Skip to main content

" မိုးအိပ်မက် အခင်းအကျင်းနဲ့ ကြယ်စင်လင်းတဲ့ည "

 


 " မိုးအိပ်မက် အခင်းအကျင်းနဲ့ ကြယ်စင်လင်းတဲ့ည "

ငယ်ငယ်တုန်းက သိပ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် .. အတန်ကြာတဲ့အချိန်မှာမှ ပြန်တွေ့မိကြတယ် ။

အားရ၀မ်းသာနဲ့ .. ဖက်လှဲတကင်း နှုတ်ဆက်ဖြစ်ကြတယ် ။

"‌ဟေ့ကောင် .. မင်း ပိန်သွားတယ်ကွာ "

"မင်းကတော့ အရင်အတိုင်းပဲ မပြောင်းလဲဘူး .. "

"အေး မင်းရော အရင်အတိုင်းပဲ တစ်ယောက်တည်းလား" ပြုံးရင်း ပြောလိုက်တယ် ..။

"တစ်ယောက်တည်းဖြစ်နေတာပဲ ကောင်းပါတယ်ကွာ .. နှစ်ယောက်ဆိုရင် ငါ အရိုးပဲ ကျန်နိုင်တယ် "

သူငယ်ချင်းရဲ့ ထူးဆန်းတဲ့ စကားကြောင့် သူ... သူငယ်ချင်းကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ် ။

ဒီထက်ပိန်ရင် ဒီကောင့်အရိုး .. လေတိုက်ရင် အငွေ့ပျံသွားလောက်တယ် .. တကယ် !

တော်တော်ခင်ခဲ့ကြသော သူငယ်ချင်းများမို့ သူ စိတ်မကောင်းဖြစ်သွားရသည်။

"သူငယ်ချင်း ... မင်းအားရင် နောက်နေ့ငါတို့ အေးအေးဆေးဆေး ပြန်တွေ့တဲ့ပွဲလေး လုပ်ကြရအောင် ။ "

" ‌အေး ငါလဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခွင့်ရမယ့် သူမျိုး မျှော်လင့်နေတာ ၊ မင်းနဲ့ ပြန်ဆုံရတာ ငါ့အတွက်တော့ ၀မ်းသာစရာပဲကွာ ။ "

========================================================================

" ပြန်လည်တွေ့ဆုံပွဲ "

***************

စားပွဲပေါ်မှာ စားစရာတွေ အပြည့်နဲ့ .. သောက်စရာတွေနဲ့ သူငယ်ချင်းနှစ်ယောက် တနင်္ဂနွေတစ်ရက်မှာ ညနေပိုင်းလောက် ဆုံကြပါတယ် ။

အချိန်တွေ တရွေ့ရွေ့နဲ့ တဖြည်းဖြည်း ‌နေ၀င်ချိန် ရောက်လာတယ် ။ ပုစွန်ဆီရောင် နေမင်းကြီးရဲ့ ရောင်စဉ်နဲ့ အတူ .. အရိုးပေါ် အရေကျန် သူငယ်ချင်းရဲ့ အလွမ်းဇာတ်ဟာ အရှိန်တက်လာပါတယ် ။ ခေတ်အဆက်ဆက် လူငယ်တွေရဲ့ ကြားမှာ သီချင်းတွေနဲ့ အတူ ရေပန်းအစားဆုံးကတော့ .. အချစ် ၊ အလွမ်းနဲ့ နှလုံးသားတစ်ခန်းရပ် ပြဇာတ်တွေပဲ မဟုတ်ပါလား ..။

"ဘာလိုလိုနဲ့ မိုးရာသီတောင် ရောက်တော့မယ် ။ ငါတော့ မိုးရာသီရောက်ရင် .. မိုးကို လွမ်းမိတာပဲ "

ဆွေးရိပ်လွှမ်းနေတဲ့ .. သူငယ်ချင်းရဲ့မျက်နှာဟာ ခံစားချက် နဲ့ အသက်ဝင်နေပါတယ် ။

"မိုး ဟာ .. ငါ့အ‌ပေါ် နားအလည်နိုင်ဆုံး မိန်းကလေးပါကွာ .. ဒါပေမယ့် .. ထင်မှတ်မထားတဲ့အချိန်မှာ .. ငါ အပြစ်လို့မထင်မှတ်ခဲ့တဲ့ ကိစ္စတစ်ခုကို .. မိုးကြိုးလို ပြင်းထန်ပေါက်ကွဲပြီး ငါနဲ့ အဝေးဆုံးကို ထွက်ခွာသွားခဲ့တာပဲ .. ငါတော့ ကောင်မလေးတွေကို နားမလည်နိုင်အောင်ပါပဲ .."

