Skip to main content

The Poison


[ • အဆိပ် • ]
💣💣💣💣


[ ကမ္ဘာပေါ်က
ကိုယ့်အနီးဝန်းကျင်ကလူတစ်ယောက်ရဲ့
နာကျင်ဝမ်းနည်းမှုဟာ
ကိုယ်နဲ့မဆိုင်ဘူးလို့ တွေးတတ်လာတဲ့အခါ
ကျွန်မဟာ ...
ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးတတ်လာလိမ့်မယ် ]

ဆရာ မင်းခိုက်စိုးစန်ကရေးတယ်
ကလေးတစ်ယောက်ဟာ Bus ကားပေါ်မှာ လူတစ်ယောက်ရဲ့ခြေထောက်ကိုတက်နင်းမိတယ် ။
အဲဒါနဲ့ မိဘက ဆုံးမသွန်သင်ထားတဲ့အတိုင်း တောင်းပန်လိုက်တယ် ။
အဲဒီအခါ တက်နင်းခံရတဲ့အမျိုးသမီးကြီးဟာ အိတ်ထဲကချောကလက်ကို ထုတ်ယူပြီး ကလေးကို ကျွေးလိုက်တယ် ။
အဲဒီနောက်တော့ ကလေးက ချောကလက်ထပ်စားချင်တယ် ။ အဲဒီတော့ ကလေးက ဘာလုပ်တယ်ထင်လဲ။ အမျိုးသမီးကြီးရဲ့ နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်တက်နင်းလိုက်ပါသတဲ့။
ဆရာမင်းခိုက်စိုးစန် ကတော့ အဲဒါကို 'ကလေးအတွေး'လို့ ဆိုပါတယ် ။
ကျွန်မတို့ လူ့ဘောင်ဟာ အိမ်မှာ၊ ကျောင်းမှာ၊ တက္ကသိုလ်တွေမှာ ထုံးစံရှိအပ်တဲ့အတိုင်း ကလေးတွေကို သွန်သင်ဆုံးမသမှုပြုကြလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ထုံးတမ်းအစဉ်အလာအရ ကလေးအားလုံးကိုခြုံငုံပြောဆိုဆုံးမခြင်း ဖြစ်တယ်။
ကျွန်မတို့အနေနဲ့ ကလေးတိုင်းမှာ ဗီဇနဲ့ အမူအကျင့် အတွေးအခေါ်မတူနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။
ဒီကလေးလိုမတွေးတဲ့ တခြားကလေးတစ်ယောက်ဟာတော့ စာသင်ခန်းထဲမှာ၊ တချို့မိဘတွေလက်အောက်မှာ ရှိနေခဲ့မှာပါ။
ကိုယ့်ကြောင့်ဖြစ်သွားတဲ့ အမှားတစ်ခုကို တောင်းပန်ခြင်းဟာ လူလေးစားစရာဖြစ်အောင်၊ လူချစ်ခင်စရာဖြစ်အောင် ကိုယ့်ကိုကိုယ်တည်ဆောက်ရာရောက်တယ်ဆိုတဲ့ အသိဝင်တဲ့ကလေးမျိုးပေါ့။
ခြေထောက်ကို ထပ်တက်နင်းတဲ့ ကလေးမျိုးဟာ လူလည်ကျတတ်တဲ့ ဗီဇစရိုက်လက္ခဏာနဲ့ပါ။ နဂိုဗီဇကကို အပြုအမူနဲ့ပြနေတာပါ။ သူကိုယ်တိုင် သတိမပြုမိနိုင်လောက်အောင် သူ့ကိုယ်သူမှန်တယ်ထင်နေတဲ့ ခံယူချက်နဲ့ပါ။
မအူမလည်နဲ့ ထပ်တက်နင်းမယ် ထပ်တောင်းပန်မယ် ဒီထိ ဟုတ်နေသေးတာပါပဲ။ နုနယ်သေးတဲ့ သူ့အတွေး။ ထပ်ပြီးချောကလက်ရအုံးမယ် လို့ ထပ်တွေးလိုက်တဲ့အခါ... အဲဒီအခါမှာ လောဘတွေပါလာပါပြီ။ ငါ လိုချင်တာ ငါဖြစ်ချင်တာအတွက် ဘာနည်းလမ်းပဲသုံးသုံး လုပ်တော့မယ်ဆိုတဲ့ သဘောစရိုက်တွေပြလာပါတယ်။
