
" The Lovely Shoes for my lovely One "
“ Personality … ”
“ ကိုယ်ရည်ကိုယ်သွေး ” ဟူသော အဲသည်အင်္ဂလိပ်စာလုံးလေးသည် ကျွန်မဘ၀မှာ ဦးနှောက်ထဲ မကြာခဏရောက်လာတတ်သည် ။
ငယ်ငယ်လေးကတည်းက ကျွန်မက … အရာရာမှာ ခမ်းနားလှပမှ ကျေနပ်တတ်သူ။ ကျွန်မရည်မှန်းချက်ကလည်း မြင့်မြင့်မားမား ။
အမှတ်အမြင့်ဆုံးရမှ တက်ရောက်ရမည့် ဆေးကျောင်းဆိုတာကိုလည်း .. ကျွန်မ အလွန်တက်ရောက်ချင်ခဲ့သည်။ “ ၀ါသနာ ”ဆိုတာကို ထည့်မတွေးတတ်သေးသော ကလေးအတွေးမှာ အမြင့်ဆုံး၊ အကောင်းဆုံး ဆိုတာတွေကိုပဲ အိပ်မက်မက်ခဲ့ဖူးသည်။
လိုချင်တာအတွက် ကြိုးစားရကောင်းမှန်းလည်း သိနားလည်ခဲ့ရသည်။
တကယ်တမ်း လက်တွေ့ဘ၀မှာ ကြိုးစားတိုင်း ခရီးမရောက်တာမျိုး ကြုံလာရသည့်အခါ “ ကံတရား ” ဆိုတာကိုလည်း ကျွန်မသဘောပေါက်လာခဲ့သည်။ သို့တိုင် ကျွန်မကြိုးစားမှု မလျော့အောင် ကိုယ့်ကိုကိုယ် သံပတ်တင်းရသည်။ တစ်ခါတစ်လေ စိတ်ဓါတ်က ဟိုးချောက်နက်ထဲထိ ထိုးစိုက်ကျသွားသောအခါ … ကျွန်မ မျက်ရည်ကျခြင်းနှင့် အဆုံးသတ်သည်။
ကျွန်မ၏ ချို့ယွင်းချက်က “ စိတ်ဓါတ်ပျော့ညံ့တတ်မှု” ဖြစ်သည်။ ကျွန်မက အရာရာမှာ ခံစားတတ်လွန်းကာ မျက်ရည်လွယ်တတ်သူဖြစ်သည်။ ပြီးတော့ အစွဲအလမ်းကြီးတတ်သည်။ သူငယ်ချင်းအပေါင်းအသင်းနှင့် ပတ်သက်လျှင် လူတိုင်းကို လိုက်လျောညီထွေ ပေါင်းသင်းတတ်သူတစ်ယောက် မဟုတ်ခဲ့ပါ။
ကျွန်မက အလွယ်တကူ ရင်းနှီးကျွမ်းဝင်မှု မရှိတော့ တစ်ချို့သူငယ်ချင်းတွေက မာနကြီးသူ ၊ သွေးကြီးသူအဖြစ် အလိုလိုသတ်မှတ်သည်။ သူတို့ ထိုသို့ကောက်ချက်ချသည့် ကျွန်မက ခင်မင်တွယ်တာမိသည့်သူတွေကျတော့ ဘာအကြောင်းနှင့်မှ အလွယ်တကူစိတ်မဆိုးတတ်ခဲ့ ။ တစ်ခါတစ်ရံ ဘယ်လောက်စိတ်ဆိုးမိသည်ဖြစ်စေ ကိုယ့်ကိုလာချော့သည့်အခါ သိပ်မကြာခင်ဘဲ … အလွယ်တကူ… အပြုံးလေးနှင့် စိတ်ပြေသွားတတ်သူဖြစ်သည်။
ထို့ကြောင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကလွဲ၍ ဘယ်သူမှ ကျွန်မအပေါ် အလုံးစုံ နားလည်မပေးနိုင်ခဲ့ပါ။ ကျွန်မသည် သူတို့အတွက် ခင်မင်နှစ်လိုဖွယ်ကောင်းသော သူငယ်ချင်းတစ်ယောက်မဟုတ်သလို ကျွန်မအတွက်လည်း သူတို့သည် သူစိမ်းအဖြစ် ပို၍ပို၍ ဝေးကွာသွားခဲ့ရသည်။ သို့နှင့် ကျွန်မအလိုလို မပိုင်ဆိုင်နိုင်ခဲ့သော ဂုဏ်ပုဒ်မှာ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှ “ လူချစ်လူခင်များမှု ” ဆိုသော အရေးပါသော ဂုဏ်ပုဒ်တစ်ခု ဖြစ်နေခဲ့သည် ။
