Skip to main content

" Life Corners with Colours " ( ကျွန်မတို့နှင့် အရောင်များ )



" Life Corners with Colours "
( ကျွန်မတို့နှင့် အရောင်များ )

ကမ္ဘာကြီးသည် အရောင်များနှင့် ဖွဲ့စည်းထားသော စကြ၀ဠာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စကြ၀ဠာထဲမှ နေ၏ အရောင်သည် အ၀ါရောင်ဖြစ်သည် ဟု ကျွန်မဆိုတော့.. ကျွန်မ၏ သူငယ်ချင်းတစ်ယောက်က.. ငြင်းသည်။


နေ၏အရောင်က အနီရောင်ဟု သူကဆိုသည်။ နောက်တစ်ယောက်ကမူ နေ၏အရောင်သည် လိမ္မော်ရောင်ဖြစ်သည်ဟု .. ဆိုပြန်သည်။ တကယ်တမ်း အမှန်တရားဆိုသည်မှာ .. တစ်ခုတည်းသာ ရှိသည်ဟု အားလုံးလက်ခံထားကြလျှင် ကျွန်မတို့ထဲမှ နှစ်ယောက်ကတော့ သေချာပေါက်မှားတော့မည် ဖြစ်သည်။ သို့သော် … ကျွန်မပြန်စဉ်းစားကြည့်တော့ ကျွန်မတို့အားလုံး မမှားနိုင်ဟု ကျွန်မထင်သည်။ အဘယ်ကြောင့်ဆိုသော် .. ကျွန်မက နေကို မွန်းတည့်ချိန်နှင့်ကပ်လျက် အချိန်မှာကြည့်သောကြောင့် နေ၏အရောင်က အ၀ါလွင်ဆုံး ဖြစ်နေခဲ့သည်။ အနီရောင်ဟု သတ်မှတ်သော သူငယ်ချင်းကတော့ အရုဏ်ဦး နေတက်ချိန်မှာ.. ကြည့်ခဲ့သောကြောင့်ဖြစ်သည်။ လိမ္မော်ရောင်ဟု ဆိုသောသူငယ်ချင်းကတော့ ဆည်းဆာချိန်အနီးနားမှာ ကြည့်ခဲ့မိတာကြောင့် ဖြစ်ပေလိမ့်မည်။ အရာဝတ္ထုတစ်ခုအပေါ် ခံစားချက်အားသန်သော အချိန်အလိုက် ကြည့်ရှုရင်း ..ကျွန်မတို့၏ ကိုယ်ပိုင်အမှန်တရားကို ကိုယ်တိုင် ရှာဖွေနေခြင်းသည် ကျွန်မတို့၏ ဘ၀ပင် ဖြစ်သည်။ ဤသို့ဆိုလျှင်.. အရောင်တွေသည် ကျွန်မတို့၏ ခံစားချက်တွေ ထင်ဟပ်နေသော ဘ၀၏ အစိတ်အပိုင်းလေးတွေဟု ကျွန်မတင်စားချင်သည်။

" Feeling KG 5’ "

