Skip to main content

“လေးကြောင်းမျဉ်း”

 

“လေးကြောင်းမျဉ်း”



ဘယ်တော့မှ …
မဆုံနိုင်တာချင်း အတူတူ
အသည်းမာတဲ့ မျဉ်းဖြောင့်တော့ မဟုတ်ခဲ့ဘူး ။

“ ဘ … ၀ ” ဆိုတာကို
လမ်းကျဉ်းလေးထဲ ပစ်ထည့်ရင်း
ဖြောင့်ဖြောင့်တန်းတန်း လျှောက်ဖို့
ကိုယ့်ကိုကိုယ် ခင်းပေးထားတယ် ။

လှလှပပ စီစီရီရီ …
လက်ရေးစာလုံးလေးတွေ ငေးကြည့်ရင်း
တစ်ချောင်းငင် လို ကိုယ့်ပေါ်တက်ရပ်ရပ်၊
နသတ် လို ကိုယ့်အပေါ်လာသတ်သတ်၊

မနာကျင်တတ်ဘဲ
လမ်းလျှောက်တတ်ကာစ ကလေး …
တည့်တည့်ဖြောင့်ဖြောင့်
ဆက်လက်နင်းလျှောက်ဖို့ အားပေးမြဲ ။

ဒီလိုနဲ့
နောက်ဆုံးစာမျက်နှာ ရောက်လာတော့
ဒီစာအုပ်ကို ..
လွှတ်ချခဲ့ကြတော့မယ် … ။

ဘောင်ခတ်မထားလိုတဲ့ စိတ်အတွေးနဲ့
လွတ်လပ်ခွင့်ပေးလိုက်တော့ …
ဝိုင်းစက်စက် လက်ရေးစာလုံးလေးတွေပဲ
သူ့မှာ… အမှတ်တရကျန်နေခဲ့တယ် ။

အမြဲလုံးဝန်းနေတဲ့ ကမ္ဘာကြီးမှာ
“ဘ ..၀ ” ထဲက “ ၀ ” လုံးလို
အရာအားလုံးဟာ ….
လှလှပပ ၀ိုင်းပတ်နေကြပြီး
နောက်ဆုံးတစ်နေ့ …
ကိုယ့်ဆီပဲ ပြန် လည်လာဦးမယ် … ။

သဏ္ဍာန်တူပြီး
ဂုဏ်ရည်မတူတဲ့ “၀” လုံးနဲ့ သုည လို
ပိန်လိုက် ဖောင်းလိုက် ဇာတ်ကွက်တွေကြားမှာ
ဘ၀ ဇာတ်ဆရာကို
လွယ်လွယ်လေး အရှုံးမပေးစေချင်ဘူး ။

“လဲရင် ပြန်ထ …
ဒါဘ၀တဲ့ .. သတ္တိမွေးပါ ၊”
လေးကြောင်းမျဉ်းရဲ့ မှာတမ်း ..
ခေတ်အဆက်ဆက်
လက်ဆင့်ကမ်းစေချင်တယ် ။

“ လေပြည်ချမ်းချမ်း ”
Feb 23 rd; 2012 !
15:22 pm !

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´