စိတ်ဓါတ်ပျော့ညံ့တတ်သောကျွန်မမှာ… ထူးဆန်းတာက … တစ်ခါတစ်ရံ ခေါင်းမာတတ်တာ ဖြစ်သည်။ ကိုယ်မှန်သည်ထင်သည့် ကိစ္စရပ်တွေမှာ အလျော့မပေးတတ်မှုကြောင့် ပျော့ညံ့သောစိတ်မှာ အကာအရံအခွံမာ ဖုံးလွှမ်းကာ ကိုယ့်ကိုကိုယ် “ စိတ်ဓါတ်ခိုင်မာသူ ” အဖြစ် တွေးယူလို့ရခဲ့သည်။
ကျွန်မသည် ငယ်ငယ်လေးကတည်းက စာအုပ်များနှင့် ရင်နှီးကျွမ်းဝင်ခဲ့ရသည် ။ သုတ ၊ ရသ ၊ ရယ်စရာ အစရှိသဖြင့် စာအုပ်တွေ ဖတ်ရင်း ဖတ်ရင်း ကဗျာနှင့်လည်း မစိမ်းသက်တော့။ အလှအပကို တန်ဖိုးထားသော ကျွန်မက ပန်းချီပုံလေးတွေ ကြည့်ရင်း တစ်ခါတစ်ရံ စာရွက်ဖြူတစ်ရွက်ပေါ်မှာ ပန်းချီတွေ ဆွဲတတ်လာသည်။ စိတ်မှာမွန်းကြပ်စွာ ခံစားရလေတိုင်း … စာရွက်ဖြူတစ်ရွက် ၊ ခဲတံတစ်ချောင်း၊ ခဲဖျက်တစ်တုံးနှင့် ရောင်စုံခဲတံကလေးတွေက ကျွန်မစိတ်ကို ကူညီဖွင့်ဟပေးကြသည်။ အဲသည်လိုနှင့် ကျွန်မမှာ ကဗျာလေးတွေ၊ ကာတွန်းရုပ်ပြောင်ကလေးတွေ ၊ ပန်းချီပုံကလေးတွေ တဖြည်းဖြည်း စုမိလာသည် ။
အရွယ်ရောက်လာတော့ ကျွန်မအရူးအမူးစွဲလမ်းတတ်လာသည်က … ဖိနပ်လှလှလေးများ ဖြစ်သည်။ Accessories ကလေးတွေနှင့် လှလှပပ ဒီဇိုင်းဆင်ထားသော ဖိနပ်ကလေးတွေ၊ ခဲတံဒေါက်ချွန်ချွန်ကလေးတွေ ၊ ကြိုးသိုင်းဖိနပ်မြင့်မြင့်ကလေးတွေ ၊ Slipper ဆိုလျှင် ကွင်းထိုးကလေးတွေ … အစရှိသဖြင့် ကျွန်မ ၀ယ်စုတတ်သည် ။ ကျွန်မအိပ်ခန်းရှိ ဖိနပ်စင်ကလေးမှာ အရောင်စုံ၊ ဒီဇိုင်းစုံ ၊ အနိမ့်အမြင့်စုံ ဖိနပ်ကလေးတွေ များစွာရှိသည် ။
ထိုစင်ကလေးပေါ်မှ Crystal ကျောက်ကလေးတွေ ၊ hand-made ကြိုးကလေးတွေဖြင့် တန်ဆာဆင်ထားသော Accessories အပြည့် ချစ်စဖွယ်ဖိနပ်ကလေးတွေကို ကျွန်မ နှစ်ခြိုက်စွာ စီးလေ့ရှိသည်။ သို့သော် ကျွန်မ၏ ဖိနပ်လေးတွေကို ကျွန်မ သုံးလေးငါးလထက် ပို၍ စီးခွင့်မရခဲ့ပါ။ အထိအရှမခံသော Accessories လေးတွေက တစ်ခုပြီးတစ်ခု ပြုတ်ထွက်ကျွတ်ကျကာ ကျွန်မနှစ်သက်သော ဒီဇိုင်းမဟုတ်တော့ဘဲ ဖိနပ်စင်ကလေး၏ အောက်ဆုံးထပ်သို့ Reject အဖြစ် ရောက်သွားရတော့သည် ။
