ထိုနေ့က
ဆောင်းနံနက်ခင်းတစ်ခုဖြစ်သည်။
ဖွေဖွေနှင့်ရှာရှာတို့သည် အားကစားဝတ်စုံကိုယ်စီနှင့် ခပ်ဖွဖွပြေးလာရင်း ကန်စောင်းမှာ ထိုင်အမောဖြေနေကြသည်။
ဆောင်းမနက်ခင်း၏ကောင်းကင်က တစ်ပြင်တည်း တည်ငြိမ်စွာပြာလဲ့ကြည်စင်နေသည်။
နေခြည်အမှုန်တွေမဖြန့်ကြဲခင် အေးစိမ့်မှုက လွှမ်းမိုးထားဆဲ။
မြက်ခင်းပေါ် လက်နှစ်ဘက်ထောက်ရင်း ဖွေဖွေက ကောင်းကင်ကြီးကို ငေးမောကြည့်မိသည်။
`ရှာရှာ ကြည့်စမ်း၊ ကောင်းကင်က ပြာလွင်နေတာပဲ။´
`အေး၊ ဟုတ်တယ်။ လှတယ် ။ အရောင်ညီနေလိုက်တာ တမင်ဆေးသုတ်ရင်တောင် ဒီလိုညီနိုင်မှာမဟုတ်ဘူး။´
ထိုစဉ်ခဏ ပါးလွှာသော တိမ်မျှင်တန်းကလေးတွေ လေနှင့်အတူ လွင့်ပါလာသည်။ နေခြည်ကလည်း တလက်လက်ဖြာဆင်းလာသည်။ ထို့နောက် တိမ်တွေကို ရုတ်တရက် အရောင်ခပ်ပါးပါးလေးဆိုးပစ်လိုက်သည်။
`ရှာရှာ ငါ တစ်ခုမေးမယ်။ ဘယ်သူအသိအမှတ်ပြုပြု/မပြုပြုဆွဲတာမရပ်တဲ့ ပန်းချီဆရာက ဘယ်သူလဲ။´
ရှာရှာက ခဏစဉ်းစားနေသည်။ ပြီးတော့ ဆက်ငေးမြဲကောင်းကင်ကြီးကို ဆက်ငေးသည်။
`မသိဘူးလား။ ပန်းပေးပြီလား ။ မုန့်ဟင်းခါးတစ်ပွဲကြေးနော် ။´
`အံမာ၊ ငါက အဖြေသိပါတယ်။ မှန်မမှန် ပြန်ဆန်းစစ်နေတာ ။´
`ကဲ ဒါဆိုဖြေ ၊ ငါစောင့်နေတယ် ဟဲဟဲ´
`မနက်ခင်းမဟုတ်ဘူးလား။ မနက်ခင်းမို့ ဒီမြင်ကွင်းကို မြင်ရတာလေ။´
`အင်း၊ မှားတော့ မမှားပါဘူး။ ဒါပေမယ့် ယေဘူယျကျတဲ့အဖြေ ဖြစ်ရမယ်။ သူက နေ့လည်းဆွဲ ညလည်းဆွဲ ကမ္ဘာတည်သရွေ့ ဘယ်တော့မှမရပ်တဲ့ ပန်းချီဆရာကြီးဟ´
ရှာရှာ ခဏငြိမ်သွားသည်။
`သိပြီ၊ သိပြီဟ ။ ဟောဒီ ဘယ်သူမှ ကွန်ထရိုးလုပ်မရတဲ့ သဘာဝတရားကြီးပေါ့ ။ မှန်လား။´
ဖွေဖွေက လက်မထောင်ပြလိုက်သည်။
`နင်က ငါ့ကို ပဟေဠိဖွက်တော့ ငါလည်းပြန်ဖွက်ရမယ်။ လူတစ်ယောက် သူ့သက်တမ်းကုန်ဆုံးသည်အထိ မမြင်နိုင်တာ ဘာလဲ။´
`ဒါများ လွယ်လွယ်လေး ။ ´
`ဟေ တယ်ဟုတ်ပါ့လား။ ငါ့ကိုဖြေပေးပါ ဘာလဲ။´
`အင်း စဉ်းစားဦးမယ်။ နင့်မေးခွန်းက အလှမ်းကျယ်တယ်ဟ။´