လောဘကြီးတဲ့အတွက် လူတွေကို အသုံးချတတ်လာတယ်။ လိုတစ်မျိုး မလိုတစ်မျိုးလုပ်တတ်လာတယ်။ ကိုယ်ဖြစ်ချင်တာအတွက် လုပ်သမျှတရားတယ်လို့ ထင်လာတော့မယ်။
ခြေထောက်ကို နောက်တစ်ခါတက်နင်းခံလိုက်ရတဲ့ အမျိုးသမီးကြီးလိုပဲ
တစ်စုံတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ
တစ်စုံတစ်ဦးအတွက် အသုံးချခံဖြစ်လာမယ်ဆိုရင်
ဒီလောကကြီးဟာ မဖွယ်မရာ ဖြစ်လာပါတော့မယ်။
တခါတရံချစ်ခြင်းမေတ္တာထားခြင်းဟာလည်း မာကျောတဲ့အသည်းနှလုံးအနေအထားမျိုးလဲ ရှိသင့်ပါလားလို့ တွေးမိလာပါတယ်။
အဲဒီ အမျိုးသမီးကြီးက ဒေါသမထွက်ပါဘူး။ ကလေးရှေ့ ဒူးထောက်ထိုင်လိုက်တယ်။
"ကလေးရေ ပြောစမ်း။ အန်တီ့ခြေထောက်ကိုဘာလို့ထပ်ပြီး တက်နင်းရတာလဲ" လို့ ခပ်ပြုံးပြုံးမေးတဲ့အခါ ကလေးငယ်ဟာ ရုတ်တရက် မျက်လုံးချင်းမဆိုင်ရဲဘဲနဲ့ မျက်နှာနီရဲရှက်ရွံ့သွားပါတော့တယ်။
တခါတခါ ကလေးပဲ၊ အားနွဲ့တဲ့သူပဲ လို့ အားနာပြီး ကျွန်မတို့အနေနဲ့ ချောကလက်နောက်တစ်ခုကို စိတ်မသက်မသာနဲ့ ထုတ်မပေးလိုက်သင့်ကြပါဘူး။
ကလေးကို ရှက်အောင်၊ နောင် မလုပ်ရဲအောင် သူလုပ်တာဘယ်လိုနည်းလမ်းမကျကြောင်း သူ့ကိုယ်သူဆင်ခြင်နိုင်အောင် လမ်းကြောင်းပေးရပါမယ်။ အသိစိတ်ဝင်လာအောင် အသည်းမာမာနဲ့ပဲ ကလေးကို ရှက်ရွံ့စေတတ်ခြင်းနဲ့ အသိပညာပေးရပါမယ်။
ဒီကမ္ဘာပေါ်မှာ အခွင့်အရေးရပြီး ဘယ်သူမှ ပြစ်ဒဏ်မပေးဘူးလို့ အာမခံတဲ့အခါ လူတွေရဲ့နောက်ကွယ်မှာ မကောင်းတာလုပ်ဖို့ တွေဝေတွန့်ဆုတ်တဲ့သူက တော်တော်လေးရှားမှာပါ။ ဒါပေမယ့် လူတော်တော်များများ.... ၊ ကိုယ့်ကိုကိုယ်လေးစားတဲ့ လူတော်တော်များများလည်း ရှိနေသေးတယ်ဆိုတာ ကျွန်မတို့ ယုံကြည်ကြပါတယ်။
ကျွန်မသည်လည်း မေတ္တာတရားနဲ့ မေတ္တာတရားကို အသုံးချခံနေရမှုကြားမှာ အမြဲစိတ်မသက်မသာဖြစ်နေခဲ့ရတာ ဟိုးနှစ်ပေါင်းများစွာအဝေးကနေ အခုအချိန်ထိပါပဲ။ ဘာလို့လဲ.... စိတ်ဓာတ်ပျော့ညံ့လို့ပါ။
စာအုပ်တစ်အုပ်ကတော့ ပြောတယ်။
"ဖြောင့်မတ်ဖြူစင်ရိုးသားတိုင်းလည်း နင့်ဆီ ကောင်းမြတ်ခြင်းတွေ၊ ကံကောင်းခြင်းတွေ ရောက်လာမယ် မထင်နဲ့" တဲ့။
တကယ်တော့ မေတ္တာပေးတဲ့သူတွေဟာ နှလုံးသားကြီးသလို ဦးနှောက်လည်းခပ်ကြီးကြီးလေးထားသင့်နေခဲ့ပြီ မဟုတ်လား။ ဒါမှလည်း မေတ္တာတရားဟာ အဆိပ်ခတ်မခံရတော့ဘဲ လူတိုင်းကိုလည်း ကိုယ့်ယုံကြည်ချက်အတိုင်း မေတ္တာဆက်လက်ပေးဝေသွားနိုင်ကြမှာ မဟုတ်ပါလား။

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´