ငါးနှစ်အရွယ်မှာ ကျွန်မ Grade VI ကျောင်းသူ …။ အတန်းထဲမှာ အအေးဆုံးကျောင်းသူဖြစ်ခဲ့သည်။ တကယ်က ကြောက်တတ်လို့ ဘယ်သူနဲ့မှ စကားမပြောခဲ့ခြင်းဖြစ်သည်။ အဲသည်လို ကျွန်မက စာသင်ရက်ပထမဆုံးနေ့မှာပဲ .. “ဂျမ်းတော” ဟု သတ်မှတ်ခေါ်တွင်ရမည့် လူလည်ကျတတ်၊ ဗိုလ်ကျတတ်သော ကောင်မလေးတစ်ယောက်နှင့် အတန်း၏ နောက်ဆုံးခုံမှာ တူတူထိုင်ရသည်။ ကျွန်မ၏ ဆန္ဒအရဆိုလျှင် .. အတန်းနောက်ဆုံးခုံမှာ မထိုင်ချင်..။ သို့သော် သူမ၏ မိခင်က ကျွန်မ၏မေမေနှင့် ရင်းနှီးတာအကြောင်းပြု၍ ကလေးနှစ်ယောက်တူတူထိုင်ကြဖို့ ပြောကြတုန်း .. သူမက ကျွန်မလက်ကို လာဆွဲခေါ်ပြီး နောက်ဆုံးခုံသို့တူတူရောက်သွားကြသည်။ ပထမရက်မှာပဲ ..ကျွန်မ၏မေမေက ကျွန်မ ဗိုက်ဆာလျှင် မုန့်စားဖို့ ငွေတစ်ဆယ်ကျပ်ကို အတန်းပိုင်ဆရာမထံ အပ်ခဲ့ပြီး .. မုန့်စားကျောင်းဆင်းချိန်မှာ … ဆရာမ၏ မြေဖြူပုံးတွေ၊ ခြင်းတောင်းတွေ တင်ထားသော စားပွဲခုံသို့ ကျွန်မမုန့်သွားယူပြီး ပြန်လာတိုင်း .. သူမက ပြုံးရယ်ပြကာ လက်လှမ်းသည်။ ဒီလိုနှင့် တစ်ရက်၊ နှစ်ရက်မက နောက်ရက်တွေမှာလည်း သူမက ဒီအတိုင်းပင် .. ဆရာမဆီ သူ့မေမေပေးခဲ့သောမုန့်ဖိုးကို လုံးဝ မသိချင်ယောင်ဆောင်ကာ ကျွန်မဆီကပဲ လက်ဖြန့်ပြီး စားမြဲဖြစ်သည်။ ဒီလိုနှင့် တစ်နေ့တော့ ကျွန်မက မေးမိတော့သည်။
“ နင့်မုန့်ဖိုးတွေထဲက တစ်ခါမှ ၀ယ်မစားဘူးနော် … ဘာလို့လဲ ”
အဲလိုအမေးခံရတော့ .. သူမက ရှက်သွားပုံရကာ.. ကျွန်မကို စိတ်ဆိုးသွားသည်။ ကျွန်မနှင့်စကားမပြောတော့ ။ ခပ်တန်းတန်းဖြစ်သွားကာ .. ရှေ့ဘက်မှ သူငယ်ချင်းအုပ်စုနှင့် သွားပေါင်းသည်။ သူ့တစ်ယောက်တည်း အပေါင်းအသင်းရှိသော ကျွန်မ .. တစ်ယောက်တည်းဖြစ်သွားတော့သည်။ အခုမှ ပြန်တွေးကြည့်တော့ .. တော်တော်ရယ်စရာကောင်းသည်။ ငယ်ငယ်တုန်းက အဖြူရောင်စိတ်ကလေးတွေဖြင့် ကျွန်မတို့ တော်တော်ကလေးဆန်ခဲ့ကြပါသည်။ ကျောင်းသက်တမ်းရဲ့ ပထမခြေလှမ်းမှာ .. လူလည်ကျတတ်၊ ဗိုလ်ကျတတ်သည့်အပြင် ကပ်စေးနှဲသော သူငယ်ချင်းတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရတာ ကျွန်မ၏ အကြီးမားဆုံး ကံဆိုးမှုတစ်ခုဆိုတာတော့ ငြင်းမရခဲ့ပေ ။