`ဖွေဖွေ ... ဖွေဖွေ အမြဲတမ်းသူများကို မေးနေကျဆရာမကြီး။ သူ့အလှည့်ကျတော့ စဉ်းစားဦးမယ်တဲ့။ ဟဟား´
`အံမာ ၊ လူတစ်ယောက်မှာ ဘာအရေးကြီးဆုံးလဲ နင်သိလား ရှာရှာ။ ယုံကြည်ချက်ပဲ။ လူတစ်ယောက်အတွက် အဓိကကျတာက သူ့ကိုယ်တိုင် ရပ်တည်နိုင်ဖို့ပဲ။ သူကိုယ်တိုင်ရပ်တည်နိုင်ဖို့ အရေးအကြီးဆုံးက သူ့ကိုယ်သူ ယုံကြည်ချက်ရှိဖို့လိုတယ်။ ငါလည်း ငါ့ကိုယ်ငါ ယုံကြည်တယ်။ အမေးတိုင်းအတွက် အဖြေတွေရှိကိုရှိရမှာပေါ့။ ငါ ရှာလည်းတွေ့ရမယ်။ ငါ ရှာမတွေ့ဘူးဆိုတာ မရှိခဲ့ဘူးဆိုတာ နင်သိပါတယ်ဟာ။´
`မိန်းမ ကိုယ့်ကိုကိုယ်အထင်ကြီးနေ။ အေး နင်တွေ့မှာပါ။ အဘွားကြီးဖြစ်တဲ့အချိန်ကျရင်ပေါ့ ဟိဟိ။´
ဖွေဖွေက မျက်စောင်ထိုးရင်း ရှာရှာပုခုံးကို လှမ်းတွန်းလိုက်သည်။
ရှာရှာက ရှောင်လိုက်ရင်း မြက်ခင်းပေါ်မှထသည်။
`ကဲ ထတော့။ ဗိုက်ဆာပြီ။ မုန့်ဟင်းခါးစားပြီးမှ ပြန်ရအောင်။´
မုန့်ဟင်းခါးဆိုင်ရောက်တော့ လူတွေ စည်နေပြီ။
`မုန့်ဟင်းခါးနှစ်ပွဲ၊ အကြော်နဲ့ ငါးဖယ်နဲ့။ အိုးဘဲဥ မပါဘဲနဲ့ နှစ်ပွဲ။´
ထိုင်နေကျနေရာလေးမှာ လူတွေရှိသဖြင့် မလှမ်းမကမ်းရှိ ဗာဒံပင်ကိုဝိုင်းပတ်ထားသည့်ခုံဝိုင်းလေးပေါ်မှာ နေရာယူလိုက်ကြသည်။ ဆိုင်ရှင်အန်တီကြီးက သူမတို့ကို မြင်ကတည်းက လှမ်းပြုံးပြကာ ခဏစောင့်ဟု မျက်နှာရိပ်လှမ်းပြသည်။
`အားပါး ဆိုင်ထဲမှာ လူတွေ လူတွေမှအများကြီးပဲ ။ မျက်နှာတွေကြောင့်သာ ဘယ်သူဘယ်ဝါခွဲခြားရတာ။ ဒီမယ် ရှာရှာ ၊ ငါကနင့်မျက်နှာကို မြင်ရတယ်နော်။ နင်ကိုယ်တိုင်ကတော့ နင့်မျက်နှာကို သူများမျက်နှာကိုကြည့်သလို ကြည့်လို့မရဘူးနော်။ မှန်ထဲကနေ မဟုတ်ဘဲနဲ့ ပကတိအတိုင်းရုပ်ကိုပေါ့။
ရှာရှာက ခဏငြိမ်နေ၏။ ပြီးတော့မှ `အတွေးကလည်း ပေါက်ပေါက်ရှာရှာပါလား။´ပြောပြီးတော့ ရှာရှာက ပြုံးသည်။
ရှာ့ရှာ့အပြုံးကို မြင်ကတည်းက အဖြေမှန်သွားပြီဆိုတာ သိလိုက်ပြီ။
`ငါတော့ ဗိုက်ဆာနေပြီဟာ ။ မုန့်ဟင်းခါးက လာသေးဘူးလားဟ။ ဘယ်နှစ်နှစ်နာရီရှိပြီလဲ။´
ဖွေဖွေက လက်မှ နာရီလေးကို မြှောက်ကြည့်လိုက်သည်။
