Skip to main content

'' ဒိုင်ယာရီ "

 

'' ဒိုင်ယာရီ "


ပဟေဠိတစ်ခုလို …
ငါ့ကိုယ်ငါ ဖွက်ထားလို့ရတဲ့ နေရာ ။
ဘ၀ရဲ့မှတ်တိုင် တစ်ခုချင်းစီအတွက်
ခံစားချက်တွေ ….
စနစ်တကျ မြှုပ်နှံထားတဲ့ နေရာ ။

သတိရတိုင်း ပြန်လည်ဆွဲသီဖို့
အမှတ်တရတွေ
တမြတ်တနိုး သီကုံးထားတဲ့ နေရာ ။

ထိခိုက် အနာတရဖြစ်တိုင်း
နုနယ်လှတဲ့နှလုံးသားကို ဆေးထည့်ဖို့
အနာကျက်ဆေး အဆိုအမိန့်တွေ
သိမ်းဆည်း သိုမှီးထားတဲ့ နေရာ … ။

အဲဒီမှာ ….
လှုပ်ခတ် ပျော်ရွှင်ခဲ့ခြင်း …. တွေ ရှိတယ် ။
နာကျင်ထိရှ လွယ်တတ်ခဲ့မှု …. တွေ ရှိတယ် ။
မစိမ်းလန်းခဲ့တဲ့ မျှော်လင့်ချက်တစ်ချို့ …. ရှိတယ် ။
လတ်ဆတ်ချိုမြဆဲ အိပ်မက်တွေ …. ရှိတယ် ။
တစ်ခါက ... တိုက်ဆိုင်မှုသက်သက် ….
အပြုံးတွေ .. ရှိခဲ့တယ် ။
စနစ်တကျ လမ်းကြုံတဲ့ ….
အမှတ်တရတွေ … ရှိခဲ့တယ် ။
ရင်ထဲမှာ ခုချိန်ထိ သိမ်းထားဖြစ်တဲ့ …
မျက်နှာရိပ်တစ်ခု … ရှိခဲ့တယ် ။

အဲဒီနေရာ …. မှာ
ငါ့ထက်ပိုပြီး စစ်မှန်တဲ့ …
ငါကိုယ်တိုင် …. ရှိခဲ့တယ် ။

ငါ့ခံစားချက်တွေအတွက် ..
အခွန်ဆောင်ဖို့မလိုတဲ့ ၊
ကမ္ဘာမြေပေါ် .. က
ကိုယ့်စိတ်ကြိုက် အခင်းအကျင်းနဲ့ ..၊
ကိုယ်ပိုင်တဲ့ … ကိုယ့်နေရာ တစ်ခုပါ။

စကားလုံးတွေ စွန်းထင်းနေတဲ့ ၊
ပန်းပွင့်တွေလို အရောင်စုံတဲ့ ခံစားမှုတွေ … ဟာ
အဲဒီနေရာ … မှာပဲ
လွတ်လပ်စွာ ဖြန့်ကျဲ ကခုန် … လို့ ။ ။


  “လေပြည်ချမ်းချမ်း”
10 January 2012

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´