ခဲတံဒေါက်ချွန်ချွန်ကလေးတွေကိုတော့ ကျွန်မ ပွဲလမ်းတွေ သွားမှသာ ကြော့ကြော့မော့မော့ စီးသွားလေ့ရှိသည်။ သူတို့က ထသွားထလာ ပေါ့ပေါ့ပါးပါးစီးရန် သိပ်အဆင်မပြေသည့်အပြင် အင်မတန်မြင့်ပြီး ချွန်ထက်သေးငယ်သော ဒေါက်တွေက ကျွန်မ၏ လုပ်ငန်းဆောင်တာတွေကို နှေးကွေးလေးလံစေသည်။ အင်မတန် စမတ်ကျ၍ ကျွန်မသိပ်သဘောကျရသော်လည်း ခဲတံဒေါက်ချွန်ဖိနပ်ကလေးတွေကို အခါများစွာအတွက် ကျွန်မရွေးချယ်လေ့မရှိခဲ့ပါ ။
ကျောင်းနှင့်ကျူရှင် အပြေးအလွှားတက်ရသည့် အချိန်တွေတုန်းကတော့ ကျွန်မအရူးအမူးစွဲလမ်းသည့် ဒီဇိုင်းပုံစံမျိုး မဟုတ်ပေမယ့် အင်မတန်ခိုင်ခံ့သော ဖိနပ်မျိုးကို ရွေးချယ်စီးခဲ့ရသည်။ နှစ်သောင်းခွဲ ၊ သုံးသောင်းပေးရသော ဖိနပ် Brand မျိုးတွေက ပုံမဆန်းပေမယ့် အတော့်ကို သက်တောင့်သက်သာနှင့် သွားလာလှုပ်ရှားမှုတွေမှာ တစ်သားတည်းထပ်တူကျကာ ကျွန်မကို ၀န်မပိုစေခဲ့တာတော့ သေချာသည်။
ခံစားတတ်သော နှလုံးသားနှင့်ကျွန်မ တစ်ခါတစ်ရံ တွေးမိသည်။
“ အချစ် ”ဆိုတာ ကျွန်မ မက်မောခုံမင်ခဲ့သော ဖိနပ်ကလေးတွေလိုပဲလား … ။
တစ်ခါက … အရောင်အသွေး၊ ဒီဇိုင်းပုံစံ အလွန်စမတ်ကျကျ လှပခမ်းနားသော ဖိနပ်ကလေးတစ်ရံကို ကျွန်မ ကုန်တိုက်တစ်ခုက ဖိနပ်Show Room ကောင်တာ တစ်ခုမှာ တွေ့ရှိခဲ့သည်။ ဖိနပ်ကလေးက ဈေးနှုန်းလည်းမြင့်မားကာ ခိုင်ခံ့မှုလည်း ရှိမည့်ပုံစံမျိုး ။ ဖိနပ်တင်သည့် စင်ကလေးပေါ်က ဒေါက်နှစ်ဖက်ပေါ်မှာ ထိုဖိနပ်ကလေးတစ်ရံကို ဘယ်လိုကြည့်ကြည့် ကျွန်မ ငေးလို့မ၀။ ဘယ်လောက်ဈေးကြီးကြီး ကျွန်မ၀ယ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည် ။
ဒီလိုနှင့် ကျွန်မ … ဆိုင်က အရောင်းဝန်ထမ်းကောင်မလေးကို လှမ်းပြကာ… အစမ်းစီးကြည့်ဖို့ ပြင်သည်။ ကျွန်မလက်ထဲ ထိုဖိနပ်ကလေးကို စီးကြည့်ဖို့ မြှောက်ကိုင်ယူလိုက်သောအခါ ကျွန်မ၏ဆုံးဖြတ်ချက်တွေ ပိုခိုင်မာသွားသယောင် ။ ထိုဖိနပ်ကလေးကို ကျွန်မအရမ်းနှစ်ခြိုက်နေတာ ပိုလို့ သေချာသွားရသည်။
သို့သော် ကျွန်မ ကတ္တီပါအခင်းလေးပေါ် ဖိနပ်ကလေးကို အကျအနချကာ ဘယ်ဘက်ခြေထောက်တစ်ဖက် လျှိုဝင်လိုက်သောအခါ … ခြေဖ၀ါးအလယ်လောက်မှာ အထာမကျမှုကို ကျွန်မ ခံစားလိုက်ရသည်။ ဖိနပ်၏ ဒေါက်က ဖိနပ်ဦးရှေ့ထက် အရမ်းမြင့်မားနေခြင်းဖြစ်သည်။ ကြာရှည်စီးလျှင် ခါးကို နာကျင်ဒဏ်ထိစေမှာ သေချာနေပြီ။ ဖိနပ်ကလေးက ချောမွတ်ပြောင်လက်နေကာ ခြေဖ၀ါးအောက် အထိအတွေ့ကမူ နုမွအိညက်နေသည်။