နောက်တစ်နေ့မှာတော့ .. မေမေကိုပြောကာ အတန်းရှေ့ဘက်ကခုံတွေဆီ ပြောင်းထိုင်ဖြစ်သည်။ အဲသည်မှာ သူငယ်ချင်းအသစ်တွေ ရသည်။ သူတို့က နောက်ဆုံးခုံက သူငယ်ချင်းလောက်မဆိုးပါ။ သို့သော် ပြိုင်ချင်၊ ဆိုင်ချင် စိတ်ကလေးတွေ အသီးသီးရှိသည့်အပြင် ကျွန်မက သူတို့အုပ်စုဆီ နောက်ဆုံးမှ ရောက်လာသောကြောင့် အနည်းငယ်ခွဲခြားဆက်ဆံချင်သည့်ပုံတွေရှိခဲ့သည်။ ကျွန်မကလည်း စကားနည်းတော့ .. ချက်ချင်း အဖွဲ့ကျသွားတာမျိုးမရှိခဲ့ ။ တစ်နေ့ ထိုအုပ်စုထဲမှ ကျွန်မနှင့် ရင်းနှီးသော သူငယ်ချင်းတစ်ယောက်က တစ်ဘက်၊ တစ်အုပ်စုလုံးကတစ်ဘက် .. အငြင်းပွားမှုလေးတစ်ခု ဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းက နံနက်ပိုင်းမှာတော့ ကျွန်မဘက်က အခိုင်အမာရပ်တည်ကာ .. နေ့လည်ပိုင်းမှာတော့ .. ထိုအုပ်စုဘက် အခိုင်အမာရောက်သွားပါသည်။
နေ့ခင်းကျောင်းဆင်းချိန်ထိ ကျောင်းအတူတူပြန်ခဲ့သော သူငယ်ချင်း၊
နှုတ်မှ “ ငါတို့မမှားပါဘူး .. ထားလိုက် .. သူတို့က အုပ်စုနဲ့ ငါတို့ကို ဖိထားချင်တာ” ဟု
တဖွဖွရေရွတ်ပြောဆိုခဲ့သော သူငယ်ချင်းမ၏ အပြောင်းအလဲမြန်မှုက ကျွန်မစိတ်ကို အနာတရဖြစ်စေခဲ့တာ သေချာသည်။
ထိုအချိန်မှစ၍ ကျွန်မ၏ ပထမဆုံး ဘ၀စာမျက်နှာ(၁)သည် အဖြူရောင်သက်သက်မှာ “မည်သူ့ကိုမျှ မယုံကြည်နိုင်မှု” ဟူသော သံသယစိတ်ပါးပါး စွန်းထင်းခံခဲ့ရသည် ။ အဲသည်ပထမအတွေ့အကြုံက ဘ၀မှာ “သူငယ်ချင်း” ဟူသော အဓိပ္ပါယ်နှင့် ပတ်သက်၍ ကျွန်မကို အဆိပ်ခတ်ထားသလို ဖြစ်ခဲ့သည်။ ထို့ကြောင့် ကလေးငယ်ငယ်ဘ၀မှာ … အပေါင်းအသင်း အပါအ၀င် ကလေးငယ်၏ စိတ်ကို ဒဏ်ရာအနာတရဖြစ်စေမည့် ကိစ္စရပ်များကို မိဘက မပြတ်အကဲခတ်စောင့်ကြည့်နေဖို့ လိုအပ်ပါသည်။ ကျောင်းကပြန်လာသည်နှင့် ကျောင်းမှာတွေ့ကြုံခဲ့ရသော ကိစ္စရပ်ကလေးတွေကို ပေါ့ပေါ့ပါးပါးပြန်မေးရင်း စိတ်ဓါတ်မကျစေဘဲ .. အားလုံးနှင့်လည်း အဆင်ပြေအောင်၊ ကလေးငယ်၏ စိတ်ကို ဒဏ်မထိစေဘဲ ဖြေလျော့သက်သာစေဖို့ ဂရုပြုပေးသင့်သည်ဟု ကျွန်မယူဆမိသည်။

