ကျွန်မ၏ စိတ်ထဲက စကားသံတွေကို ကြားနိုင်စွမ်းမရှိသော ဖိနပ်ကလေးကတော့ ခေါင်းခါယမ်းရင်း ကျွန်မဆီမှ တစ်လှမ်းချင်း … နောက်ဆုတ်ကာ ပျောက်ကွယ်သွားတော့သည် ။
ကျွန်မ အိပ်မက်မှ လန့်နိုးလာတော့ … ဖိနပ်ကလေးက အခန်းထောင့်က စင်ကလေးပေါ်မှာ အေးစက်ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။ သေချာတာကတော့ ခုချိန်ထိ ကျွန်မ ထိုဖိနပ်ကလေးကို မစွန့်ပစ်နိုင်သေးသလို ထိုဖိနပ်ကလေးလောက် မက်မက်မောမော နှစ်ခြိုက်ရသော နောက်ထပ် ဖိနပ်ကလေးတစ်ရံ ရှာမတွေ့ခဲ့သေးတာ သေချာလေသည်။
ကျွန်မ၏ အစွဲအလမ်းကြီးတတ်သော စိတ်ကြောင့် ဖြစ်မည်လား …။ ကျွန်မ ဝေခွဲမရသေးပါ ။
ကဲ … သင်ရော ဘ၀ခရီးကို လျှောက်ဖို့ မက်မက်မောမောနှစ်ခြိုက်ခုံမင်တဲ့ ဖိနပ်ကလေးတစ်ရံကို ရှာတွေ့ခဲ့ပြီလား ။
အဲသည် ဖိနပ်ကလေးဟာ သင် လျှောက်ရမယ့်လမ်းတွေအတွက် သက်တောင့်သက်သာနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင် အဆင်ပြေစေရဲ့ ..လား ။
တကယ်တမ်းတော့ .. သဘာဝကကို နုနယ်သော စိတ်ထားကို ပိုင်ဆိုင်သည့် မိန်းကလေးတွေအတွက် ရှေ့ဆက်လျှောက်ရမည့် ခရောင်းလမ်းလား ၊ ပန်းခင်းလမ်းလား မသေချာသော ဘ၀ခရီးအတွက် … ဖိနပ်ကလေးတစ်ရံတော့ … လိုကောင်းလိုအပ်ပါလိမ့်မည် ။
ကိုယ့်လိုအပ်ချက်နှင့် ကိုက်ညီသော ဖိနပ်ကလေးတစ်ရံကို ဘ၀ခရီးလျှောက်မည့် လူသားတိုင်း စိတ်ချမ်းမြေ့ဖွယ် ပိုင်ဆိုင်နိုင်ပါစေဟု .. ကျွန်မ ဆန္ဒပြုမိသည် ။
တစ်ခါတစ်ရံတော့ “ ဖိနပ်ကောင်းကောင်းလှလှလေးတစ်ရံ ”ဆိုတာ တစ်စုံတစ်ယောက်ကို မြင့်မားခမ်းနားလှပသော ၊ သာယာပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် လမ်းကလေးတွေကို နင်းလျှောက်ဖို့ ခေါ်ဆောင်သွားစေတတ်သည် … လေ ။ 

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”