"Letter to 2011 "
သစ်ရွက်တွေ တဖြောက်ဖြောက်နဲ့ ကြွေကျနေကြပြီ … ။
မြောက်ဘက်အရပ်က လေနတ်သား ကမ္ဘာမြေပေါ် အလည်လာတိုင်း နှင်းစက်တွေ လက်ဆောင်ယူလာတတ်မြဲ ။
နှင်းစက်တွေရဲ့ အထွေးအပွေ့မှာ လူသားတွေရဲ့ နှလုံးသားတွေ အေးမြလတ်ဆတ်သွားမြဲ ။
နှင်းဆွတ်နေတဲ့ ဆောင်းသစ်ပင်ပေါ်က အစိမ်းရောင်သစ်ရွက်ကလေးတွေ …
မျက်လှည့်ပြလိုက်သလို အ၀ါရောင်အဖြစ် ပြောင်းသွားတဲ့အခါ သက္ကရာဇ်တစ်ခုဟာ …
သူ့အလိုလို ငါတို့ဆီက ရှောင်ပုန်းပျောက်ကွယ်သွားကြတယ် ။
ငါတို့ ဖက်တွယ်ထားလျက်က ဘယ်တော့မှ အပိုင်မရနိုင်မယ့် သက္ကရာဇ် ကိန်းဂဏန်းတို့ရေ …
၂၀၁၁ မှာတော့ … မင်းကို ငါတို့ သေချာနှုတ်ဆက်ချင်ပါတယ် ။
နှင်းမှုန်မှုန်အောက်က လမ်းခွဲကလေးမှာ အတိတ်ကို ခြေရာ ပြန်ကောက်ရရင် …. ….
ဇန်န၀ါရီရဲ့ အေးမြဆဲ နေရောင်ခြည်အောက်မှာ စိတ်သစ် လူသစ်နဲ့ မင်းကို ကြိုဆိုခဲ့ကြတယ်။ နှစ်သစ်မှာ အနာဂတ်အသစ် အတွက် တက်ကြွနွေးထွေးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့ ။
စိတ်ကူးယဉ်ချင်စရာကောင်းတဲ့ ချစ်သူများနေ့ဆိုတဲ့ ဖေဖေါ်ဝါရီရဲ့ ချိုမြိန်တဲ့ နေ့ရက်ကလေးကိုလည်း အမှတ်တရတွေ ထွေးပွေ့ရင်း ရင်ခုန်သံတွေနဲ့ ကျော်ဖြတ်ခဲ့ကြဖူးတယ် ။
တစ်ချို့တွေလည်း တစ်ယောက်တည်း ဖြတ်သန်းခဲ့ရပေမယ့် ရင်ခုန်သံတွေတော့ ဆက်လက်ရှင်သန်ရင်း မျှော်လင့်ချက်နဲ့နွေးထွေးခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့်လည်း တစ်ကိုယ်တော် ဗယ်လင်တိုင်းဟာ … ခြောက်သွေ့အထီးကျန်တဲ့ အရောင်ကို မဖုံးကွယ်နိုင်ခဲ့ပါဘူး ။
အဲဒီအချိန်မှာ … ကိုယ်ထိတွေ့ပတ်သက် နေရတဲ့ ပတ်ဝန်းကျင်ကနေ ကြင်နာတဲ့ စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့် ၊ ကိုယ့်အပေါ်လွင့်ပျံ့လာတဲ့အခါ ဘ၀ကြီးဟာ ရုတ်တရက် နေပျော်သွားသလိုပဲ ။
အဲလိုနဲ့ … မေတ္တာတရားဆိုတာ ဘာလဲလို့ သေချာနားလည်ခဲ့ရတာပေါ့ ။
အပေးအယူဆန်လွန်းတဲ့ လောကကြီးမှာ သူတစ်ပါးအပေါ်မေတ္တာဖြင့် ပေးဆပ်ခြင်းဟာ .. မမျှော်လင့်ဘဲ တစ်ချိန်မှာ ကိုယ့်အပေါ် ထပ်တူရောင်ပြန်ဟပ်စေတယ် ဆိုတာလည်း အချိန်နဲ့အမျှ သိတတ်လာခဲ့ရတယ် ။