" Feeling Middle & High School Years "

မူလတန်းလွန်မြောက်ခဲ့ပြီး … အလယ်တန်း၊ အထက်တန်းရောက်လာတော့ … သီးသန့်ဆန်ခြင်းမှာ အထာကျလာသည်။ ထို့နောက် … စာကိုပဲ ဖိကြိုးစားဖြစ်ခဲ့သည်။ ထိုအခါ ကျွန်မမှာ .. အပေါင်းအသင်းလည်းလုံးဝမနည်းတော့ ။ ပြိုင်ဘက်လည်း ပို၍ များလာသည်။ စာပြိုင်ဘက်တွေချင်းမှာလည်း တစ်ကွက်လျှိုထားတာတွေ၊ လှည့်စားတာတွေ၊ ချောက်ချတာတွေ.. စသဖြင့် တွေ့ကြုံခဲ့ရဖူးသည်။ မရင့်ကျက်သေးသော ကလေးအတွေးတွေမှာ .. အနိုင်ရလိုမှုတစ်ခုတည်းသာ သိကြချိန်ဖြစ်သည့်အတွက် … ယခုအသက်အရွယ်ရောက်အချိန်မှာတော့ .. ကျွန်မ မည်သူ့ကိုမျှ အပြစ်မတင်တတ်ခဲ့တော့ပါ။ ဘာကြောင့်လဲဆိုတော့ .. ကျွန်မကိုယ်တိုင်ကလည်း သံသယမျက်လုံးနှင့် မည်သူ့ကိုမျှ ရင်းရင်းနှီးနှီး တယုံတကြည် မပေါင်းဖြစ်ခဲ့တာလည်း လိုအပ်ချက်ဖြစ်နေခဲ့သည်လေ ..။ ကိုယ်က မည်သူ့ကိုမျှ မယုံကြည်တတ်လျှင် မည်သူကမျှလည်း ကိုယ့်ကိုယုံကြည်ခင်မင်လာလိမ့်မည်မဟုတ်ခဲ့ပါ ။
သည်လိုနှင့် ကိုးတန်း၊ ဆယ်တန်း ကျောင်းသူ ကျောင်းသားဘ၀ကို လွန်မြောက်ပြီးနောက် ပန်းရောင်ထောင့်ချိုးတွေကို ကျွန်မတို့ တွေ့ကြုံရသည်။ ငယ်ငယ်က ဂိုက်တူတူသင်ပြီး .. စာတူတူကျက်ကြသော တစ်ချို့သူငယ်ချင်းတွေဆီမှ …
“ ♫ ငယ်ငယ်တုန်းက ခင်တယ် .. ခု ချစ်ရတဲ့ သူငယ်ချင်းချစ်သူလေးရယ် … ♫
♫ ပြောင်းလဲမသွားတော့မယ် အချစ်နဲ့ .. ဟောင်းနွမ်းမသွားတော့မယ့် အချစ်နဲ့ .. မအိုမင်းတော့တဲ့ အချစ်နဲ့ ငယ်ငယ်တုန်းကထက် ပိုချစ်မယ် … ♫”
မကြားတကြား … သီချင်းသံလေးတွေကြားမှာ စိတ်တွေ ပန်းရောင်သန်းခဲ့ဖူးသည်။ လေပြည်ကြောင့် သစ်ရွက်အကြွေမှာ စိတ်ကူးလေးတွေမှာ လိုက်ပါလွင့်မျောတတ်သော အရွယ်မို့ … ရင်ခုန်သံနုနုမှာ အဖြူရောင်တွေ စွန်းထင်းနေခဲ့သည် ။ နောက်တော့လည်း … ကျွန်မတို့သည် အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ ဘယ်လိုအရောင်ကိုမျှ လက်မခံနိုင်သော အဖြူရောင်ကြိုးတွေ ခိုင်ခံ့စွာ ရစ်နှောင်ထားသည့် ထာဝရသူငယ်ချင်းတွေသာ ဖြစ်သည်။
“သူငယ်ချင်း”ဆိုသည်မှာ … အလွန်နွေးထွေးသောအငွေ့အသက် နှင့် အတိုင်းအဆမသိ ရင်းနှီးပွင့်လင်းမှု၏ ဆေးရောင်တွေ ပေါင်းစပ်ခြယ်သထားသည့် လူတိုင်း၏ စိတ်ထဲက ပန်းချီကားတစ်ချပ် ဖြစ်ပါသည်။
ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားရုံဖြင့် .. ကျွန်မတို့ကို စိတ်ချမ်းသာ ကျေနပ်စေနိုင်သည်။
ယခုတော့ ကျွန်မအခင်မင်ရဆုံးဖြစ်သလို ကျွန်မကိုလည်း အခင်မင်ဆုံး၊ ကျွန်မနှင့် စိတ်ချင်းရင်းနှီးကာ နားလည်မှုအရှိဆုံး သူငယ်ချင်းတွေမှာ မူလတန်းက သူငယ်ချင်းတွေဖြစ်နေတာ … တော်တော့်ကို အံ့သြလှုပ်ခတ်ဖွယ်ကောင်းသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အဲဒါသည် ကျွန်မတို့၏ အပြာနုရောင် ငြိမ်းချမ်းရေး ထောင့်ချိုးဖြစ်သည်။ သည့်အတွက် ကျွန်မ အတိုင်းထက်အလွန် ကျေနပ်မိပါသည်။

"Feeling 23’ "


