" To Birthday Girl "
ဟက်ပီးဘသ်ဒေးပါ … ကောင်မလေးရေ ။
နေ့တွေလဟောင်းပြီး လတွေနှစ်ပြောင်းလို့ ပြက္ခဒိန်စာရွက်တွေ လေနဲ့အတူ တဖျပ်ဖျပ်လွင့်ပါသွားကြပြီ … ။
ဒီနေ့ဟာ … မင်းကို မွေးဖွားသန့်စင်တဲ့ မွေးနေ့ရက်မြတ်ကလေး ပါ။
မင်္ဂလာရှိသော ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ .. ။
ဖြတ်ကျော်လာတဲ့ အချိန်ကာလမှတ်တိုင် အရေအတွက်နဲ့ထပ်တူ မင်းရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေလည်း တိုက်ရိုက်အချိုးကျပါစေ …လို့ ဆုတောင်းပေးပါတယ် ။
ဒီနေ့လေးမှာ … မင်း သတိရအတမ်းတဆုံးက ဘယ်သူများ ဖြစ်မလဲ … ။
ဘ၀တစ်ခုလုံး ပေးဆပ်ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ .. ဥယျာဉ်မှူး မေမေ ၊ ခုချိန်ထိ ဘေးနားကနေ အရိပ်တကြည့်ကြည့် ပဲ့ပြင်ဆုံးမ ဦးဆောင်လမ်းညွှန်ပေးတဲ့ ပဲ့ကိုင်ရှင် ဖေဖေ ..၊
နှစ်ဦးလုံးကို ဦးခိုက်ကန်တော့ဖို့ … မမေ့ပါနဲ့ နော် ။
အခက်အခဲတွေ ကြုံလာတိုင်း လဲကျမသွားအောင် ဘေးကနေ ဖေးမပေးတဲ့ တစ်အူထုံဆင်း သွေးရင်းမောင်နှမတွေဟာလည်း .. ဘုရားပေးတဲ့ လက်ဆောင်မွန်ပါ။ အချိန်တွေတိုင်း …. ပျော်ရွှင်မှုတွေ ၊ ၀မ်းနည်းမှုတွေ ၊ ကြည်နူးမှုတွေ ၊ အားငယ်မှုတွေကို တူတူဝေမျှခံစားပေးခဲ့ကြတယ်။အနိမ့် အမြင့် ၊အတက် အကျ ၊ အတက် အဆင်း … လမ်းတွေ ကျော်ဖြတ်ရတိုင်း တူတူတွဲဆုပ်ထားတဲ့ လက်တွေမှာ … အားအင်တွေအပြည့် စီးဆင်းလို့ပေါ့ ။ ငွေကြေးနဲ့ဝယ်ယူလို့ မရတဲ့ ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ် ။
မေတ္တာကွန်ရက်တွေ ချိတ်ဆက်ထားတဲ့ “ မိသားစု ” ဆိုတဲ့ အိမ်ကလေးရဲ့ အပြင်ဘက်မှာ … လောကကြီးပေါ် စတင် ခြေ ,ချရတယ် ။ တစ်လမ်းတည်းတူတူလျှောက်မိတဲ့ ခရီးဖေါ်တွေကို “ သူငယ်ချင်း ”လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ် ။ လူအမျိုးမျိုး စိတ်အထွေထွေ သူငယ်ချင်းပေါင်းစုံကြား …. လမ်းမှားမရောက်အောင် ကိုယ့်ကို ဆွဲခေါ်တဲ့ သူငယ်ချင်းတွေ ၊ ချောက်ကမ်းပါးမှာ လမ်းလျှောက်နေရတဲ့အခြေအနေမှာ … ပြုတ်ကျသွားမှာစိုးလို့ ဘေးကနေ လက်တွဲမဖြုတ်ဘဲ အတူတူလိုက်ပါလာတဲ့ သူငယ်ချင်းတွေ ၊ အောင်မြင်ရင် တူတူပျော်ပြီး … ရှုံးနိမ့်ရင် အတူတူငိုပေးတဲ့ နှစ်ကိုယ့်တစ်စိတ် သူငယ်ချင်းတွေ .. ။ သူတို့တွေဟာ … ကိုယ်အမြတ်တနိုး စိုက်ပျိုးထားတဲ့ သစ်ပင်လေးတစ်ပင်က ပန်းပွင့်လေးတွေနဲ့ တူတယ်။ ကိုယ်စိတ်ညစ်တဲ့အချိန်မှာ သူတို့တည်ရှိနေရုံနဲ့ စိတ်သက်သာရ ရစေတယ်။ ပျော်ရွှင်ချမ်းမြေ့လာစေတယ်။သူတို့ကို တန်ဖိုးထားရင် သူတို့အတွက်လည်း လတ်ဆတ်သန့်ရှင်းတဲ့ စိတ်နေစိတ်ထား ပွင့်ချပ်တွေနဲ့ ရနံ့မွှေးတဲ့ ပန်းလေးတစ်ပွင့် … ကိုယ်ကိုယ်တိုင်လည်း ဖြစ်ပါစေ နော် ။
ဒီအတိုင်းဆို ငွေကြေးနဲ့ တိုင်းဆလို့ မဖြစ်နိုင်တဲ့ တန်ဖိုးကြီးမြင့်တဲ့ အရာဝတ္ထုတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိနေတာပဲ … နော်။ အဲဒီအရာဝတ္ထုတွေထဲမှာ .. “ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ နူးညံ့လွန်းတဲ့ စိတ်ခံစားချက်တစ်ခု ပါဝင်တယ် ။ လေတိုက်လို့ သစ်ရွက်ကလေး ဖျတ်ခနဲ လှုပ်ခတ်သွားတာတောင် ရယ်ချင်မိတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ခံစားမှုတွေဟာ … တိမ်တွေလို အရောင်စုံတယ်။ ရောင်ပြန်စတစ်ကာတစ်ချပ်လို ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီး အရောင်ပြောင်းလွယ်တယ် ။ သက်တန့်တွေပေါ် ခိုစီးရသလို ရင်ခုန်သံတွေနဲ့ ဆော့ကစားရင်း ကိုယ့်ရဲ့ကမ္ဘာငယ်မှာ သက်တန့်လေး ရုတ်တရက် ပျောက်သွားတဲ့အခါ … ကလေးလေးတစ်ယောက်လို ထိုင်ငိုမနေပါနဲ့ ကွာ။ တစ်နေ့ … မိုးစက်တွေ စဲသွားတဲ့အချိန်၊ နေခြည်ဖြာစ တိမ်တွေပေါ်မှာ .. ပိုလှတဲ့သက်တန့်လေးတစ်ခု မင်း မြင်တွေ့ခွင့်ရမှာပါ ။ တစ်ခါတစ်လေ အချိန်တွေကို စောင့်ဆိုင်းတတ်ဖို့လည်း အရေးကြီးတာကိုး ..နော်။
“ အချစ် ” ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တာမို့ .. ဒီကမ္ဘာပေါ်မှာ မင်းရောက်ရှိနေထိုင်ခဲ့တယ် ဆိုတာ အမှတ်အသားတစ်ခုခုတော့ ချန်ရစ်ထားခဲ့သင့်တာပေါ့ ။ အဲဒါကို မင်းရဲ့ “ သမိုင်း ” လို့ လူတွေ သတ်မှတ်ကြတယ် ။ “ ဘယ်သူသေသေ ငတေမာပြီးရော ” ဆိုတဲ့ စိတ်ဓါတ်နဲ့ သူတစ်ပါးအပေါ် ကျော်ခွတွန်းထိုးပြီး ကိုယ်လိုချင်တဲ့အရာတွေနောက် တကောက်ကောက်လိုက်ရင်း ကိုယ့်သမိုင်းကို အရုပ်ဆိုးအကျည်းတန်တဲ့ အဆိပ်ပန်းချီတွေနဲ့တော့ .. သရုပ်ဖေါ် မရေးဆွဲစေချင်ဘူး ။
မှန်ကန်တည့်မတ်တဲ့ စိတ်ထားနဲ့ ကိုယ်ချင်းစာစိတ် ပြည့်ဝတဲ့သူ ၊
ကိုယ့်ရဲ့အားနည်းချက် ၊ အားသာချက်တွေကို ကိုယ်တိုင်သိရှိနားလည်ပြီး ကိုယ်လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ဖောက်နိုင်တဲ့သူ ၊
ကိုယ့်ရည်မှန်းချက်အတွက် လှေကားထောင်ပြီးတက်ဖို့… ခိုင်မာရင့်သန်တဲ့ အသိဥာဏ်ပညာနဲ့ အတတ်ပညာတွေ အုတ်မြစ်ချနေတဲ့သူ အဖြစ် … ပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားနေရင် မနက်ဖြန်ဆိုတာတိုင်းဟာ .. မင်း ချန်ထားရစ်ခဲ့ရမယ့် သမိုင်းစာအုပ်အတွက် ရွှေရောင်ရက်စွဲတွေချည်းပဲ ဖြစ်နေမှာ… ပါ။
အပေးအယူဆန်တဲ့ “Give and Take” လောကကြီးမှာ ကိုယ်ကအရင်ပေးမှ သူများဆီကနေ ရနိုင်တာပါ။ တစ်ခါတစ်လေ ကိုယ်ကပေးတိုင်းလည်း တူညီတဲ့တုံ့ပြန်မှု ရချင်မှ ရတတ်တာဆိုတော့ … လောကကြီးက ခါးသီးလိုက်တာလို့ တွေးမနေပါနဲ့ကွာ။ စိတ်ဆိုတာ ထားတတ်ရင် မြတ်သတဲ့ ။ အကောင်းဘက်ကနေ ရှုမြင်မှ ဘ၀ဆိုတာ နေပျော်မှာပါ။ အဲဒီအတွက် အကောင်းမြင်စိတ်ဆိုတဲ့ (Optimism) ကိုလည်း မွေးမြူထားသင့်ပါတယ်။ ပြီးတော့ မွေးနေ့မှာ … ကုသိုလ်တစ်ခုခု ပြုလုပ်ဖို့လည်း မမေ့နဲ့နော်။ ကိုယ့်မှာ ပိုလျှံနေလို့ အပျော်သက်သက်အတွက်သုံးစွဲမယ့် ငွေအချို့ဟာ … ဆာလောင်နေတဲ့ ကလေးငယ်တစ်ယောက်အတွက် .. (သို့မဟုတ်) လူ့ဘောင်ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ပြုလုပ်မယ့် ကိစ္စရပ်တွေမှာ … ထည့်ဝင်လှူဒါန်းလိုက်ခြင်းအားဖြင့် … အကျိုးရှိတဲ့နေရာမှာ စနစ်တကျ သုံးစွဲတတ်တဲ့သူအဖြစ် ကိုယ်လည်းတန်ဖိုးတက်သလို အကျိုးရှိရှိ ကုန်ဆုံးသွားတဲ့ငွေဖြစ်လို့ ပီတိနဲ့အတူ ကုသိုလ်တွေလည်း ပြည့်ဝနေမှာပါ ။
ပြီးပြည့်စုံသောမွေးနေ့ရက်မြတ်ကလေးကို ချစ်ခင်မြတ်နိုးရသူတွေနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ ။

လေပြည်ချမ်းချမ်း [Barbie]
29th January : 2012 !
1:24 am !
Comments
Post a Comment