အဲဒီအတွက် မင်းကို ကျေးဇူးတင်နေမှာပါ ။
ပွင့်လင်းချိုမြတဲ့ ရွှေရောင်နွေရက်တွေအစမှာ .. ငါတို့တွေ အလုပ်ရှုပ်ခဲ့တာပေါ့ ။
ရာသီဥတု ပူပြင်းသလို ဘ၀ရဲ့အမောတွေကလည်း ချွေးဒီးဒီး ကျလောက်အောင်ပါပဲ။
လှေကားထစ်တွေကို နင်းတက်လာရင်းနဲ့ ထိပ်ဆုံးနား ရောက်လာလေလေ အေးမြတဲ့ လေပြည်နဲ့ ထိတွေ့မိလာရလေလေပါပဲ ။
ခက်ခဲတဲ့ပုစ္ဆာရဲ့ အဆုံးသတ်မှာ ချိုမြိန်တဲ့ အောင်မြင်ခြင်း ပုန်းကွယ်နေလေတယ်။
ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ လက်မမြှောက် နောက်မဆုတ်လိုက်ဖို့ပဲ … လိုတာပေါ့နော် ။
ဒါကြောင့် … ပူပြင်းခြောက်သွေ့ပေမယ့် နေရောင်ခြည်ဖြာလင်းတဲ့ မင်းရဲ့ နွေရက်စွဲတွေကို ငါ … နှစ်သက်ခုံမင်တယ်ဆိုတာ မင်းကို ပြောကြားပါရစေ ။
ဇွန်၊ ဇူလိုင်ရဲ့ မိုးရေစက်တွေ ကမ္ဘာမြေပေါ် ကြွေကျပြီး အစိမ်းရောင်ကမ္ဘာတစ်ခုကို မင်းဖန်ဆင်းတဲ့အခါ …. လူသားအားလုံး ပျော်ရွှင်ခဲ့ကြပါတယ် ။
ရာသီစာအသီးအနှံတွေနဲ့ ဖုန်မထတဲ့ ကမ္ဘာမြေရဲ့ အခိုက်အတန့်ဟာ သစ်လွင်ခြင်းရဲ့အရောင်ကို ကျန်းကျန်းမာမာ ဆင်မြန်းထားပြန်တယ် ။
မိုးဖွဲဖွဲအောက်မှာ အပြုံးတွေ လတ်ဆတ်ခဲ့သလို … တိမ်ညိုတိမ်မည်းတွေ သယ်ဆောင်လာတဲ့ မိုးသက်မုန်တိုင်းအစမှာ … မျက်ဝန်းတွေ မိုးရေစိုခဲ့ကြရတယ် ။
ဘယ်အရာမှ ပြီးပြည့်စုံခြင်း မရှိနိုင်ဘူးဆိုတာ … မင်း သင်ပေးခဲ့တာပဲ နော် ။
ပြုံးတစ်ခါ ငိုတစ်လှည့်နဲ့ ငါတို့ ဖြတ်သန်းသွားရမယ့်အရာဟာ ဘ၀ပါလားလို့ သိရှိသွားတဲ့အခါ … အရာရာဟာ ထင်သလောက် ကြောက်စရာ မကောင်းတော့သလို ပါပဲ ။
မြင့်မားလာတဲ့ လူနေမှု အဆင့်အတန်းတွေရယ် ၊ ခေတ်မီတိုးတက်လာတဲ့ သိပံပညာရပ်တွေရဲ့ အခြားတစ်ဖက်မှာ … တဖြည်းဖြည်း ပါးလွှာသွားတဲ့ အိုဇုန်းလွှာရယ် ၊ သစ်ပင်တွေ နည်းပါးသွားတဲ့ ကမ္ဘာမြေကြီးရယ် တည်ရှိနေတယ် ။
ကျွတ်ကျွတ်အိတ်တွေ ၊ ပလတ်စတစ်အိတ်တွေ အမှတ်တမဲ့နဲ့ ဆက်သုံးနေဆဲလား ။
စက်ရုံကြီးတွေက စွန့်ပစ်ပစ္စည်းတွေ ပင်လယ်ထဲ ပျော်ဝင်နေတုန်းလား ။