တက္ကသိုလ်သက်တမ်းမှာ အပေါင်းအသင်းပိုစုံလာလေ၊ အတွေ့အကြုံတွေပိုများလာလေ..။
ဘ၀ရဲ့ အတွေးအခေါ်တွေ ပို၍ ဖွံ့ဖြိုးလာလေဖြစ်သည်။
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကိုယ့်ရှေ့မှာ လူကြီးသူမတွေ ရှိမနေတော့ … ကိုယ်ကိုကိုယ်တိုင်ပဲ လူကြီးတစ်ယောက်လို ကိုယ်တိုင်ဆုံးဖြတ်၊ ကိုယ့်ရပ်တည်ချက်အတွက် ကိုယ်တိုင်တာဝန်ယူဖြေရှင်းရသော လူကြီးတစ်ပိုင်း ဖြစ်လာခဲ့ပြီ။ ကျောင်းပြီး လုပ်ငန်းခွင်ရောက်လာတော့ … အဆင်မပြေမှုတွေ၊ သည်းခံရမှုတွေ၊ နေရာတစ်နေရာအတွက် ကြိုးစားရမှုတွေနှင့် ရောထွေးဝဲလှည့်ကာ ကျောင်းသားဘ၀က အပူအပင်ကင်းကင်း ပျော်ရွှင်ခဲ့ကြတာတွေကို ပြန်လွမ်းမိရသည်။ လုပ်ငန်းခွင်မှာတော့ အချိန်မရွေး အနီကတ်ဒ်ပြ ထုတ်နိုင်သလို… အ၀ါကတ်ဒ်ဖြင့် Foul ထိမှာ ကြောက်ရပြန်သည်။ အလေးအနက်လုပ်ကိုင်နေရသော ကိစ္စရပ်တွေမို့ … အမှားအယွင်းအတွက် ကျောင်းမှဆရာမ၏ ကြက်ခြေခတ်လောက်နှင့် မပြီးတော့ပါ။ ဆုံးရှုံးမှုတွေ အတွက် တာဝန်ယူဖြေရှင်းရမည်၊ ခေါင်းခံရမည်။ တော်ရုံတန်ရုံကိစ္စရပ်ကလေးဖြစ်ဖြစ် စိတ်တိုဒေါသထွက်လို့မရတော့ဘဲ သည်းခံစိတ်ကို မွေးမြူရတော့မည်။

 တစ်နှစ်ပြီးတစ်နှစ် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ “ရင့်ကျက်မှု” ပါ တိုးတက်လာဖို့ လိုအပ်ပါသည်။ “ရင့်ကျက်မှု”ဆိုတာ … တကယ်တမ်းတော့ “ဟန်ဆောင်ကောင်းမှု” နှင့် “ သိတတ်ပါးနပ်မှု”တို့ ရောယှက်ထားသော ခရမ်းရောင်လက်ကိုင်ပုဝါတစ်ထည် ဖြစ်သည် ဆိုပါစို့ ။ ကိုယ်နှင့်မကွာ ဆောင်ထားဖို့က မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်သည် ။ ပြီးတော့ .. “လူမှုရေး” ဟူသည့် လူတိုင်း လိမ်းခြယ်သင့်သည် မိတ်ကပ်တစ်မျိုးကိုလည်း နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကျင်လည်လှုပ်ရှားနေသရွေ့ တင့်တယ်အောင် ဆင်မြန်းထားဖို့လိုပါသည်။

 ယခုထိ ဖြတ်သန်းလာသော ဘ၀သက်တမ်းနှစ်တွေမှာ အရောင်တွေ တော်တော်များများ ကျွန်မတို့ သင်ကြားတတ်မြောက်ခဲ့ကြပြီ ဖြစ်သည်။ ကျွန်မတို့၏ စိတ်ကို ခပ်များများစွဲထင်စေသော အရောင်တွေက ကျွန်မတို့၏ လက်ရှိအချိန်ကို လွှမ်းမိုးထားမှာသေချာသည်။ မည်သို့ပင်ဖြစ်ပါစေ … ကျွန်မတို့၏ နှလုံးသား၏ အတွင်းဘက်ထောင့်တစ်နေရာမှာတော့ အဖြူရောင်အတွက် သီးသန့်နေရာတစ်ခုကို ထာဝရသိမ်းဆည်းထားဖို့ အကြံပြုချင်ပါသည်။

 မလိုချင်ပေမယ့် .. လာရောက်အခြယ်သခံရသော ဘ၀၏ ဆေးရောင်တွေအတွက် … တစ်ချိန်ချိန်မှာစု၍ မင်စုပ်စက္ကူတစ်ရွက်ပေါ် ရေးချကာ စွန့်ပစ်ခဲ့ပြီး … နှလုံးသားထဲမှ အဖြူရောင်ဓါတ်ခံနှင့် ဘ၀ကို ရှင်းသန့်ကြည်လင်သော စိတ်အစဉ်ဖြင့် ပေါ့ပေါ့ပါးပါး ဆက်လက်လျှောက်လှမ်းသွားနိုင်ဖို့ ဖြစ်ပါသည် ။
ကျွန်မတို့၏နှလုံးသားမှာ အဖြူရောင်က ကြီးမြတ် စိုးမိုးထားသရွေ့ တခြားမည်သည့်အရောင်ကမှ ကျွန်မတို့ကို အလဲထိုးလွှမ်းမိုးနိုင်မည် မဟုတ်ဟု အလေးအနက် ယုံကြည်မိပါသည် ။

“လေပြည်ချမ်းချမ်း”
April 7th, Friday
2:53am ; 2012 !

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”