ကိုယ်က
မျက်တောင်တစ်ချက်အခတ်မှာ
သူက
မျက်လုံးတစ်ချက်ဝင့်အကြည့် ...
အဲဒီသီသီလေးပဲ
နေ့နဲ့ညတစ်ခုစာ
မင်းနဲ့ငါ လွဲချော်နေခဲ့ကြတာပေါ့ ။
အရိုးသားဆုံးပြုံးပြမယ်ကြံတိုင်း
ရောင်စုံခြယ်သက်တန့်ကြားက
အမက်မောဆုံးနှုတ်ခမ်းတစ်စုံရဲ့
လှောင်ပြုံးဟာ
ကိုယ့်ရဲ့အဖြူရောင်ကို
ခလုတ်လာလာတိုက်နေတတ်တာ
... ခက်တယ် ။
ပန်းနုရောင်ဆွတ်ထားတဲ့ စိတ်အတွေးတွေထဲ
ရှင်းသန့်တဲ့ ရင်ခုန်ခြင်းတွေကို
`မြတ်နိုးခြင်း´လို့ အမည်နာမတပ်မယ်ဆိုရင်
သမုဒယချည်မျှင်တွေ ရက်လုပ်တတ်တဲ့
အဆိပ်ပြည့်ပင့်ကူတစ်ကောင်ဟာ
အချိုဆုံးသက်ပြင်းတွေနဲ့
အနာဂတ်ကို
တယုတယ အိမ်ဖွဲ့နေတတ်ပြီ။
`မျှော်လင့်ချက်´ ဆိုတာ
တန်ဖိုးဖွဲ့စရာ မလိုအပ်ပေမယ့်
ဝင်သက်ထွက်သက်တိုင်းမှာ
အလျားတော့ရှည်တယ်
အနည်းဆုံး သီချင်းတစ်ပုဒ်စာအတွင်းမှာ
သူ လင်းလက်နေပါစေ ...
တချို့ အထီးကျန်ဘဝတွေ
အသက်မျှင်းမျှင်းလေး ဆက်ရှုဖို့ ။ ။
` လေပြည်ချမ်းချမ်း ´
Comments
Post a Comment