လေထုထဲမှာ မီးခိုးငွေ့တွေ သိပ်သည်းနေတုန်းလား ။
ရာသီဥတု ဖောက်ပြန်မှုတွေ ပိုဆိုးရွားလာနိုင်တယ်လို့ခန့်မှန်းထားကြတဲ့ (၂၀၁၂)မှာ .. ခေတ်မီတိုးတက်ခြင်းရဲ့ အစွန်းထွက်ဆိုးကျိုးတွေဟာ … ကမ္ဘာမြေကို ဒဏ်ခတ်ဖို့ တိတ်တိတ်လေး ချောင်းမြောင်းနေကြပြီ ။
ကမ္ဘာကြီးကို ခေတ်အဆက်ဆက်က အကြောင်းအမျိုးမျိုးနဲ့ လူသားတွေ … အဆိပ်ခတ်လာခဲ့ကြတာ … အခု ကမ္ဘာမြေဟာ အဆိပ်ပြင်းသထက် ပြင်းလာခဲ့ပြီ ။
ရှောင်လွှဲလို့ မရနိုင်မယ့် သဘာဝဘေးဒဏ်နဲ့ လောကဓံတွေ ရင်ဆိုင်ရတဲ့အခါ .. ငါတို့မှာ ခံနိုင်ရည်ရှိဖို့နဲ့ အရေးကြုံလာတိုင်း တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဖေးမကူဖို့ မင်းက လူသားအားလုံးကို … မှာကြားပေးပါ နော် ။
ဘယ်လိုပဲဖြစ်ဖြစ်.. (၂၀၁၂) မှာ ငါတို့တွေ အဆိပ်ဖြေဆေး … သစ်ပင်တစ်ပင်စီတော့ စိုက်ပျိုးပါ့မယ် လို့ မင်းကို ကတိပြုပါတယ် ။
ငါတို့ ဆက်လက်ရင်ဆိုင်ရမယ့် (၂၀၁၂)ဟာ … ချိုမြနွေးထွေးဖို့ ၊ မေတ္တာပန်းပွင့်တွေ ကမ္ဘာမြေအနှံ့ဖူးပွင့်ဝေဆာဖို့ ၊ နေခြည်နုနုမှာ ငါတို့အနာဂတ်တွေ လင်းပတောက်ကြွားနိုင်ဖို့ မင်းက … ဆုတောင်းပေးဦး နော် ။
ငါတို့ကတော့ အချိန်ဆိုတဲ့ စက္ကန့်တံကို ခိုစီးရင်း၊ အသစ်အသစ်သော သက္ကရာဇ်မှတ်တိုင်တွေကို ဖြတ်သန်းရင်း ခရီးဆက်နေရဦး … မှာ ။
အ၀ါရောင်လွင်လွင် နွေဦးရယ်၊ ဖက်ဖူးရောင့်ရင့်ရင့် မိုးတွင်းရယ် ၊ အဖြူရောင်ဆောင်းရယ် အရောင်စုံတဲ့ မင်းရဲ့ပန်းချီတွေကို ငါတို့ နှလုံးသားထဲ အမြဲသိမ်းထားဖြစ်ဦးမှာပါ ။
“ အမှတ်တမဲ့ ” တွေကနေ .. အမှတ်တရ တွေ ဖြစ်လာနိုင်ပေမယ့် .. “ အမှတ်တရ ” တွေကတော့ “ အမှတ်တမဲ့ ” အဖြစ် ဘယ်တော့မှ ကူးပြောင်းသွားနိုင်မှာ မဟုတ်ပါဘူး ။
အဲဒီအတွက် ငါတို့ရဲ့ မှတ်ဥာဏ် အယ်လ်ဘမ် ထဲမှာ မင်းရဲ့ပုံရိပ်တွေဟာ အမှတ်တရအဖြစ် ဆက်လက်လိုက်ပါ ရှင်သန်ခွင့် ရရှိနေဦးမှာ .. ။
နှုတ်ဆက်လိုက်ပါတယ် …. ၂၀၁၁ ရေ … ။

“လေပြည်ချမ်းချမ်း”
31 December 2011
Comments
Post a Comment