ဟောတော့၊ နာရီလက်တံလေးက ရှေ့လည်းဆက်မရွေ့ နောက်လည်းပြန်လှည့်မသွားပါ။ ညကတည်းက ရပ်နေပုံပေါ်သည်။
`ဟော နာရီက ရပ်သွားပြီလား။´ ရှာရှာ ဖွေဖွေ့နာရီကို လှည့်စောင်းကြည့်သည်။
`အချိန်တွေရပ်နေပြီဆိုတော့ ငါတို့လည်း ဒီအတိုင်းရပ်နေကြတာပေါ့။ အိမ်လည်းမပြန်နိုင်သေး။ မုန့်ဟင်းခါးလည်းမစားရသေး။ ဒါပေမယ့် ဗိုက်ကတော့ ...´
`ဗိုက်ကတော့ ဆာတာရပ်မနေဘူးဟ။ ဒီမှာ အန်တီကြီးရေ ၊ မရသေးဘူးလားဗျို့။ ဗိုက်ကဆာလှပြီရှင့် ။´
ခဏနေမှ အန်တီကြီးက ပူနွေးမွှေးပျံ့နေသော မုန့်ဟင်းခါးနှစ်ပွဲကို ရေနွေးခရား၊ရေနွေးခွက်ကလေးတွေနှင့် နံနံပင် ငရုတ်သီးဗူးတွေ ထည့်ကာ လင်ဗန်းလေးနှင့် သယ်လာသည်။
`သူငယ်ချင်းနှစ်ယောက် အကြာကြီးစောင့်နေရလား။ ဒီနေ့ နည်းနည်းနောက်ကျတော့ လူတွေကျနေတာပေါ့ ကလေးတို့ရယ်။´
`နေ့တိုင်းစားနေကျ ဖောက်သည်တွေပဲကို။ သမီးတို့က အလုပ်သွားရဦးမှာ အန်တီကြီးရဲ့။´
`ဟေ့အေး လူတိုင်းက ဖောက်သည်တွေပဲကွယ့်။ ဒီမှာ သမီးတို့ဖို့ ငါးဖယ်နဲ့ ဟင်းရည်ပိုထည့်ပေးထားတယ်။´
`အား ဗိုက်ဆာနေတာ။ ပိုလက်စနဲ့ မုန့်ဖတ်ပါပိုထည့်ပေးတာ မဟုတ်ဘူး အန်တီကြီးရယ်။´
ရှာရှာက ဖွေဖွေ့ကို မျက်လုံးတစ်ဖက်မှိတ်ပြကာ အန်တီကြီးကို ကြပ်သည်။
`အားလုံးပိုထည့်ထားပါသတဲ့ရှင်။ ဒီမှာ သုံးဆောင်ကြပါရှင်´
အန်တီကြီးက သဘောကောင်းစွာ ခုံတန်းလေးပေါ် လင်ဗန်းကိုချသည်။
ဖွေဖွေနှင့်ရှာရှာက မုန့်ဟင်းခါးပန်းကန်ကို အလျင်အမြန် မ,ယူလိုက်ကြသည်။
`စားကောင်းလိုက်တာ။ ဒီနေ့ အရသာပိုရှိတယ် အန်တီကြီးရေ။´
`ဟုတ်ပါ့ ပိုထည့်ပေးတော့ အတော်ပဲ ။ မနက်စာ အပီဆွဲမယ်ဗျို့။´
အန်တီကြီးက အားရပါးရ ခေါင်းမဖော်စတမ်း စားနေသော ကလေးနှစ်ယောက်ကိုကြည့်ရင်း ပြုံးကာဆိုသည်။
`လက်ရာကတော့ အရင်နေ့ကနဲ့ အတူတူပါပဲ။ ဆာလောင်ခြင်းဆိုတာက အစားစားချိန်မှာ လူတိုင်းကြိုက်တဲ့ ဟင်းတစ်ခွက်မဟုတ်လား။ ။´
#လေပြည်ချမ်းချမ်း
19:43PM/Oct 15/2015 /Thursday!
Comments
Post a Comment