ကျွန်မ အနည်းငယ် စိတ်မကောင်းဖြစ်ပြီး တွေဝေသွားရသည်။ ကျွန်မအလွန် နှစ်သက်သော ဒီဇိုင်းကလေးမှ စီးရတာ အဆင်မပြေဖြစ်ရလေခြင်း … ။ ထို့နောက် ညာဘက်ပါ စုံစီးကြည့်လိုက်သောအခါ လေးလက်မခန့်ရှိသော ဒေါက်ချွန်ချွန်ကြောင့် ကျွန်မအရပ်ပိုမြင့်မားသွားကာ မှန်ရှေ့မှာ ရပ်ကြည့်မိတော့ ဖိနပ်ကလေးနှင့် အလွန်စတိုင်လ်ကျ လှပသော ကျွန်မ၏ ပုံရိပ်ကို မြင်ရသည်။
ကျွန်မ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။ ထို့နောက် တစ်လှမ်း၊ နှစ်လှမ်း ၊ သုံးလှမ်း … ခြေလှမ်းတွေ လှမ်းကြည့်သည်။ သတိထားကာ ထိန်းလျှောက်ရတာကလွဲလို့ ကျွန်မကို အချိုးကျခမ်းနားလှပစေတာမို့ နောက်ဆုံးမှာတော့ … ကျွန်မ၏ ပြင်းပြသော စိတ်ဆန္ဒအရ ထိုဖိနပ်ကလေးကို ၀ယ်ယူခဲ့မိသည်။ ထိုဖိနပ်လေးကို လိုချင်တပ်မက်စိတ်ဖြင့် ဈေးဆစ်ဖို့ပင် မေ့လျော့နေခဲ့တာ… ထိုဖိနပ်လေးနှင့်ပတ်သတ်၍ အမှတ်တရတစ်ခု ဖြစ်ပါသည် ။
နောက်ပိုင်းရက်တွေ ကျွန်မ ထိုဖိနပ်ကလေးကို အိမ်မှာ စီးကြည့်သည်။ အစပိုင်းမို့ စီးရတာ အဆင်မပြေတာ ဖြစ်မှာဟု ဖြေသိမ့်ကာ ကျွန်မ အထပ်ထပ်အခါခါ ကြိုးစားစီးကြည့်သည်။ ဘယ်နှစ်ခါစီးကြည့်ကြည့် ကျွန်မနှင့် ထိုဖိနပ်လေး လုံးဝအထာကျမလာခဲ့သောအခါ ကျွန်မ စိတ်မကောင်းဖြစ်လွန်းစွာ လက်လျှော့လိုက်ရသည်။ သို့သော ကျွန်မလုံးဝမစီးဘဲတော့ မနေနိုင်ခဲ့ပါ ။
တစ်နေ့ … သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပွဲတစ်ခုသို့ ကျွန်မ ထိုဖိနပ်လေးကို ၀တ်ဆင်သွားမိသည်။ ဖိနပ်ကလေးက လှပလွန်းတာမို့ သူငယ်ချင်းတွေကပါ သတိထားမိကာ မေးယူရသည်။ ဖိနပ်ကလေးက တကယ့်ကို လှပလွန်းနေခဲ့ပါသည် ။
သို့သော် အပြန်မှာ သူငယ်ချင်းနှင့် ရယ်မောစကားပြောပြီး လှေကားထစ်တွေမှအဆင်း ကျွန်မ တစ်ချက် သတိလွတ်သွားချိန်မှာ … ခြေခေါက်လဲတော့သည်။ ကျွန်မ၏ ခြေချင်းဝတ်ခေါက်သွားသည့်အပြင် ဖိနပ်ကလေး၏ ဒေါက်တစ်ဖက်ပါ အနည်းငယ် ပွန်းပဲ့အက်ရှသွားခဲ့သည်။