သူ သူငယ်ချင်းရဲ့ စကားကို တိတ်တဆိတ်ပဲ နားထောင်နေမိပါတယ် ။

သူတို့နှစ်ယောက် စကားပြောကောင်းနေတာ .. ကောင်းကင်မှာ ကြယ်စင်တွေ တလက်လက်တောက်ပနေမှ ညချမ်းရောက်မှန်း သတိပြုမိတော့တယ် ။

" မနက်ဖြန်တော့ ရာသီဥတု သာယာမယ်ထင်တယ်နော် .. ဟိုမှာတွေ့လား "

သူက အပေါ်ကို မော့ကြည့်ပြီး .. သူငယ်ချင်းကို မေးဆတ်ပြလိုက်တယ် ။

" ‌သြော် .. ကြယ်တွေ စုံတဲ့ည ပဲ .. ...၊ ဒါနဲ့ ငါ့ရဲ့ ကြယ်စင်လေးရော ဘယ်ရောက်သွားပါလိမ့် .."

သူငယ်ချင်းက ၀ိုင်တစ်ခွက်ကို .. လက်ထဲမြှောက်ထားရင်း ကောင်းကင်ကိုမော့ကြည့် ရေရွတ်ပါတယ် ။

" ကြယ်စင် လား .. မိုးပေါ်မှာ ရှိမှာပေါ့ကွ .. မင်းမြင်တဲ့အတိုင်းပဲလေ "

သူက ရယ်မောရင်း သူငယ်ချင်းကို .. လှမ်းနောက်လိုက်ပါတယ် ။

သူငယ်ချင်းမျက်နှာက အနည်းငယ်တော့ တည်သွားပါတယ် .. ပြီးတော့မှ တစ်လုံးချင်း ရေရွတ်ပါတယ် ။

" ‌အေး .. ဟုတ်တာပဲကွ ၊ သူကအမြဲ ကောင်းကင်ပေါ်မှာပဲ .. ။ သူ ငါနဲ့ အဝေးကြီးမှာ ရှိနေလဲ .. သူ့ကို လှမ်းမြင်နေရရုံနဲ့ ငါ ကျေနပ်နေခဲ့တာပဲ "

" အင်း ..၊

" သူငယ်ချင်း .... ငါ တစ်ခုပြောမယ်နော် "

တစ်ချိန်လုံး သူငယ်ချင်း ပြောသမျှကို နားထောင်နေခဲ့သော သူ့ကို သူငယ်ချင်းက စိုက်ကြည့်လာသည်။

" မင်းအတွက် .. မင်းရဲ့ နွေလိုရက်စွဲတွေဟာ.. မိုးကြောင့်အေးမြလန်းဆန်းခွင့်ရခဲ့တယ် ..

ဒီတော့ မိုးဟာ မင်းအတွက် တကယ်လိုအပ်တဲ့သူဆိုရင် .. .. အမြဲတမ်း .. ဖွဲဖွဲလေးပဲအေးမြရုံရွာတဲ့မိုးကို မင်းနှစ်လိုစွာ လက်ခံသလို ..

သူရဲ့ လျှပ်စီးမိုးကြိုးတွေကိုလည်း .. မင်း ခံနိုင်ရည်ရှိဖို့  လိုလိမ့်မယ် ။

အဲဒီလိုပဲ .. မိုးပေါ်က ကြယ်လေးတစ်စင်းက မင်းအတွက် မရှိမဖြစ်ဆိုရင်တော့ .. သူ့အလိုကျ နေထိုင်ရင်း .. တစ်နေ့သူကြွေလာမယ့် အချိန်ကို စိတ်ရှည်လက်ရှည်နဲ့စောင့်စားရုံပဲပေါ့ .. သူငယ်ချင်းရယ် .."

သူငယ်ချင်းက သူ့ကို မတုန်မလှုပ် ငေးကြည့်ဆဲ ...။

" တစ်ခုရှိတာက .. မိုးရွာ‌နေတဲ့ အချိန် ကောင်းကင်မှာ ကြယ်တွေ မလင်းလက်နိုင်သလို .. ကြယ်တွေစုံတဲ့ညမှာလည်း မိုးရွာဖို့ ရာခိုင်နှုန်း မရှိသလောက် နည်းတယ် ဆိုတာ .. မင်းသိထားဖို့လိုတာပါ သူငယ်ချင်း ..၊ ပြီးတော့ ..

ပြီးပြည့်စုံတယ်ဆိုတာလဲ ဒီကမ္ဘာမှာ မရှိသလောက်ရှားပါးတဲ့အတွက် .. ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တည်ဆောက်ချင်ရင်တော့ .. နားလည်မှု ထည့်ဆောက်ရမယ်လေ သူငယ်ချင်း.."


“ လေပြည်ချမ်းချမ်း ”

20 December 2011

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´