Skip to main content

" အိမ် "


" အိမ် "


မေတ္တာကွန်ရက်တွေ

ချိတ်ဆက်ထားတဲ့ …

ကောင်းကင်ပြာပြာအောက်က

သစ်ပင်လေး တစ်ပင်နဲ့ တူတဲ့ “ အိမ် ” ။


နေခြည်နွေးနွေး ဖြန်းထားတဲ့

နေကြာပန်းပွင့်တွေလို ၊

လရောင်ဆမ်းထားတဲ့

ကုမုဒြာကြာပန်း လို

ငယ်ဘ၀လေး … ဟာ

အဲဒီမှာပဲ နွေးထွေးစွာ ချော့သိပ်ခံခဲ့ရတယ် ။


စိန်ခေါ်မှုတွေ လက်ကမ်းကြိုတိုင်း

တုံ့နှေးလို့ မဖြစ်တဲ့

ဘ၀ရဲ့ စစ်မြေပြင်မှာ …

အနိုင်ရနေတဲ့ …

စစ်သူကြီးတစ်ယောက် ကို

တံခါးဖွင့် ကြိုဆိုတတ် … သလို ၊


ရှုံးနိမ့်မှုတွေ ရင်ဆိုင်ရတိုင်း

အပြုံးမပျက် … ၊

အိမ်ပြန်လမ်းမထက်

နွေးထွေးတဲ့ လက်တွေနဲ့

စောင့်ကြိုနေတတ်ခဲ့ … တာပါ ။


ခက်ခဲပင်ပန်းတဲ့ ဘ၀လမ်းတွေထဲ

ဘယ်လောက်ဝေးဝေး

နင်းလျှောက်ခဲ့ … နင်းလျှောက်ခဲ့ ၊

လမ်းလျှောက်ရင်း လမ်းပျောက်တိုင်း

အိမ်ပြေးကလေးတွေ တမ်းတတတ်တဲ့

အလုံခြုံဆုံး....

အရိပ်စစ်ကလေးလည်း ဖြစ်တယ် ။


ဝင်ရိုးစွန်းနှစ်ဖက်လို

တောင် နှင့် မြောက် အစွန်းကိုရောက်နေလည်း

ရိုးရိုးသားသား

ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်လာတဲ့ … အခါ ၊

သမာသမတ်ကျကျ

ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်ရတဲ့ … အခါ၊

တည်ကြည်ဖြောင့်မတ်တဲ့ ဂုဏ်နဲ့

လူ့ဘောင်ကောင်းကျိုး

ထမ်းရွက်သယ်ပိုး နိုင်လာတဲ့ … အခါ ၊


မြင့်မားလာတဲ့ သင့်ရဲ့တန်ဖိုးနဲ့အတူ

အဝေးကအိမ်ကလေးဟာလည်း

ရောင်ပြန်ဟပ်တဲ့ အလင်းနဲ့

တောက်..ပ..ဂုဏ်..တင့်..နေ..တော့..မှာ ။


“ အိမ်ကလေး ”

အမြဲ .. ထာဝရ ..ချမ်းမြေ့ပျော်ရွှင်ပါစေ ။ ။



“ လေပြည်ချမ်းချမ်း ”[barbie]
7 February 2012

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´