ခြေထောက်မှ နာကျင်သည့်ဒဏ်နှင့်အတူ ကျွန်မ၏ ဖိနပ်ကလေးကို ကျွန်မ နှမြောတသခြင်းကြီးစွာ ဖြစ်ရသည်။ အဲသည်နောက်မှာတော့ … ထိုဖိနပ်ကလေးကို ကျွန်မဖိနပ်စင်၏ အမြင့်ဆုံးထပ်မှာပဲ နေရာချထား ပေးဖြစ်ခဲ့တော့သည်။ ထို့နောက် ဖိနပ်ဒီဇိုင်းမျိုးစုံ အသစ်၊အသစ်တွေ ထပ်မံပေါ်ပေါက်လာခဲ့ပေမယ့် ထိုဖိနပ်ကလေးကို ကျွန်မ မစွန့်ပစ်နိုင်ခဲ့ပါ။ ၀တ်လည်းမ၀တ်ဆင်ဖြစ်ဘဲ အခန်းအ၀င်အထွက်မှာ တစ်နေ့နှစ်ခေါက် သုံးခေါက်လောက်တော့ ငေးကြည့်မိဆဲ ၊ နှစ်ခြိုက်မိဆဲလည်း ဖြစ်လေသည် ။
ဟိုတစ်နေ့ကတော့ … ကျွန်မ အိပ်မက်တစ်ခုမက်သည် ။ ကျွန်မ၏ စာကြည့်စားပွဲပေါ်မှာ ကျွန်မ ပန်းချီပုံလေးတစ်ပုံ ဆွဲနေမိတုန်း .. ဖိနပ်ကလေး ကျွန်မဆီ ရောက်ရှိလာခဲ့သည်တဲ့ …။ ဖိနပ်ကလေးက ကျွန်မငေးကြည့်နေမိတုန်းမှာပဲ လူသားတစ်ယောက်အသွင် ပြောင်းသွားခဲ့သည်။ သူက …. ကျွန်မဆီ တရွေ့ရွေ့ လှမ်းလျှောက်လာကာ ကျွန်မ၏ ဆွဲလက်စပုံကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက် လက်ပိုက်ရင်း ကျွန်မ၏ မျက်ဝန်းတွေထဲကို စိုက်ကြည့်လာသည် ။
သူ့မျက်ဝန်းတွေမှာ ကျွန်မကို မကျေနပ်သည့် အရိပ်အယောင်တွေ ပြည့်နှက်နေသည်ဆိုတာ သူမ အံ့သြတကြီး မြင်တွေ့လာရသည်။
“ ငါ့ ဒီဇိုင်း နဲ့ ငါ့ အရောင်လေးကို လက်မလွှတ်နိုင်အောင် ၀ယ်ချလာခဲ့ပြီး .. အခုမှ ငါ့ကို လျစ်လျူရှုထားတာ ဘာလို့လဲ ”
ဖိနပ်ကလေးလိုပဲ သန့်ပြန့်စမတ်ကျသော ကောင်ကလေး၏ နှုတ်ခမ်းဖျားလေးတွေမှ ထွက်ကျလာသော စကားသံအချို့ကြောင့် သူမ ဆတ်ခနဲ တုန်လှုပ်သွားရသည်။
သူမ ဘာမှပြန်မပြောနိုင်ခင်မှာပင် …
“ ငါ့ကို ချောင်ထိုးထားမယ့်အစား .. မ၀ယ်ခဲ့ရင် ပိုကောင်းမယ် ။ အဲဒါဆို ငါ့ကို တမက်တမော ခုံခုံမင်မင်နဲ့ စီးတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ နေရတာမှ ငါ့ဘ၀ အဓိပ္ပါယ် ရှိလိမ့်ဦးမယ် ။ ဒါမှမဟုတ် … ”
သူက စကားခဏရပ်ပြီး သူမကို မယုံသင်္ကာမျက်ဝန်းများဖြင့် -
“ ဟိုတုန်းက ပွဲတစ်ခုမှာ ချော်လဲတုန်းက ဖိနပ်လေး ပွန်းပဲ့သွားလို့ မစီးတော့တာလား ။ ငါက အနာအဆာလေး နည်းနည်းနဲ့ ပြီးပြည့်စုံမနေတော့လို့လား”
အို … မဟုတ်တာ ဖိနပ်ကလေးရယ် ။ ငါ အရမ်းကြိုက်လွန်းလို့ ကိုယ်နဲ့မတော်တာ ၊ အဆင်မပြေနိုင်တာ သိရက်နဲ့တောင် ဇွတ်ဝယ်ပြီး အပိုင်သိမ်းခဲ့မိတာပါ။ မွေးနေ့ပွဲမှာလည်း မက်မက်မောမောနဲ့ စီးသွားခဲ့တာပါ ။ ဒါပေမယ့် ရှေ့ဆက်ပြီး မစီးဖြစ်ခဲ့တာက … ငါ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှစ်ပတ်လောက်တောင် လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရတာလေ ။ နင့်မှာ အပွန်းအရှ အပြစ်အနာအဆာရှိလို့ မစီးတော့တာဆိုရင် ငါ့ဖိနပ်စင်ရဲ့ အမြင့်တစ်နေရာမှာ စီးလည်းမစီးဘဲနဲ့.. နင့်ကို ဘာလို့ခုချိန်ထိ တယုတယ နေရာပေးထားပါ့မလဲ။ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေဖြစ်ဦးမလဲ .. ဖိနပ်ကလေးရယ် ။
သူမ၏ စိတ်ထဲက စကားသံတွေကို ကြားနိုင်စွမ်းမရှိသော ဖိနပ်ကလေးကတော့ ခေါင်းခါယမ်းရင် သူမဆီမှ တစ်လှမ်းချင်း … နောက်ဆုတ်ကာ ပျောက်ကွယ်သွားတော့သည် ။
သူမ အိပ်မက်မှ လန့်နိုးလာတော့ … ဖိနပ်ကလေးက အခန်းထောင့်က စင်ကလေးပေါ်မှာ အေးစက်ငြိမ်သက်စွာ တည်ရှိနေခဲ့သည်။ သေချာတာကတော့ ခုချိန်ထိ သူမ ထိုဖိနပ်ကလေးကို မစွန့်ပစ်နိုင်သေးသလို ထိုဖိနပ်ကလေးလောက် မက်မက်မောမော နှစ်ခြိုက်ရသော နောက်ထပ် ဖိနပ်ကလေးတစ်ရံ ရှာမတွေ့ခဲ့သေးတာ သေချာလေသည်။
ကျွန်မ၏ အစွဲအလမ်းကြီးတတ်သော စိတ်ကြောင့် ဖြစ်မည်လား …။ ကျွန်မ ဝေခွဲမရသေးပါ ။
ကဲ … သင်ရော ဘ၀ခရီးကို လျှောက်ဖို့ မက်မက်မောမောနှစ်ခြိုက်ခုံမင်တဲ့ ဖိနပ်ကလေးတစ်ရံကို ရှာတွေ့ခဲ့ပြီလား ။
အဲသည် ဖိနပ်ကလေးဟာ သင် လျှောက်ရမယ့်လမ်းတွေအတွက် သက်တောင့်သက်သာနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင် အဆင်ပြေစေရဲ့ ..လား ။
တကယ်တမ်းတော့ .. သဘာဝကကို နုနယ်သော စိတ်ထားကို ပိုင်ဆိုင်သည့် မိန်းကလေးတွေအတွက် ရှေ့ဆက်လျှောက်ရမည့် ခရောင်းလမ်းလား ၊ ပန်းခင်းလမ်းလား မသေချာသော ဘ၀ခရီးအတွက် … ဖိနပ်ကလေးတစ်ရံတော့ … လိုကောင်းလိုအပ်ပါလိမ့်မည် ။
ကိုယ့်လိုအပ်ချက်နှင့် ကိုက်ညီသော ဖိနပ်ကလေးတစ်ရံကို ဘ၀ခရီးလျှောက်မည့် လူသားတိုင်း စိတ်ချမ်းမြေ့ဖွယ် ပိုင်ဆိုင်နိုင်ပါစေဟု .. ကျွန်မ ဆန္ဒပြုမိသည် ။
တစ်ခါတစ်ရံတော့ “ ဖိနပ်ကောင်းကောင်းလှလှလေးတစ်ရံ ”ဆိုတာ တစ်စုံတစ်ယောက်ကို မြင့်မားခမ်းနားလှပသော ၊ သာယာပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် လမ်းကလေးတွေကို နင်းလျှောက်ဖို့ ခေါ်ဆောင်သွားစေတတ်သည် … လေ ။
(Feb 14th ,2012 Valentine's Day အမှတ်တရ )
"လေပြည်ချမ်းချမ်း "
7th February , 2012!
22:51 pm : Tuesday !
Comments
Post a Comment